<div style='background-color: none transparent;'></div>
Home » » တင်မိုးလွင်၏ ရန်ကုန် နည်းပညာတက္ကသိုလ် ကျောင်းသူဘဝ

တင်မိုးလွင်၏ ရန်ကုန် နည်းပညာတက္ကသိုလ် ကျောင်းသူဘဝ


“တက္ကသိုလ်ကို ၁၉၈၈ ခုနှစ်မှာ စတက်ပါတယ်။ ၁၉၈၈ ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မှတ်မိနေတဲ့ ကိန်းဂဏန်း တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ တက္ကသိုလ်ကို အရမ်းမျှော်လင့်ထားတဲ့ အချိန်မှာ တက်ပြီးတော့ အချိန်ခဏလေးနေပြီး ပြန်ပိတ်တယ်၊ ပြန်ဖွင့်တယ်၊ ပြီးတော့ အကြာကြီး ပြန်ပိတ်သွားတဲ့နှစ်လည်း ဖြစ်ပါတယ်”
တက္ကသိုလ် တက်စဉ်က ကြုံခဲ့ရတဲ့ အမှတ်ရဖွယ် အခြေအနေတစ်ခုကို ပြောပြနေသူမှာ မြန်မာနိုင်ငံ၏ မော်ဒယ်လ်ခေတ်ဦးတွင် မော်ဒယ်လ်တစ်ဦးအဖြစ် စတင်အောင်မြင်လာခဲ့ပြီး လက်ရှိတွင် မော်ဒယ်လ် သင်တန်းကျောင်း တည်ထောင် သင်တန်းပို့ချ ပေးနေသူ၊ မော်ဒယ်လ် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ၊ အစီအစဉ် တင်ဆက်သူအဖြစ် အောင်မြင်စွာ ရပ်တည်နေသူ တင်မိုးလွင် ဖြစ်သည်။ သူသည် ရန်ကုန် စက်မှုတက္ကသိုလ် Mechanical ဘာသာရပ် အထူးပြုဖြင့် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။
“မမိုးရဲ့ ပထမဆုံး တက္ကသိုလ် စတက်တဲ့ နှစ်မှာပဲ ပထမဦးဆုံး ခဏတက်လိုက်၊ ပြန်ပိတ်လိုက်၊ ခဏတက်လိုက်၊ ပြန်ပိတ်လိုက်နဲ့ သုံးနှစ်ကြာပါတယ်။ ပထမနှစ်မှာတင် သုံးနှစ်ကြာခဲ့တာပေါ့”
ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသူဘဝကို ယင်းသို့သော အချိန်အခါနှင့် အခြေအနေတွင် ဖြတ်သန်းခဲ့သူ၊ တက္ကသိုလ် ကျောင်းသူဘဝကို အချိန်ပိုမို ကြာမြင့်စွာ ဖြတ်သန်းခဲ့ရသော သူ၏ အတွေ့အကြုံများက ခေတ်ကာလ အခြေအနေနှင့် ကျောင်းသားဘဝ၊ ပညာရေးဘဝတို့ကို ဖော်ပြနေ သည်။ သူပြောပြနေသော သူတို့ကျောင်းသားဘဝ၊ သူကိုယ်တိုင်ပြောသော သူတို့ ပညာရေး အကြောင်းမှာ ဤသို့ ...။
“တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရဲ့ ဟန်ပန်တွေ၊ စတိုင်တွေဝင်အောင်လို့ သင်ပေးကြတာပေါ့”
အစ်မတက္ကသိုလ် တက်ခဲ့ရတာက ဆယ်နှစ် ဖြစ်သွားတာပေါ့။ မမိုးတို့ရဲ့ Yangon Institute of Technology က ခြောက်နှစ် တက်ရတယ်။ ပြီးတော့ ခုနက ပြောပြခဲ့တာ ထဲကပေါ့ Delay ဖြစ်တာက သုံးနှစ်ကြာတယ်ဆိုတော့ ကိုးနှစ်ပေါ့။ မမိုးကလည်း Fifth Year မှာ တစ်နှစ်ကျတယ်ဆိုတော့ တက္ကသိုလ်မှာ ဆယ်နှစ်ကြာခဲ့တာပေါ့။ ပထမဦးဆုံး First Year မှာတော့ အရမ်းပျော်ခဲ့တယ်။ မတက်ခင်တုန်းကလည်း အိမ်ကအများကြီး ပြင်ဆင်ပေး၊ ပံ့ပိုးပေးခဲ့တယ်။ အဝတ်အစားကအစ၊ လမ်းလျှောက်ပုံ လျှောက်နည်းကအစ၊ လွယ်အိတ်၊ ကွန်ပါဘူး အကုန်လုံးပေါ့။ တက္ကသိုလ်ကျောင်းသူ တစ်ယောက်ရဲ့ ဟန်တွေပန်တွေ စတိုင်တွေ ဝင်အောင်လို့ သင်ပေးကြတာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီခေတ်တုန်းက ဒီလိုမျိုးတက္ကသိုလ် တက်ရောက်ရတယ်ဆိုတော့ အိမ်ကလည်း ဂုဏ်ယူကြတယ်လေ။ အဲဒီတော့ ပထမနှစ် တက်တက်ချင်း သုံး၊ လေးလလောက်ကတော့ အရမ်းကို ပျော်စရာနဲ့ ဂုဏ်ယူစရာပေါ့နော်။ အဲဒီ နောက်မှာ အရေးအခင်းတွေဖြစ်တော့ အရမ်းကြောက်ပြီးတော့ ကိုယ့်ပညာရေးတောင် ဆုံးခန်းတိုင်ပါ့မလား လို့တောင် စိတ်ပူခဲ့မိပါတယ်။ အကြာကြီး ပိတ်တဲ့အခါကျတော့ ပုံမှန်ဆိုရင် ဘွဲ့ရခါနီး အချိန်၊ ဘွဲ့ရသွားနိုင်လောက်တဲ့ အချိန်မှာ ဒီပထမနှစ်နဲ့ တစ်နေတယ်ဆိုတော့၊ ပြီးတော့ ပညာရေး တိုးလိုးတန်းလန်း ဖြစ်မယ်လို့ ဗေဒင်က ပြောထားတာလေးလည်းရှိတော့ စိတ်ပူတာပေါ့။ ကြားထဲမှာတော့ ပြန်ဖွင့်မလား၊ မဖွင့်မလားဆိုတဲ့ တက္ကသိုလ်ကို မမျှော်လင့်တော့ဘဲ တခြားကိုယ်တက်လို့ရမယ့် ဘာသာတွေ၊ Language သင်တန်းတွေ တက်တယ်။ ကွန်ပျူတာတွေ၊ ပြီးတော့ အိမ်တွင်းမှု ဘာသာတွေ၊ စိုက်ပျိုးရေး ဘာသာတွေ သင်ခဲ့တယ်။ ပြီးတော့မှ ပြန်တက်ခွင့်ရတယ်။
ပြန်တက်ခွင့်ရလို့ ပြန်တက်တဲ့အချိန်မှာ ပထမဆုံး ခံစားမိတာကတော့ စိတ်မကောင်းတာပါပဲ။ သုံး၊ လေး၊ ငါးလလောက် တက်ခဲ့ရတဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ Taste နဲ့ အများကြီး ကွဲပြားခြားနားသွားတယ်။ လူတွေ လျော့သွားတယ်ဆိုတော့ အရမ်းပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်ပိုင်း နှစ်ရှည် ပြန်တက်တဲ့ အချိန်တွေမှာလည်း အထိတ်တလန့် လေးတွေတော့ ကြုံခဲ့ရတာပေါ့။ ဒါပေမဲ့လည်း ကျောင်းပြီးအောင်တော့ ဆက်တက်ခဲ့ပါတယ်။ အဲ့လိုပဲ Fifth Year မှာ ကျတဲ့အခါမှာလည်း အမေကပြောတယ်။ အဲဒီလိုသာ ထပ်ထပ်ကျနေမယ်ဆိုရင် အသက်တွေ ကြီးနေပြီ။ အလုပ်လုပ်ဖို့ နောက်ကျမယ်။ နောက်ပြီး ပညာရေးကလည်း တစ်ခါရပ်တန့်ခဲ့ရ ပြီးပြီပေါ့။ နောက် ပြီးတိုင်းပြည်ရဲ့ အခြေအနေက ဘယ်လို လာဦးမလဲဆိုတာ မသိနိုင်ဘူးပေါ့။ နောက် တစ်ခါထပ်ဖြစ်ရင် ဘွဲ့မရဘဲနေမယ်။ နောက်တစ်ခါတော့ မကျစေနဲ့လို့ ဖိအားတွေပေးတယ်။ ပြောပြတယ်ပေါ့။
“များပြားလှတဲ့ စွယ်တော်တောရှိတယ်”
တက္ကသိုလ်တက်ခဲ့ရတဲ့ တောက်လျှောက်တော့ အရမ်းပျော်ပါတယ်။ ကျောင်းတက်ဖို့ သွားရတာဆိုရင် အရမ်းဝေးပြီးတော့ မမိုးတို့အိမ်က ဘတ်စ်ကား သုံးဆင့်စီးရတယ်။ ရောက်ဖို့ဆိုလည်း အိမ်ကစောစော ထသွားရတယ်။ ကျောင်းဆင်းပြီးလို့ ပြန်လာရင်လည်း တော်တော်နောက်ကျမှ အိမ်ကိုပြန်ရောက်တယ်။ ဒါပေမဲ့လည်း ကျောင်းကို သွားချင်ပါတယ်၊ ဂုဏ်လည်း ယူပါတယ်။ ကိုယ်က အင်ဂျင်နီယာတစ်ယောက် အဖြစ် ရပ်တည်နိုင်မယ့် အင်ဂျင်နီယာ ဘာသာကို သင်ကြားပေးတဲ့ ဒီလိုကျောင်းတော်ကြီးမှာ သင်ယူရတယ်ဆိုတာ တအားဂုဏ်ယူရပါတယ်။ ကိုယ့်ကျောင်းရဲ့ တိုင်လုံးကြီးတွေက အရမ်းကို ခိုင်မာပြီး အဲ့လို ခိုင်မာမှုတွေ ကြည့်ပြီးတော့ ကိုယ့်စိတ်ဓာတ်တွေလည်း ခိုင်မာလာတယ်။ ကိုယ့်ကျောင်းကြီးရဲ့ ကြီးမားတဲ့ အဆောက်အအုံကြီးတွေ ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လည်း အရမ်းကို ထည်ဝါပြီးတော့ Grand ကျတယ်လို့လည်း မြင်လာပါတယ်။
နောက်ပြီးတော့ မမိုးတို့ တက္ကသိုလ်မှာ များပြားလှတဲ့ စွယ်တော်တောရှိတယ်။ အဲလိုမျိုး စွယ်တော်ပင်တွေက တက္ကသိုလ်နယ်မြေ အတွင်းက အမှတ်တရတွေပေါ့။
ကျောင်းဆောင်တိုင်းရဲ့ ကော်ရစ်ဒါတွေဆိုရင် မမိုးတို့ ခြေမချဖူးတဲ့ နေရာမရှိဘူး။ အဲဒီမှာ အမှတ်တရဖြစ်တဲ့ အလေ့အထလေးကတော့ မြားပစ်တဲ့ အလေ့အထလေးပါပဲ။ မကျွမ်းကျင်တဲ့ ကျောင်းသားတွေကတော့ မြားတုံးတုံးလေးတွေနဲ့ပေါ့။ ကျောင်းပြီးချိန် ရောက်လာတာနဲ့အမျှ မြားပစ်တာလည်း တော်တော် ကျွမ်းကျင်လာတယ်။ မြားလုပ်တာလည်း အရမ်းကျွမ်းကျင်လာတယ်။ အဲဒါလေးကတော့ တကယ့် အမှတ်တရပါ။
“အခက်အခဲတွေတော့ ကြုံခဲ့ရတယ်”
အစ်မတို့တုန်းက အဲ့လိုမျိုးတွေ ကြုံတော့ ပညာရေးနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ရမှာလဲဆိုတဲ့ အခက်ခဲတွေတော့ ကြုံခဲ့ရရတယ်။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ ဘာမှပြောလို့ မရဘူးလေ။ အဲ့ဒါနဲ့ ဒီမှာပဲ စိတ်ရှည်ရှည်နဲ့ စောင့်ပြီး စာဆက်သင်မယ်လို့ပဲ ဆုံးဖြတ်ပြီး ဆက်သင်ဖြစ်သွားတာပါ။ မမိုးတို့ ညီအစ်မသုံးယောက် ရှိတဲ့အထဲမှာ ညီမနှစ်ယောက်ကို အမေက နိုင်ငံခြားကို လွှတ်လိုက်တယ်။ မမိုးကတော့ လိုင်းကောင်းတော့ ဒီမှာပဲ ပြန်ဖွင့်နိုး၊ ပြန်ဖွင့်နိုးနဲ့ စောင့်ရင်းနဲ့ ဆက်တက်ဖြစ်သွားတာပေါ့။
“ဘဝတက္ကသိုလ်လို့လည်း သတ်မှတ်ထားပါတယ်”
တက္ကသိုလ်တက်စဉ် အချိန်တုန်းကတော့ ဆရာတွေ၊ ဆရာမတွေ အားပေးမှုကို အများကြီး ရခဲ့ပါတယ်။ ဆရာတွေက မမိုးတို့လို ကျောင်းသူ ကျောင်းသားတွေကို အရမ်းဂရုစိုက်တယ်။ အားလုံးကိုလည်း တစ်ပြေးတည်း၊ တစ်သားတည်း နွေးနွေးထွေးထွေး ဆက်ဆံတယ်။ အရမ်းခက်ခဲတဲ့ ဘာသာရပ်တွေ ဖြစ်ပေမယ့် ကျောင်းသားတွေရဲ့ စိတ်တွေ လေးပင်မနေအောင် အဘက်ဘက်က ဂရုစိုက်တယ်။ သင်ကြားပေးတယ်။ အင်ဂျင်နီယာ ဘာသာရပ်ဆိုတာ တိုင်းပြည် တိုးတက်အောင် စက်မှု အခန်းကဏ္ဍကနေ အရမ်းအရေးပါတဲ့ ဘာသာရပ်ပါ။ ကိုယ့်ဘက်က တခြားနိုင်ငံတွေနဲ့ ယှဉ်နိုင်အောင် စံမီအောင် သင်ပေးတယ်။ ကာလကလည်း ခြောက်နှစ်တာကာလ တက်ရတာဆိုတော့ အရမ်းကို ကောင်းကောင်းမွန်မွန် သင်ကြားပေးပါတယ်။ မမိုးတို့နဲ့ အတန်းတူ သူငယ်ချင်းတွေ၊ စီနီယာကြီးတွေကလည်း တကယ့်ကို နိုင်ငံခြားမှာရော၊ ပြည်တွင်းမှာပါ နေရာကောင်းကောင်းကို ရောက်နေကြပြီ။
နောက်တစ်ခုကကျတော့ နှစ်ရှည်လများ တက်ရတာဆိုတော့ ကျောင်းသူ ကျောင်းသား Life အနေနဲ့သာမကဘဲ ဘဝရဲ့ အသိပညာ၊ အတတ်ပညာတွေပါ သင်ကြားပေးတဲ့ ဘဝတက္ကသိုလ်လို့လည်း သတ်မှတ်ထားပါတယ်။ အဲဒီတုန်းက အင်ဂျင်နီယာဘာသာ ရပ်တစ်ခုတည်း မဟုတ်ဘဲ ကွန်ပျူတာတို့လို ပညာရပ်တွေပါ သင်ကြားပေးတော့ ဒီဘက် ခေတ်မှာလည်း အရမ်းကို ကောင်းမွန်တဲ့ အထောက်အကူတွေ ရပါတယ်။
“ဆေးကျောင်းထက်တောင် မြင့်သွားပြီပေါ့”
ဒီနေ့ခေတ် ဆိုရင်တော့ Standard တွေလည်း ကွာသွားတာပေါ့။ နိုင်ငံတကာကလည်း ၁၉၉၆ အထိပဲ မြန်မာပြည်က အင်ဂျင်နီယာတွေကို လက်ခံတယ်ပေါ့။ အဲ့လိုမျိုး စင်ကာပူမှာတောင် Limit ထားတယ်။ ဒီနောက်ပိုင်းဆိုရင် စံနှုန်းမမီတော့ဘူးလို့ သတ်မှတ်ကြတယ်။ ဒါပေမဲ့လည်း အခုနှစ်ကနေစပြီး မမိုးတို့ သင်ကြားခဲ့ရတဲ့ စက်မှုတက္ကသိုလ်ကြီးကို ခြေချခွင့်ရပြီ။ ဂုဏ်ယူစရာ နောက်တစ်ခုကတော့ ဒီနှစ်ရဲ့ အင်ဂျင်နီယာကျောင်းကို တက်ရောက်ခွင့် ရဖို့အတွက် အမှတ်က ဆေးကျောင်းထက်တောင် မြင့်သွားပြီပေါ့။
အမှန်တော့ အင်ဂျင်နီယာတို့၊ ဆရာဝန်တို့၊ ကွန်ပျူတာ တက္ကသိုလ်တွေကို တက်ရောက်နိုင်ဖို့ တော်ရုံ ဦးနှောက်နဲ့တော့ မရပါဘူး။ ဒါပေမဲ့ Professional Institute တွေ အားလုံးက တကယ်ကိုတော်တဲ့ အရည်အချင်း ပြည့်ဝတဲ့သူတွေ မွေးထုတ်ပေးနိုင်လို့ မမိုးကတော့ တကယ်ကျေနပ်ပါတယ်။
“အများကြီး ပြောင်းလဲပစ်ဖို့ လိုသေးတယ်လို့ ထင်တယ်”
အခုခေတ် ပညာရေးစနစ်ကတော့ အများကြီး ပြောင်းလဲပစ်ဖို့ လိုသေးတယ် လို့ထင်တယ်။ ဥပမာ-အမေရိကန်နိုင်ငံ တိုးတက်တယ်ဆိုတာဟာ သူကပညာရေး Foundation အရမ်းကောင်းတာပါ။ နောက်ပြီးတော့ တက်လာတဲ့ အမေရိကန် သမ္မတတိုင်းဟာလည်း နိုင်ငံရဲ့ အနာဂတ်ကို ဦးဆောင်ခွင့် ပြုနိုင်မယ့် လူငယ်တွေရဲ့ ပညာရေးကို အရမ်းဦးစားပေးတယ်။ ထိုင်းနိုင်ငံမှာလည်း ကွန်ပျူတာကိုင်ဖို့ အဆင့်ရှိတဲ့ လူငယ်တိုင်းကို ကွန်ပျူတာ တစ်လုံးစီ ပေးထားတဲ့ စနစ်မျိုးကျင့်သုံးတယ်။ ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘက်စုံအရေးတွေကို ပံ့ပိုးပေးနိုင်တဲ့ အတွက်ကြောင့် ပညာရေးက နိုင်ငံတစ်နိုင်ငံမှာ အရမ်းအရေးကြီးပါတယ်။ မမိုးတို့နိုင်ငံဟာ ပညာရေးကို နောင်ဆယ်စုနှစ် နှစ်စုလောက်မှာ သေချာအုတ်မြစ်ချနိုင်ရင် သူများနိုင်ငံတွေလိုပဲအမီလိုက်နိုင်မှာပါ။
မမိုးတို ကျောင်းတော်ကြီး အရင်လို ပြန်လည် စိုပြည်ဖို့က ပညာတက်ရောက် သင်ယူဖို့ ကျောင်းသူ ကျောင်းသားများများ လိုပါတယ်။ ဆရာအင်အားများများ၊ နောက်ပြီးတော့ ကောင်းမွန်တဲ့ ပညာရေးစနစ်၊ ကောင်းမွန်တဲ့ Facilities တွေသာ ရှိမယ်ဆိုရင် အမြန်ဆုံး ပြန်လည် စိုပြည်လာမယ်။ ကျောင်းတော်ကြီး စိုပြည်လာတာနဲ့အမျှ နိုင်ငံအတွက် အသီးအပွင့်တွေ အများကြီး ပေါ်ထွက်လာမှာပါ။ တကယ်ကို အရည်အချင်း ပြည့်ဝတဲ့ အင်ဂျင်နီယာတွေနဲ့ တိုင်းပြည်ရဲ့ စနစ်ကလည်း ကောင်းမွန် မှန်ကန်လာမယ်ဆိုရင် တိုင်းပြည်မှာ အဆောက်အအုံတွေ၊ လမ်းတွေ၊ တံတားတွေကလည်း နိုင်ငံတကာ အဆင့်မီ ဖြစ်ထွန်းလာမှာပါ။
“ဂုဏ်သိက္ခာကို ထိခိုက်မယ့် အပျော်မျိုး မကျူးလွန်မိပါစေနဲ့”
မမိုးအရင်ဆုံး ပြောချင်တာကတော့ ကိုယ်က ဒီစက်မှုတက္ကသိုလ်ကို တက်ခွင့် ရပြီဆိုတာနဲ့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စွာနဲ့ ဂုဏ်ယူလိုက်ပါ။ ပြီးရင် တက်နေစဉ်ကာလ တစ်လျှောက်လုံးမှာလည်း ကိုယ့်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းအောင် ကြံဆောင်ပါ။ ကျောင်းနေစဉ်မှာ အပျော်အပါးတွေရှိတာ မှန်ပေမယ့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မယ့် အပျော်မျိုး မကျူးလွန်မိပါစေနဲ့။ အရာရာကို ချင့်ချိန် တိုင်းဆ တွက်ချက်ပြီးမှ တည်ဆောက်ရတာ အင်ဂျင်နီယာပါ။ အဲ့ဒါကြောင့် ဘာအလုပ်ပဲလုပ်လုပ် အဆင့်ဆင့် ချင့်ချိန်ပြီးမှ အလုပ်လုပ်ပါလို့ ပြောချင်ပါတယ်။


The Voice Weekly.....................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map