<div style='background-color: none transparent;'></div>

Home » » Red Link (WiMAX) (၁၀)လုံး မဲဖောက်ကာ လူ(၅)ထောင် ဖိတ်ကြားမည့် နန်းခင်ဇေယျာတွေ့ဆုံပွဲ

Red Link (WiMAX) (၁၀)လုံး မဲဖောက်ကာ လူ(၅)ထောင် ဖိတ်ကြားမည့် နန်းခင်ဇေယျာတွေ့ဆုံပွဲ

ဂျပန်နိုင်ငံ၌ ကျင်းပခဲ့သော Miss  International 2012 ပြိုင်ပွဲတွင်  Miss Internet နှင့် Miss People ’s Choice ဆု(၂) ဆုကိုလက်ခံရယူခဲ့သူ နန်းခင်ဇေယျာက  သူမအား အားပေးပံ့ပိုးခဲ့သော ပရိတ်သတ် များနှင့် တွေ့ဆုံမည့် အစီအစဉ်ကို နိုဝင်ဘာလ (၂၃)ရက်နေ့ ညနေ(၄) နာရီ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်သွားမည် ဖြစ်သည်။


“ညီမကိုအပင်ပန်းခံပြီး အားပေးပံ့ပိုးခဲ့ကြတဲ့ ပရိတ်သတ်ကြီးနဲ့ ညီမဆုံတွေ့ကြမယ့် ပွဲလေးရဲ့အစီအစဉ်(အကြမ်း)လေးကို ညီမဖော်ပြ ထားပါတယ်”ဟု နန်းခင်ဇေယျာက သူမ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။


ပရိတ်သတ်များနှင့် တွေ့ဆုံမည့်ပွဲတွင် ပရိတ်သတ်များနှင့် ဓာတ်ပုံတွဲရိုက်မည့် အစီအစဉ်၊ ဖျော်ဖြေရေးအစီအစဉ်၊ Celebrity Interview အစီအစဉ်နှင့် တက်ရောက်လာသော ပရိတ်သတ်များထဲမှ (၁၀)ဦးအား RedLink Broadband WiMAX (Silver Plan) စက်နှင့် တစ်နှစ်သုံးစွဲခွင့် အားကံစမ်းမဲဖောက်ပေးခြင်းအပါအဝင် စုစုပေါင်း အစီအစဉ်(၁၀)ခု ပါဝင်မည်ဖြစ်သည်။



“ညီမရဲ့ ပရိတ်သတ်အားလုံးကို ဖိတ်ချင်ပေမယ့် နေရာအခက်အခဲကြောင့် နိုင်သလောက်ကိုပဲ ဖိတ်ရမှာကို နားလည်   ပေးကြပါရှင့်။ လောလောဆယ်တော့ လူ ၅၀၀၀ လောက်ကို ဖိတ်ဖို့ စီစဉ်ထားပါတယ်”ဟု နန်းခင်ဇေယျာကပြောသည်။





အဆိုပါတွေ့ဆုံပွဲသို့ ပရိတ်သတ်များအားလုံးကို ပါဝင်စေချင်သောလည်း နေရာအခက်အခဲနှင့် တက်ရောက်လိုသည့် လူဦးရေများပြားသောကြောင့် ပရိတ်သတ်များအား မဲနှိုက်ရွေးချယ်၍ ဖိတ်ကြားသွားမည်ဖြစ်ပြီး တက်ရောက်လိုသော ပရိတ်သတ်များအနေဖြင့် နန်းခင်ဇေယျာ၏အီးမေးလ်အကောင့်ဖြစ်သော nangkhinzayyar@gmail.com သို့ အမည်၊ မှတ်ပုံတင်အမှတ်များကို ရေးသားပေးပို့နိုင်ကြောင်း သိရသည်။


“ပွဲကိုတော့ သွားချင်ပါတယ်။ အစီအစဉ်လဲရှိပါတယ်။ သူငယ်ချင်းတွေလဲပါတယ်။ ဖိတ်တာခံရရင်တော့ ကောင်းတာပေါ့ ။ မောက်စ့်(Mouse) ဖိုး အကြွေးတွေ သွားတောင်း မလို့လေ”ဟု နန်းခင်ဇေယျာအား vote ပေးခဲ့သော ပရိတ်သတ်တစ်ဦးက ရယ်လျက်ပြောသည်။



အဆိုပါပွဲအတွက်လက်မှတ်ရောင်းချခြင်းမပြုလုပ်ပဲ မေတ္တာလက်မှတ်များသာ
 ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


 ကျော်ဇင်မန်း(မြစ်မခ)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map