<div style='background-color: none transparent;'></div>

Home » » မိသားစုအစဉ်အဆက် ကိုးကွယ်ထိန်းသိမ်းခဲ့သော ဗုဒ္ဓမြတ်အံတော်တစ်ဆူအား အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရန်အတွက် နေပြည်တော်သို့ ပင့်ဆောင်ပူဇော်သွားရန်ရှိ

မိသားစုအစဉ်အဆက် ကိုးကွယ်ထိန်းသိမ်းခဲ့သော ဗုဒ္ဓမြတ်အံတော်တစ်ဆူအား အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရန်အတွက် နေပြည်တော်သို့ ပင့်ဆောင်ပူဇော်သွားရန်ရှိ

ဗုဒ္ဓအံတော်တစ်ဆူနှင့် ရွှေဖလားကို ဖူးတွေ့ရစဉ်
လွန်ခဲ့သော နှစ်ပေါင်း၅၀ကျော်က ဖူးမြင်တွေ့ရှိခဲ့ပြီး မိဘဘိုးဘွားအစဉ်အဆက် ကိုးကွယ်ထိန်းသိမ်းခဲ့သော ဗုဒ္ဓမြတ်အံတော်တစ်ဆူကို အများပြည်သူကိုးကွယ်ပူဇော်နိုင်ရန်အတွက် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ကြီးတွင် တည်ထားကိုး ကွယ်နိုင်ရန် မန္တလေးမြို့မှ ပင့်ဆောင်ပူဇော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖူးမြင်တွေ့ရှိရသော ဗုဒ္ဓမြတ်အံတော်မှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာနေ တိုင်းရင်းဆေးဆရာများဖြစ်ကြသော ဦးရန်အေးနှင့် ဦးသန်းလွင်တို့ သူငယ်ချင်းနှစ်ဦးသည် ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်အတွင်း ခရီးသွားကြစဉ် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသောစေတီကြီးတစ်ဆူအား တွေ့မြင်ခဲ့ကြသည်။ ထိုကဲ့သို့ တွေ့မြင်ရာမှ ဘုရားဌာပနာအဖြစ်ထားရှိသော ဗုဒ္ဓအံတော်ပါ ရွှေဖလားတစ်လုံးကို ဦးသန်းလွင်မှတွေ့မြင်ရရှိခဲ့ပြီး ဦးရန်အေးမှအံတော်ကို အသက်ထက်ဆုံး ထိန်းသိမ်းပူဇော်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓမြတ်အံတော်အား ဦးရန်အေး၏သမီးကြီးဖြစ်သူ ပုသိမ်ကြီးမြို့နယ်နေ ဒေါ်မျိုးမှ ဆက်လက်ထိန်းသိမ်းကိုးကွယ်ခဲ့ပြီး ယခုအခါအများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် သက်ဆိုင်ရာအစီစဉ်ဖြင့် နေပြည်တော်သို့ ပင့်ဆောင်ကိုးကွယ်သွားမည်ဖြစ်သည်။
''အဖေနဲ့ သူ့သူငယ်ချင်းဦးသန်းလွင်တို့က တိုင်းရင်းဆေးဆရာတွေဖြစ်တာမို့ ခင်ဦးနဲ့ ရေဦးနယ်တစ်ဝိုက်မှာ ဆေးဥဆေးမြစ်ရှာကြရင်း ငလျင်ဒဏ်ကြောင့် ပြိုကျနေတဲ့ ဘုရားစေတီကြီးတစ်ဆူကို ဖူးမြင်ကြရာကနေ အဖေက အံတော်ကိုပင့်ဆောင်ပြီး သူ့အသက်ထက်ဆုံး ကိုးကွယ်ထိန်းသိမ်းခဲ့ပါတယ်။ အဖေဆုံးပြီးတဲ့နောက်မှာ သမီးကြီးဖြစ်တဲ့ကျွန်မက ဆက်လက်ကိုးကွယ် ထိန်းသိမ်းထားခဲ့ပါတယ်။ အခုအခါမှာ အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်အောင် နိုင်ငံတော်ကို လှူဒါန်းတာပါ''ဟု အံတော်အလှူရှင် ပုသိမ်ကြီးမြို့နယ် စည်သာယာရပ်ကွက်နေ ဒေါ်မျိုးက ပြောကြားပါသည်။
ယခုလှူဒါန်းသော ဗုဒ္ဓမြတ်အံတော်အား နိုင်ငံတော်အစီအစဉ်ဖြင့် အများပြည်သူဖူးမြော်ကြည်ညိုနိုင်ရန် သက်ဆိုင်ရာမှ ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map