<div style='background-color: none transparent;'></div>

Home » » မာနကြီး တာတွေကို ရှောင်နေတယ်ဆိုတဲ့မိုးဟေကို

မာနကြီး တာတွေကို ရှောင်နေတယ်ဆိုတဲ့မိုးဟေကို


မိုးဟေကိုက လတ်တလောမှာ ဟိန်းဝေယံနဲ့ ဗီဒီယို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ အထက်မြန် မာပြည် မှာတော့ မြင့်မြတ်နဲ့ မိုးဟေကို ပါဝင်တဲ့ “အသည်းကွဲနေသည်” ဗီဒီယိုကား ထွက်ထားတယ်လို့ မိုးဟေကိုကပြောတော့ မိုးဟေကိုက ရန်ကုန်မှာ မထွက်သေးတာကြောင့် နယ်ပရိသတ်တွေ အဲဒီကားအပေါ် အားပေးမှု ဘယ်လိုရှိလဲလို့ ပြန်မေးတာကြောင့် ကြိုက်ကြကြောင်းပြောတော့ ကျေနပ်သွားတာ သတိထားမိပါတယ်။
“အသည်း ကွဲနေသည်” ကားမှာတော့ မာနကြီးတဲ့ ပုံစံမျိုး သရုပ်ဆောင်ထားတာ တွေ့ရပြီး အခုနောက်ပိုင်း ထွက်ထားတဲ့ ဇာတ်ကားတွေမှာတော့ မာနကြီးတဲ့ပုံစံမျိုးတွေ သိပ်မတွေ့ရတာမို့ မေးတော့ “အဲဒီပုံစံမျိုးတွေ ရှောင်ထားတာ များတယ်။ ပရိသတ်တွေက တောင်းဆိုရင်တော့ ရိုက်ပေးပါတယ်။
အရင်တုန်းက မာထားတာတွေ များတယ်လေ။ ဒါနဲ့ နောက်ပုံစံ တစ်မျိုးပြောင်း ရိုက်ရတာပါ။ တစ်လိုင်းတည်း မသွားချင်လို့ အမယ်စုံအောင် ရိုက်နေတာပါ” လို့ ပြောပါတယ်။
အမာဇာတ်တွေထက် ဖန်စီပုံစံမျိုးတွေ အရိုက်များနေတယ်လို့ ပြောတဲ့ မိုးဟေကိုက နယ်ပရိသတ်အနေနဲ့ ပြင်ဦးလွင်ပဲ သွားဖြစ်တာကြောင့် အဲဒီက ပရိသတ်တွေက ပွင့်ပွင့်လင်းလင်းနဲ့ သူ့ဇာတ်ကားတွေ ဝေဖန်ကြတယ်လို့ ပြောပြီး မာနကြီးတဲ့ ပုံစံမျိုးတွေ၊ အနိုင်ယူတဲ့ ပုံစံမျိုးတွေ ကြိုက်တယ်လို့ သူ့ပရိသတ်အကြောင်း ပြောပြပါတယ်။ အပြင်မှာတော့ မိုးဟေကိုက မာနမကြီးဘဲ သူ့ပရိသတ်တွေနဲ့ ဖော်ရွေစွာ စကားပြောတတ်ပါတယ်လို့ မိုးဟေကိုက ပြောပြပါတယ်။ မိုးဟေကိုက ရခိုင်ပြည်သူတွေကိုလည်း ရုပ်ရှင်အစည်းအရုံးနဲ့အတူ သွားရောက်လှူဒါန်းခဲ့ပြီး အဲဒီက ပြည်သူတွေကိုမြင်တော့ စိတ်မကောင်းဖြစ်ခဲ့ကြောင်း သူ့အနေနဲ့ အားပေးစကားတွေ ပြောခဲ့ပြီး အနုပညာရှင်တွေ လာတာကြောင့် သူတို့တွေလည်း ပျော်နေကြတယ်လို့ ပြောပြပါတယ်။ ဇွန် ၂၆ ရက်က မိုးဟေကိုရဲ့ မွေးနေ့ပါ။
မွေးနေ့ပွဲဆိုပြီး ကြီးကြီးကျယ်ကျယ် လုပ်တာမတွေ့ရဘဲ ပုံမှန်အလှူအတန်းနဲ့ အေးအေးဆေးဆေး ဖြတ်သန်းတာ တွေ့ရတာမို့မေးတော့ “မိုးက ဟိုအရင် သာမန်ဘဝကတည်းက မွေးနေ့ဆို အေးအေးဆေးဆေးပဲ ဖြတ်သန်းတယ်။ အခုအချိန်မှာလည်း ဒီအတိုင်းပဲ။ မွေးနေ့ဆိုပြီး လုပ်ဖို့ ဝါသနာမပါဘူး။ အခုရော နောက်ရော လုပ်ဖို့မရှိဘူး” လို့ ပြောပြခဲ့ပါတယ်။ မိုးဟေကိုက ဖက်ရှင်ဆိုင် ဖွင့်တုန်းက ပြည်ပကို ဈေးဝယ်မကြာခဏ ထွက်တတ်သူပါ။ ဖက်ရှင်ဆိုင် မဖွင့်တော့တာကြောင့် ပြည်ပဈေးဝယ်ထွက်ရင် သူ့ကားရိုက်အတွက် လိုအပ်တာတွေပဲ ဝယ်ဖြစ်တယ်လို့ ပြောပြပါတယ်။ အနုပညာသမား တော်တော်များများက အနုပညာအပြင် ကျန်တဲ့စီးပွားရေး သိပ်မလုပ်တတ်ဘူး ပြောကြတာများလို့ မိုးဟေရော အဲဒီအထဲမှာ ပါလားမေးတော့
“အဲဒီအထဲမှာတော့ မပါဘူး။ ဘယ်အရာမဆို မသိတာရှိရင် မေးတယ်။ လေ့လာတယ်။ စီးပွားရေး လောကကို ခြေစုံပစ်ဝင်တာတော့ မဟုတ်ဘူး။ အနုပညာပြီးရင် စီးပွားရေးလုပ်တာလည်း မိုးဟေဝါသနာပါပဲ” လို့ပြောပါတယ်။ မိုးဟေကိုက ဇာတ်ကားရိုက်ကူးတဲ့ အခါမှာ အိုက်တင်ကို ကြိုးစားသရုပ်ဆောင်တာကြောင့် အောင်မြင်မှု ရနေတာပါ။ ကံတွေ စန်းတွေအတွက်တော့ မိုးဟေကိုက ဘာသ တရားကို အမြဲလုပ်ဖြစ်ပြီး ပဋ္ဌာန်းအကျယ်နဲ့ မေတ္တာသုတ်ကို အမြဲရွတ်တယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ဗေဒင်မေးတာ ဝါသနာပါပေမယ့် အစွဲအလမ်းကြီးတဲ့ အထဲမှာ မပါသလို၊ မယုံကြည်တဲ့ အထဲမှာလည်း မပါဘဲ ကြားထဲကလို့ ပြောပါတယ်။ ပြည်ပဖျော်ဖြေပွဲ အနေနဲ့ ဂျပန်ကိုသွားဖို့ ကမ်းလှမ်းထားပေမယ့် သူအနေနဲ့ တစ်ယောက်ထဲ မသွားရဲတာကြောင့် Plus 0ne ရရင်တော့ သွားမယ်လို့ ပြောပြခဲ့ပါတယ်။
popular news journal
Share this article :

1 comments:

3rdthameetaw said...

မိုးအကြောင်းလေး ကောင်းကောင်းလေ့လာထားတာပေါ့နော်..
ခုတည်းကလေ ဟိဟိ ကောင်းတယ်..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map