၉၄ ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီး အသင်းမှ ဘောလုံးသမား အများစု ပါဝင်မည့်
အသင်းသည် လာမည့် ဇန်န၀ါရီ တတိယပတ် အတွင်း ရန်ကုန်မြို့တွင် ခြေစမ်းပွဲ
တစ်ပွဲ လာရောက် ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
“ခြေစမ်းပွဲက ဇန်န၀ါရီ ၂၁ (သို့မဟုတ်) ၂၂ ရက်မှာ ဖြစ်ပါမယ်။ ၉၄
ကမ္ဘာ့ဖလား ချန်ပီယံအသင်းက နာမည်ကြီးတွေဆိုရင် ကာဖူး၊ ရောဘတ်တို ကားလို့စ်၊
ဘီဘတ်တို၊ ရိုမာရီယိုနဲ့ အခြား ဘရာဇီး လက်ရွေးစင်ဟောင်းတွေရယ် နောက်ဂျာမနီ
အသင်း လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ်လည်း ပါလာမယ်လို့
သိရတယ်”ဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးကပြောသည်။
ဘရာဇီး လက်ရွေးစင်ဟောင်းများ ပါဝင်မည့် အသင်းသည် ရန်ကုန်မြို့သို့
ဇန်န၀ါရီလ ၂၀ ရက်တွင် ရောက်ရှိမည် ဖြစ်ကြောင်းနှင့် ၉၃ ငွေတံဆိပ်ရ အသင်းမှ
မြန်မာ့ လက်ရွေးစင် ကစားသမားဟောင်းများ၊ လက်ရွေးစင်ဟောင်းများနှင့် လက်ရှိ လက်ရွေးစင်အချို့ ပါဝင်မည့် (ညွန့်ပေါင်း) အသင်းနှင့် ခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ဒီဇင်ဘာ ၂၈ ရက်က ပြောသည်။
ဘရာဇီး လက်ရွေးစင်ဟောင်းများသည် ရန်ကုန်မြို့တွင် သုံးရက်ခန့်
နေထိုင်စဉ် ကာလအတွင်း မြန်မာ လူငယ်လေးများ အတွက် ဘောလုံး အားကစား
နည်းများနှင့် ပတ်သက်၍ သင်ကြား ပို့ချသွားရန်ရှိပြီး မြန်မာ
ပရိသတ်များနှင့် ထိတွေ့မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း
အဆိုပါတာဝန်ရှိသူကဆိုသည်။
၎င်းခြေစမ်းပွဲ ဖြစ်ပေါ်လာရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည်
ဘရာဇီးသံရုံး၊ ဘရာဇီး ဘောလုံးအဖွဲ့ချုပ် အပါအ၀င် သက်ဆိုင်ရာ
အဖွဲ့အစည်းများနှင့် ချိတ်ဆက် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
7 days news


0 comments:
Post a Comment