တစ်ဦးနှင့်တစ်ဦး နားလည်မှု မပေးနိုင်လျင်စစ်မှန်သော ဒီမိုကရေစီ
မထူထောင်နိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ဇန်န ၀ါရီလ
၎ ရက်တွင် ပြုလုပ်သော (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်မှ ပါတီဝင်များ၊ ၀ါရင့်နိုင်ငံရေးသမားများ၊ သံတမန်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့ အခမ်းအနားမိန့်ခွန်း ပြောကြားရာတွင် ''လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေး အဓိပ္ပာယ်ကို အမြဲ ပြန်သုံးသပ်ဖို့ လိုမယ်လို့ ကျွန်မထင်ပါတယ်။
လွတ်လပ်ရေးဆိုတာ ဗမာလိုကျတော့ လွတ်လပ်ရေးလို့ပဲ ခေါ်တာပေါ့။ အင်္ဂလိပ်ဘာသာမှာကျတော့ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ရေးရတဲ့နေ့ဆိုရင် Independence Day လို့ ခေါ်တယ်။ လွတ်လပ်တယ်ဆိုတာနဲ့ Freedom နဲ့ နည်းနည်း ကွာခြားတယ်ဆိုတာကို ကျွန်မထောက်ပြချင်ပါတယ်။
Independence ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကိုယ့်အားကိုယ်ကိုးနိုင်တာ ကိုယ့်ခြေထောက်ပေါ်ကိုယ် မတ်မတ်ရပ်နိုင်တာ။ လူလားမြောက်လာတယ်ဆိုတဲ့ အခြေအနေဆိုတဲ့ သဘောတရားလည်း ပါပါတယ်။
လွတ်လပ်ရုံနဲ့ မကပါဘူး။ ရိုးရိုး လွတ်လပ်ပြီးတော့ ကိုယ့်ရဲ့ခြေ ထောက်ပေါ် မတ်တပ်မရပ်နိုင်ဘူး၊ ကိုယ့်အားကိုယ် မကိုးနိုင်ဘူး။ သူများကို မှီတင်းနေရတယ်ဆိုရင် လွတ်လပ်တယ်ဆိုပြီးတော့ နိုင်ငံရေးအရ ပြောလို့မရပါဘူး။
ကျွန်မတို့နိုင်ငံဟာ တကယ်လွတ်လပ်တဲ့ နိုင်ငံဖြစ်ပြီလားဆိုရင် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားအားလုံး လူလားမြောက်ဖို့ လိုပါတယ်။ နိုင်ငံသူနိုင်ငံသားများ လူလားမြောက်မှ နိုင်ငံတော် လူလားမြောက်တယ်လို့ ပြောနိုင်မှာပါ။
နိုင်ငံလူလားမြောက်မှ တကယ်လွတ်လပ်တယ်လို့ ပြောနိုင်မှာပါ''ဟု ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ''ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီးသား ဖြစ်ပါတယ် ပဋိပက္ခ ဖြေရှင်းရေးအခြေခံက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားဖို့ ဖြစ်တယ်။
ကိုယ်နဲ့မတူတဲ့ အတွေးခေါ်တွေကို မလေးစားနိုင်ရင် ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို နားလည်မှုမပေးနိုင်ရင် ကျွန်မတို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ မထူထောင်နိုင်ပါဘူး''ဟု ထည့်သွင်း ပြောကြားခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ ရှစ်လေးလုံး အရေးတော်ပုံတွင် ကျဆုံးခဲ့သူများအတွက် ရှစ်စက္ကန့် ငြိမ်သက်ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်လပ်ရေး ကြေညာစာတမ်းကို ဦးဟံသာမြင့်က ဖတ်ကြားခဲ့ပြီး ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် ကမန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ အဖွဲ့ချုပ်သို့ ပေးပို့သော သ၀ဏ်လွှာများကို မှတ်တမ်း တင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၆၅ နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားတွင် သီးလေးသီးအငြိမ့်နှင့် ဖျော်ဖြေမှုပြုလုပ်ခဲ့သည်။
Eleven Media Group

0 comments:
Post a Comment