ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက် စော်ကားခဲ့မှုအပေါ် ကျူးလွန်ခဲ့သူ
ဂျပန်နိုင်ငံသားမှ ဝန်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေ ပေးအပ်ခဲ့သည့်
သိန်း ၁၃၀ အနက် သိန်း ၁၀၀ အား လူမှုအဖွဲ့အစည်းများသို့ ပြန်လည်
လှူဒါန်းခဲ့ကြောင်း အော့ခ်ခစ် ဟိုတယ်ဝန်ထမ်း မအေးအေးကြည်က
ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ “သိန်း ၁၃၀ မှာ သိန်း ၃၀ က တရားရေး စရိတ်အဖြစ်
ဟိုတယ်က စိုက်ပေးထားတဲ့ငွေမို့ ဟိုတယ်ကို ပြန်ပေးတာပါ။
ကျန်တဲ့သိန်းတစ်ရာကို ညီမပိုင်ငွေမို့ အားလုံး လှူဒါန်းခဲ့ပါတယ်” ဟု
မအေးအေးကြည်က ပြောသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်က ဟိုတယ်သို့ လာရောက်တည်းခိုသည့် ဂျပန် နိုင်ငံသား မစ္စတာ အိုကာအာဂျီတာကာရှီမှ ပြင်ပမှ အမျိုးသမီး တစ်ဦးကို ဟိုတယ်သို့ ခေါ်ဆောင်လာသည့်အတွက် ဟိုတယ်စည်းကမ်းနှင့် မညီသဖြင့် တားမြစ်ခဲ့သည်တွင် ဂျပန်နိုင်ငံသားမှ မအေးအေးကြည်အား ကိုယ်ထိလက်ရောက် (ပါးရိုက်ခဲ့) စော်ကားခဲ့ခြင်းအတွက် နှစ်ဦးနှစ်ဖက် တရားရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
“အခုလို ၁၀ လကျော် တစ်နှစ်နီးပါး ဘာကြောင့် တရားရင်ဆိုင်ခဲ့ရသလဲဆိုရင် ညီမလို မဟုတ်ဘဲ ဆင်းရဲနွမ်းပါးပြီး ဘာမှ အသိဉာဏ် မရှိတဲ့ မိန်းကလေးတွေဆိုရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ စိတ်ခံစားမှုနဲ့ လုပ်ဖြစ်တာပါ။ မြန်မာမိန်းကလေးကို ဘယ်နိုင်ငံခြားသားကမှ ကိုယ်ထိလက်ရောက် စော်ကားလို့ မရဘူးဆိုတာကို သိစေချင်လို့ပါ” ဟု ၎င်းကပြောကြားသည်။
အဆိုပါ ကိစ္စရပ်များအတွက် ဝန်ချတောင်းပန်မှုကို အော့ခ်ခစ်ဟိုတယ်ခန်းမတွင် အောက်တိုဘာလ ၂၃ ရက်က မီဒီယာအချို့နှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် ဂျပန်နိုင်ငံသား မစ္စတာ အိုကာအာဂျီတာကာရှီမှ ယခုလို ဂျပန်နှင့်မြန်မာ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မှားယွင်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါကြောင်း ကာယကံရှင် မအေးအေးကြည်အား တောင်းပန် စကားဆိုခဲ့သည်။
“လူအများရှေ့မှာ အခုလို တောင်းပန်တဲ့အတွက် ညီမအနေနဲ့ ကျေနပ်ပါတယ်” ဟု မအေးအေးကြည်က အဆိုပါ ကိစ္စအပေါ် သူ့ခံစားမှုကို ပြောသည်။
နစ်နာကြေးရရှိခဲ့သည့် ငွေများအနက် ငွေသိန်း ၁၀၀ အား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် ယင်းလက်အောက်ရှိ သားဖွားခန်း တည်ဆောက်ရေးအတွက်၊ မျက်မမြင်ကျောင်း၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၊ နာရေးကူညီမှုအသင်း၊ မြသိန်းတန် ဘုန်းတော်ကြီးကျောင်းနှင့် လက်ခုပ်ကုန်း တိုက်နယ်ဆေးရုံများသို့ ငွေကျပ် ၁၀ သိန်းစီ အသီးသီး ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
news.yatanarpon.com.mm

0 comments:
Post a Comment