မှတ်မှတ်ရရ လွန်ခဲ့ တဲ့ ၂ နှစ်လောက်ကပါ။ ကျွန်တော် သူငယ်ချင်း (အလင်း)ရဲ့
အဖေက မေမြို့ အလွန်၊ မဟာအံ့ထူးကံသာ ဘုရားနားမှာရှိတဲ့
သူ့ရဲ့ခြံဟောင်းတစ်ခုကို ပြန်ဖေါ်တယ်။ ဥယျာဉ်ခြံစိုက်ဖို့လေ။ အဲဒီခြံက
ဝယ်ထားတာတော့ ကြာပါပြီ။ ဒါပေ့မယ် လူမနေ သူမနေဆိုတော့ဗျာ တော်တော်ကို ခြံက
ရှုပ်နေတာ။ အဲဒါနဲ့ သူခြံကို ရှင်းဖို့ အရေး ကျွန်တော် ရန်ကုန်မှာ ရှိနေတဲ့
ကျွန်တော်ကို လှမ်းခေါ်တယ်။
ကျွန်တော်ကလည်း အားနေတဲ့ အချိန်ဖြစ်တော့ သွားကူတယ် ဆိုပါတော့ ။
မကူလို့လည်း မဖြစ်ပြန်ဘူးခင်ဗျ။ သူက ကျွန်တော် ငယ်ငယ်ကတည်းက အမွေစား၊
အမွေခံ အဖြစ် မွေးစားထားတာ။ တော်ကြာ သူခေါ်တာ မလာရ ကောင်းလားဆိုပြီး
ကျွန်တော်ကို အမွေဖြတ်လိုက်မှ ဟီး ။ ကျွန်တော်က သူ့ကို “ပါးပါး” ပဲခေါ်တယ်။
သူ့မိန်းမကို “မားမား” ခေါ်တယ်။ မွေးစားတယ်ဆိုပေ့မယ့်လည်း အဖေအရင်းလို၊
အမေအရင်းလိုဖြစ်နေပါပြီ။ ပြီးတော့  “ပါးပါး” ရော၊ “မားမား”ေ၇ာက
အသက်ကြီးနေပြီ။ သူတို့ အနေနဲ့ ခြံအလုပ်တွေ၊ အကြမ်းပတမ်းတွေ
မလုပ်သင့်တော့ဘူး ထင်လို့ သွားတာလည်းပါတယ်။
သူ ကျွန်တော်ကို ခေါ်ရတဲ့ အကြောင်းရင်းက ဒီလိုဗျ။
သူ့တစ်ယောက်တည်း ခြံရှင်း၊ အပင်စိုက်၊ အလုပ်သမား ဦးစီးဆိုရင် မေမြို့ မှာ
ရှိနေတဲ့ သူ့ရဲ့ အလုပ်တွေ လည်း လစ်ဟင်းတယ်။ ပြီးတော့ ခြံထဲမှာ အပင်စိုက်ရင်
ညအိပ်၊ ညနေ နေဖို့ကြတော့လည်း သူက မိန်းမနဲ့
သမီးနဲ့ဆိုတော့အဆင်မပြေပြန်ဘူး။ အနော် ငဇူးကို ခေါ်လိုက်ရင် အဲဒါတွေ
အားလုံးအဆင်ပြေတယ်။ သူက ခြံအတွတ် ကုန်ကျတဲ့ငွေထုတ်ပေးယုံပဲလေ။ ကျန်တာက
ကိုယ့်ဘာသာ ကိုယ်ဦးစီးသွားလို့ရတယ်။ ပြီးတော့  ကျွန်တော်ရောက်နေတယ်။
ခြံလုပ်နေတယ်ဆိုရင်လည်း သူငယ်ချင်းတွေက ၀ိုင်းကူကြမှာ။ အလုပ်သမားခ
သိပ်ကုန်စရာမလိုဘူး။ ကျွန်တော်ပန်းခြံထဲက လူတွေကိုခေါ်ခိုင်းလို့တောင်ရတယ်။
အများဆုံးရှင်းရ တပတ်ပေါ့ဗျာ။ ။ လူများရင်ပြောပါတယ်။
လူနည်းနည်းနဲ့ ရှင်းရင် သေရချည်ရဲ့ ။
အဲဒီခြံရဲ့ တည်နေရာက မိုက်တယ်ဗျ။ ဥယျာဉ်ခြံလုပ်ချင်တဲ့ သူတွေအတွတ်
တော်တော်ကို အဆင်ပြေတဲ့နေ ရာပါ။ မန်းလေး-လားရှိုး
ကားလမ်းမကြီးဘေးမှာရှိတယ်ဗျာ။ ပြီးတော့ တောင်ကုန်းလေးအတိုင်း ခပ်ပြေပြေ လေး
အောက်ဘက်ကို ဆင်းသွားတယ်။ အရမ်းမိုက်တယ်။ ခြံထဲမှာလည်း အရိပ်ရအပင်တွေ
အများကြီး၊ မနက်ခင်းတွေဆို စိမ့်နေအောင်ချမ်းတာ။
တော်တော်ကို နေချင်စရာနေရာလေးပါ။ တစ်ခုပဲ ဆိုးတယ်။ ခြံရဲ့ ဟိုဘက်က
သင်္ချိုင်းကုန်းပါ ။ ဟီး။ အခုတော့ အဲဒီ သင်္ချိုင်းကုန်း ပျောက်ပြီး
ခြံအသစ်တွေ၊ ဘာတွေ ဖြစ်နေပါပြီ။
ဒီလိုနဲ့ ခြံကို စရှင်းတဲ့ နေမှာ လူကတော်တော်ပင်ပန်းတယ်ခင်ဗျ။ ခြံပတ်ပတ်လည်
ဝါးတိုင်တွေ ကာထား တယ်။ နှစ်တွေကြာတော့ ဆွေးကုန်ပြီ။ အဲဒါတွေ အကုန် အစကနေ
အဆုံးအရင်ပြန်လုပ်။ ပြီးတော့ ခြံထဲမှာ ရှိနေတဲ့ အောက်ခြေရှုပ်သော
ပေါင်းမြက်တွေ အကုန်လိုက်ရှင်းနဲ့ တစ်ပတ်ကျော်ကျော်မှ ခြံက ပြီးတယ်။
သူငယ်ချင်းတွေလည်း ၀ိုင်းကူလို့ပါ။ မဟုတ်ရင် မလွယ်ဝူး။ ဘယ်က ဘယ်က
နွယ်ပင်တွေမှန်းလည်း မသိ။ အဲဒါတွေလိုက်ရှင်းရတာပဲ တော်တော်ကြာတယ်။
အမြစ်ရှိတဲ့နေရာတွေထိ သွားပြီး မြေလှန်ပစ်ရတယ်။ တော်ကြာ ကိုယ်သီးပင်၊စားပင်
စိုက်ပြီးမှ ပြန်ပေါက်လာလို့  ကိုယ့်ရှိတဲ့ဟာ ကုန်ရချည်ရဲ့ :D ။
ခြံကို ရှင်းနေတဲ့ ရက်သတ္တပတ်ကာလလုံးဟာ ကျွန်တော် ခြံထဲမှာပဲ အိပ်၊
ခြံထဲမှာပဲ စားတာ။ ထမင်းဟင်း ကိုတော့ အလင်းက လာပို့ပေးတယ်။ အဲဒီမှာ
ကျွန်တော် သတိထားမိတာက စစခြံရှင်းတဲ့ ရက်ကတည်းက ကျွေးလိုက်တဲ့ဟင်းဗျာ။
သက်သက်လွတ်ချည်းပဲ။ ပဲဟင်း၊ ပဲငပိ၊ မုန်လာဥဟင်းချို။ အကြော်တွေ ကျပြန်
တော့လည်း ပဲပင်ပေါက်ကြော်၊ ပန်းပွင့်ကြော်၊ စသဖြင့်ပေါ့ဗျာ။
အသီးအရွက်တွေချည်း လိမ့် ကျွေးတာ။ စစခြင်းနေ့တွေကတော့ သိပ်မသိသာဘူးပေါ့ဗျာ။
ရန်ကုန်မှာက ဒီလို အသီးအရွှက် ခုခူး၊ ခုကြော် ဆိုတာက ရှားမှရှားဟာကို။
ရေခဲသေတ္တာထဲ သိမ်းထား ကိုယ်စားချင်မှ ထုတ်ကြော်ဆိုတော့ ဘယ်လတ်ဆတ်လိမ်
့မတုန်းနော့။ အဲဒီတော့ စစခြင်းနေ့တွေမှာ သိပ်မသိသာဘူးဗျ။
နောက်ပိုင်းမှာတော့ ရိုးလာတာပေါ့ဗျာ။ အီလည်း အီလာတယ်။အဲဒါနဲ့ အလင်းလာတော့
ကျွန်တော်ပြောတယ်။
“ဟဲ့၊ မားမားက ငါ့ကို ရန်ငြိုးများ ထားနေလားတိဝူးယော။
နေ့တိုင်း အသီးအရွှက် ရေလုံပြုတ်တွေချည်း လာနေတော့တာပဲ” လို့လေ။ အဲဒီတော့ သူက ဒီလိုပြောတယ် ခင်ဗျ။
“ပါးပါးက ဒီခြံထဲမှာ နေတဲ့သူမှန်သမျှ သက်သက်လွတ်စားရမယ်။ အညှိ(အသားစိမ်း၊
ငါးစိမ်း) မသွင်းရဘူး လို့ ပြောတယ်ဟ” တဲ့။ သေယော။ မွေးစားအဖေအမိန့်ဆိုတော့
ကျွန်တော်လည်း မလွန်ဆန်ဝံ့ဖူး။ သူက စိတ်တိုရင် ကိုယ်ထက်ကြမ်းတယ် ။
ဒီတော့ နောက်နေ့တွေမှာ ကျွန်တော် အလင်းကို ထမင်း၊ဟင်း
လာမပို့ခိုင်းတော့ဘူး။ စားစရာရှိရင် အိမ်ပြန် စားတယ်။ ဘယ်လောက်မှ ဝေးတာမှ
မဟုတ်တာ။ အများဆုံးသွားရ မြို့ထဲနဲ့ဆို လေးမိုင်ကျော်ကျော်ဟာ။ ဆိုင်ကယ်စီး
ခဏပေါ့။
ဘယ် ဒုက္ခခံမလဲ။ ။ ကျွန်တော် သူငယ်ချင်းတွေလည်း ဒီလိုပဲ။ အိမ်ပြန်စားကြတယ်။
ပြီးရင် နာရီစင်နားက လက်ဖက်ရည်ဆိုင်မှာ ပြန်ချိန်း။ လက်ဖက်ရည်သောက်၊
ဈေးလာတဲ့ ဆော်တွေငမ်း ။ ပြီးရင် ခြံထဲသွားကြ တယ်။
ခြံထဲမှာက အကုန်လုံးတော့ ရှင်းပြီးပြီ။ ပြီးတော့  တဲဆောက်ဖို့ ကျန်သေးတယ်။
အဲဒီဟာအတွတ် သူငယ်ချင်းတွေ စုပြီးဆောက်ကြတယ်ပေါ့။ ပါးပါးက သူ စိတ်ပြေ၊
လက်ပျောက်နေချင် နေလို့ ရအောင် ခိုင်ခိုင်၊ ခန့်ခန့် ထိုးဆိုတာနဲ
့ကျွန်တော်တို့လည်း ခြေတိုင်ရှည် တဲတစ်လုံးထိုးရတယ်။ ခြံလည်မှာထိုးတာပါ။
တဲထိုးပြီးတော့လည်း တာဝန်က ပြီးသေးတာမဟုတ်ဝူးနော်။ ခြံထိပ်ကနေပြီးတော့ 
တဲအထိ လမ်းဖေါက် ရတေးတယ်။ လမ်းဖေါက်တယ်ဆိုတာကလည်း မြေကမညီလို့၊ ညီသွားအောင်
ငြှိတာပါ။ လမ်းကလည်းဗျာ။ ဖေါက်နေတာ အတည့်၊ အယ်…တော်တော်လေးလည်း
ဖေါက်ပြီးရော ညောင်ပင်ကြီး ခံနေတော့တာပဲ။ ညောင်ပင်ကလည်း သာမန်ဆို
မပြောလိုပါဘူး။ တော်တော်ကိုကြီးတာ။ လူကြီး လေးဖက်စာလောက်ရှိ တယ်။
သာမန်အချိန်ဆိုရင်တော့ မပြောလိုပေမယ့် လူတွေက ပင်ပန်းနေပြီလေဗျာ။
ဟုတ်တယ်မလား။ အဲဒီတော့  ညောင်ပင်ကို ကွေ့ပတ်ပြီး ဖေါက်ဖို့ကို တော်တော်ကို
စဉ်းစားနေရတယ်။ မလုပ်ချင်တော့ ဘူးလေ။ အနော်လည်း မလုပ်ချင်တော့ဘူး။ ဒါပေ့မယ်
ပါးပါးက ဒီနေ့ အပြီးနော် ဆိုပြီး အမိန့်ပေး ထားတော့ လည်း မလုပ်လို့က မရ။
အဲဒါနဲ့ ကျွန်တော် လူတွေကို ဒီလိုမြူဆွယ်ရတယ်။
“ဆင်ကောင်လုံးဝင် အမြှီးကျမှ တစ်ကွာ၊ အားလုံးပြီးတော့မှာ ဒါက
ကပ်ခံနေသေးတယ်။ ကဲပါဗျာ။ ဒီနေ့ပြီး အောင် လုပ်လိုက်ကြတာပေါ့။ နောက်နေ့ည
ပွဲခံမယ်ဗျာ။ အောင်ပွဲ အနေနဲ့ နော်” ဆိုပြီး မြူဆွယ်သံလေး လည်းထည့်၊
တောင်းပန်သံလေးနဲ့လည်း ပြော၊ မျက်နှာကိုလည်း သူတောင်းစားလို
သနားစဖွယ်လုပ်ပြမှ အဲဒီလမ်းက ညောင်ပင်ကို ကွေ့ပတ်ဖောက်လို့ ပြီးတော်မူတယ်။
လေဒယ်။ အဟုတ်။
အဲဒါနဲ့ နောက်တစ်နေ့ မနက်မှာ ကျွန်တော်တို့ ခြံထဲကို “ပါးပါး” က
လာကြည့်တယ်။ ကျွန်တော်တို့ အားလုံး ကြိုးကြိုးစားစား လုပ်ထားတာဆိုတော့ သူက
မပင်ပန်းရပဲ သဘောကျတော်မူတယ်လေ။ ပြီးတော့ ကျွန်တော်ကို သူက အိမ်မှာ လိုက်
အိပ်ဖို့ခေါ်တယ်။ ကျွန်တော်က ဘယ်လိုက်လိမ့်မတုန်း။ ဒီညက ပါတီပွဲ လုပ်မှာ လေ။
မူးကြမှာ ။ လိုက်ပါဝူး။ အဲဒါနဲ့ “ခြံအောက်ပိုင်း ရှင်းဖို့
နည်းနည်းကျန်သေးလို့” ဆိုပြီးနေခဲ့ရ တယ်။ သူလည်း ပြန်ရော အသားဝယ်တဲ့သူက၀ယ်၊
အရက်ဝယ်တဲ့လူက၀ယ်။ အကင်လုပ်စားမယ်ဆိုတဲ့ လုတွေကလည်း အကင်စက်တွေ
ဘာတွေပြန်ယူပေါ့ဗျာ။ သူငယ်ချင်းတွေက မီးစက်တွေဘာတွေတောင် မလာတယ်။
ရုပ်ရှင်ကြည့်မယ်။ သီချင်းဖွင့်မယ်။ မီးပုံပွဲ လုပ်မယ်ဆိုပြီး ။ ပြီးတော
့ညပွဲ အတွတ် ပြင်ကြ၊ ဆင်ကြပေါ့ဗျာ။ ကျွန်တော်က နည်းနည်း အားနေတာနဲ့
နေ့လည်ပိုင်းလောက်မှာ လမ်းဖေါက်တုန်းက ခံနေတဲ့ ညောင်ပင်အောက်မှာ
ကွပ်ပြစ်လေး သွားရိုက်ဖြစ်တယ်။ ဘာရယ်၊ ညာရယ် ဟုတ်ပါဝူး။ ဒီလိုပဲ အားနေတာနဲ့
ရိုက်ထားလိုက်တာ။ ပြီးတော့ ရေအိုးစင်တင်ဖို့လည်း တွေးမိတယ်။ ဒါက
ကျွန်တော်လုပ်ခဲ့တဲ့ ခြံတိုင်းမှာ ဒီလို အပင်ကြီးကြီးတွေ့ရင်
ကွပ်ပျစ်လုပ်ပြီး၊ ရေအိုးစင်တင်တာက အကျင့်ဖြစ်နေပြီ။
ကွပ်ပျစ်က ထိုင်ချင်ထိုင်၊ အိပ်ချင်အိပ်။ အိပ်ပြီးထရင် ရေအိုးစင်က ရေသောက် ပြီးရင် ပြန်အိပ် ။ ရာသီဥတု ပူရင်ပြောပါတယ် ဟီး။
ဒီလိုနဲ့ ညနေစောင်းတော့  ကျွန်တော်တို့ ပါတီပွဲလေး အသက်ဝင်လာတယ်။
အကင်လုပ်တဲ့သူကလည်း ညနေကတည်းက ကင်နေတာလေ။ အချည်ရည် လုပ်တဲ့ အဖွဲ့လည်းက
ရှယ်လုပ်ထားတာ။ ဘီယာကလည်း စည်နဲ့ ။ အရက်ကလည်း ဖာလိုက်။ ကုန်ကျစရိတ်က
အနော်စိုက် ။ အဟုတ်။ အဖိုးကြီး(ပါးပါး) ကဗျာ။ သူ့ခြံ လှရင် ငဇူးပြန်တော
့ဆိုတာချည်းပဲ။ မဟုတ်ရင် သူ့သမီးကို ဟိုခေါ်၊ ဒီခေါ်နဲ့ လျှောက်လစ်နေမှာ ဆိုး
လို့။ ပြီးတော့ အနော်သူ့ဆီမှာ နေတယ်ဆို သူတာဝန်ကြီးတယ်ဆိုပဲ ။ အဲဒီလို
ချစ်တာ ကျွန်တော်ကို။ အခု လည်း ခြံနဲ့ ပတ်သတ်တဲ့ ကုန်ကျစရိတ်သာ သူထုတ်တာ။
ဒီလို အလုပ်သမားတွေနဲ့ ပွဲခံတာကြတော့ လုပ်တာ မဟုတ်ဝူးရယ်။ သူကလည်း လူဂွစာ။
သူကို စကားပြောရင် ပြန်ပြောချင်မှ ပြောတာ။ အကောင်းသွား ပြောရင်လည်း
ဆဲလွှတ်ရင်လွှတ်တာ။ ပေါင်းရခက်၊ မပေါင်းရခက်။ အဟုတ်လေ။ တော်တော် ညစ်ဖို့
ကောင်းတယ်။ အနော်နဲ့တော့ အဆင်ပြေပါတယ်။ သူ ဆုံးမရင် “ဟုတ်။ မလုပ်တော့ဘူး” ။
ကွယ်ရာဆို ရှိတယ်လို့တောင် မထင်ဝူး ။ လုပ်ချင်ရာ လုပ်တာ။ အခုတော
့ဒီပါတီပွဲကို အနော်ပဲ အစအဆုံး အကုန်ကျခံရတယ်။ ကိုယ်မှာရှိလို့လုပ်တာတော
့မဟုတ်ပါဘူး။ အလင်းဆီက ပြန်ချေးထားတာ ။ ငါးကြင်း ဆီနဲ့ ငါးကြင်းကြော်တဲ့
ပါတီပွဲပေါ့ဗျာ ဟီး ။ ဒီလိုနဲ့ ပါတီပွဲမှာ စားကြ၊ သောက်ကြ၊ ခုန်ကြ၊
မြူးကြနဲ့ တော်တော် ညဉ့်နက်သွားတယ်။ လူတွေကလည်း များတယ်။ သူငယ်ချင်းတွေရော။
သူငယ်ချင်းတွေရဲ့  သူငယ်ချင်းတွေယော။ အလုပ်သမားတွေရဲ့ သူငယ်ချင်းတွေရော။
ဘာတွေမှန်းမသိပါဘူးဗျာ။ အများကြီးပဲ။ ကိုယ်သိတဲ့လူလည်း ရှိတယ်။
ကိုယ်မသိတဲ့လူလည်း ရှိတယ်။ ကျွန်တော်ကိုတော့ လာလာပြီးတော့ မိတ်ဆက်ကြပါတယ်။
ကိုယ်က မူးနေတာက ရေချိန်လွန်နေတော့ ဘယ်သူပါလို့ ၊ ဘယ်သူတွေလာမှန်းကို
မသိတော့တာ။ လူတွေကလည်း နောက်ပိုင်းမူးလာတော့
မိတ်ကို မဆက်တော့ ဘူး။ ဇွတ်စား၊ ဇွတ်သောက်နေကြတာကိုး။ ကိုယ် ဒီလိုပဲ။ အရက်ပဲ မဲပြီးသောက်နေ တော့ တာနောက်ပိုင်းမှာ ။
ဒီလိုနဲ့ ကျွန်တော် ဘယ်လိုအိပ်ပျော်သွားလဲ၊ မသိပါဘူး။ တဲဝမှာက
တာလပတ်တွေခင်းထားတာလေ။ အဲဒီမှာပဲ ထိုင်သောက်နေရင်း အိပ်ပျော်သွားတာ။ ကိုယ်
နိုးလာတော့ ၁၁ ခွဲလောက် ရှိနေပြီ။ အားလုံးက သေနေတာ။ ကျွန်တော်
ဆီးသွားချင်လို့နိုးလာတာပါ။ အဲဒါ ဒယိမ်းဒယိုင်နဲ့ အပေါ့ထသွားတုန်း။ လူတစ်
ယောက်တွေ့တယ်ဗျ။ ဒီလူက တော်တော် သောက်စားပုပ်တဲ့လူဗျာ။ အကင်တွေက
အများကြီးကျန် သေးတာ ကိုး။ အဲဒါကို သူတစ်ယောက်တည်းဗန်းကြီးတစ်ချပ်ထဲမှာ
ထည့်ပြီး တုတ်နေတာ။ ပက်စက် တယ်နော်။ စားချက်ကလည်း။ မြင်မကောင်းဘူး။
အီသီယိုးပီးယားကလာတာ ကြနေတာပဲ။ ပလုပ်ပလောင်း ကို ထည့်နေတာ။ အနော်ကလည်း
ဆီးတအားသွားချင်နေတော့ သူ့ကို တစ်ချက်ကြည့် ပြီး ဆက်မကြည့် ဖြစ်တော့ ဘူး။
အဲဒါ အမှောင်ထဲကို တော်တော်လေး သွားပြီး ရှူးရှူးဖလားဝါးလိုက်ရတယ်။ လူက
တော်တော်လေးတော့ နေသာထိုင်သာ ရှိသွားတယ်။
ဒါပေ့မယ့် အမူးက မပြေသေးဘူး။ ပါတီပွဲ ပေးနေတုန်းမှာ ၀ယ်ထားတဲ့ ၀ီစကီတွေ
ကုန်သွားလို့ သူငယ်ချင်း တစ်ယောက်က တောအရက်တွေ ပုံးလိုက်ယူလာတယ်လေ။ ။
အဲဒီဟာတွေလည်း ကစ်ထားတော့ လူက တော်တော်နဲ့ကို အမူးက မပြေဘူး။ ဒီလိုပဲ
ဒယိမ်းဒယိုင်နဲ့ ကိုယ်အိပ်တဲ့နေရာနားကို ပြန်လာပြီးတော့ လှဲနေလိုက်တယ်။
ကောင်းကင်ကိုကြည့်တော့ ကြယ်တွေက လည်နေတယ် ။ ဟ…ငါ အမူးမပြေသေးပါလား ဆိုပြီး
ခေါင်းကို ဟိုလှည့်ဒီလှည့် လုပ်နေတုန်း။ ခုန သောက်စားပုပ်တဲ့ လူဆီကို
မျက်စိက ရောက်သွား တယ်။ ဒီဘဲက စားနေတုန်းနော် လုံးဝကို မပြီးသေးဘူး။ သူ့
ကို ကျွန်တော် ဂရုတစိုက်ကြည့်နေတာ၊ သေသေချာချာကြည့်နေတာပေါ့နော်။ ဒီဘဲက
အသွင်းပဲ ရှိတယ်နော်။ ပါးစပ်ထဲက အထုတ်ကိုမရှိဘူး။ အဟုတ်။ ဒီလိုဗျာ။
ငါးကင်စားတယ်ဆိုပါစို့၊ အရိုးလေးဘာလေးတော့ ထွေးပေါ့ဗျာ။ ဘယ်နှယ့်
မထွေးဘူးဗျို့။ “ဂလု” ဆိုတာချည်းပဲ။ ။ ကျွန်တော်လည်း
တော်တော်လေးသောက်မြင်ကပ်လာတာနဲ့။
“ဟေ့ လူ။ ခင်ဗျားက ဘာလဲ၊ နည်းနည်းပါးပါးတော့ ထွေးထုတ်ဗျနော်။ စားတာကို
မပြောလိုဘူးနော်။ အရိုးနင်ပြီး ခင်ဗျားသေရင် ခြံနာတယ်။ စားတော့ စား၊
ကြည့်စား” ဆိုပြီး ငေါက်လိုက်တယ်။ ကျွန်တော်ပြော တဲ့ အသံကလည်း မူးနေတော့ 
အာလေး၊ လျှာလေးပေါ့ဗျာ။ ဒီဘဲကလည်း ကျွန်တော် အသံကြားတော့ လှည့် ကြည့်တယ်။
အဲဒီမှာ သူ့မျက်လုံးက နီတွတ်နေတာဗြဲ။ မျက်နှာကလည်း ဘယ်လို
သောက်ခွက်မှန်းမသိဘူးဗျာ။ သိလား။ မမြင်ဖူးဘူး။ အဲဒီလိုလူမျိုး။
နည်းနည်းတောင် လန့် သွားတယ်။ ဘယ်လိုခေါ်မလဲဗျာ။ လူတစ်ယောက်မျက်နှာပုံစံကို
ပန်းပုထုတယ်ဆိုပါစို့။ အဲဒီပန်းပုရုပ်ကို အချောမသတ်ရသေးတဲ့ ပုံစံမျိုးနဲ့။
လူမျက်နှာတော့ လူမျက်နှာပဲ။ ဒါပေ့ မယ့် ကြည့်မကောင်းဘူးရယ်။ အဲဒါကို
မြက်ဦးထုပ်ကလည်း ဆောင်းထားသေးတယ်။ ဒီဘဲကလည်း ကျွန်တော်ကို သေသေချာချာကြည့်
တယ်။ ပြီးတော့ “အဟဲ” တဲ့  ရီပြတယ်ဗျ။ အနော်လည်း တော်တော် သနားသွားတယ်။
အား…ဒီလူ တော်တော် ဘ၀အကျိုးပေး နည်းတဲ့လူပါလားလို့လေ။ မျက်နှာကို
ဦးထုပ်နဲ့တောင် ဖုံးထားရ တယ်။ လူမြင်မှာဆိုးလို့ ဆိုပြီးလေ။ ကိုယ်လည်း
သနားလာတာနဲ့။ သူကို
“ကဲ…ကိုယ်တော် စားချင်သလောက်သာ စား…အနော်တော့ ခလော ပီ..ဘိုင်” ဆိုပြီး မျက်စိနှစ်လုံးကို ပိတ်ချလိုက်တယ်။
လူလည်း အိပ်ပျော်သွားတယ်။
လူက ဘယ်လောက် အိပ်ပျော်သွားလဲ မသိပါဘူး။ မနက်မိုးလင်းတော့ ဆူဆူညံညံ
အသံတွေကြားတာနဲ့ အနော်လည်း နှိုးလာတယ်။ သူငယ်ချင်းတစ်ယောက်ပါ။ နာမည်
စံလင်း။ ဒီကောင်ဗျာ။ မနက်စောစော စီးစီး သောင်းကျန်းနေတယ်။
လူတိုင်းကို လိုက်နှိုးပြီး ပြသနာလုပ်နေတာ။ အနော်လည်း ညက သောက်တာများတော့
ခေါင်းထဲမှာ ကိုက်တာလေ။ ပြောမနေပါနဲ့။ အသေပဲ။ အဲဒါ ခေါင်းကိုက်ရက်နဲ့ ပဲ
သူဆီကို သွားပြီး ဘာဖစ်တာလဲ သွားမေးရတယ်။ ဒီကောင်က ညက အသားကင်တွေ
အများကြီးပါတဲ့။ ဘယ်သူ စားပလိုက်တာလဲတဲ့။ တင်းနေတယ် သူက။ အသားကင်တွေ
ပျောက်ကုန်လို့လေ။ အဲဒါနဲ့ ကျွန်တော်က ညက လူတစ်ယောက် အကုန်တီးနေတာတော့ တွေ
့တာပဲလို့ ပြောလိုက်တယ်။
အဲဒီမှာ ဒီကောင်က ပြသနာရှာတော့တာပဲ။ ဒီလောက် အများကြီးကွာ။
တစ်ယောက်တည်းစားရင် မကုန်ပါ ဘူး။ ဘာညာနဲ့ တောအရက်တွေလည်း
မရှိတော့ဘူးပေါ့နော်။ ဘာဆို ဘာမှ မရှိတော့တာတဲ့။ အဲဒီမှာ
အိပ်နေတဲ့သူတွေလည်း အားလုံးနိုးလာပြီ။ ပြီးတော့ ဘာဖြစ်တာလဲ၊ ဘာညာနဲ့
ဝိုင်းမေးတာနဲ့။ ကျွန်တော် မနေ့ညက စားနေတဲ့သူရဲ့ ပုံစံကို ပြောပြရတယ်။
အဲဒီတော့ တစ်ယောက်က ထပြောတယ်။
“အာ…အဲဒီလို ပုံစံမျိုး ငါတို့ ထဲမှာ မရှိပါဘူးဟ၊ ငဇူးကလည်း သေသေချာချာ
မကြည့်ပဲနဲ့၊ နင်တော် တော်မူးပြီး လျှောက်တွေ့တာ ဖြစ်မယ်” တဲ့။
နောက်တစ်ယောက်က….
“အာ… အဲဒီလူလား။ ငါညက ဆီးထသွားတော့တွေ့တယ်။ ခြံစောင့်ထင်လို့ ဘာမှ မပြောတာ။
ဟုတ်တယ်။ သူစားတာဖြစ်မယ်။ သူလာတာတော့ ခြံဝ ဘက်က ထွက်လာတာပဲ” တဲ့ ။
အဲဒီမှာ ကျွန်တော်လည်း တော်တော် ခေါင်းမူးသွားတယ်။ ဘယ်နှယ့် တစ်ယောက်၊
တစ်ပေါက်နဲ့။ ဟိုလူက တွေ့တယ်။ ဒီလူက မတွေ့ဘူး။ ဘာတွေမှန်းလဲမသိဘူး။
အသားပဲဗျာ။ စားရင် ကုန်မှာပေါ့။ မကုန်လည်း မနက်ကျရင် လွှတ်ပစ်ရမှာချည်းပဲ။
အကင်တော့ မပြောတတ်ဘူး။ ဟိုစံလင်း ဆိုတဲ့ မသာကလည်း သူ့ မနက် တီးမို့
လိုက်ရှာတာ။ အကုန်ပျောက်နေလို့ ပြသနာရှာတာ။ ကျွန်တော်လည်း လူတွေ အများကြီး
တစ်ယောက်တစ်ပေါက် ငြင်းနေတော့…တော်တော် အာရုံနောက်လာတာနဲ့….
“ဘာလဲကွာ။ ဘာငြင်းနေတာလဲ။ အသားပဲ စားရင်ကုန်မှာပေါ့။ ဘယ်သူစားစား။
ထားလိုက်တော့။ ဒါပြသနာ မဟုတ်တာ။ မဟုတ်လည်း လွှင့်ပစ်ရမှာကို။ စံလင်း မသာ။
နင်က တစ်မျိုး” ဆိုပြီး အော်ပ လိုက်တယ်။ ဟုတ်တယ်လူက တော်တော်ကို
ခေါင်းကိုက်နေပြီ။ အဲဒီတော့မှပဲ လူစုကွဲတော်မူတယ်။ မဟုတ်ရင် ဘယ်လောက်ထိ
ငြင်းနေကြအုံးမလဲမသိဘူး။
လူက သောက်လို့၊ စားလို့ ပြီးတိုင်း ပြီးတာမဟုတ်တော့ ခက်တယ်ဗျာ။ အခုလည်း
မနေ့ည လုပ်ခဲ့တဲ့ ပါတီပွဲက အမှိုက်၊ သရိုက်တွေက တဲရှေ့မှာ မြင်မကောင်းဘူး။
အဖိုးကြီးလာလို့ ဒါတွေမြင်ရင် ဆဲမှာ။ အဲဒါနဲ့ အမှိုက်တွေ ရှင်း၊ ပြီးတော့
အသားကင်တဲ့ဟာတွေ၊ မီးစက်တွေ၊ တီဗွီတွေ၊ အကုန် ပြန်ပို့။ စားသောက်ထား တဲ့
ပန်းကန်တွေလည်း မနက်မှ ဆေး။ ဒီလိုတွေ လုပ်ကြရတယ်။ အဲဒီအချိန်မှာ လူတွေက
ပြန်ကုန်ပြီ။ ခြံထဲမှာ ရှင်းလင်းတဲ့ အလုပ်သမားတွေရယ်။ ကျွန်တော်ရယ်။
စံလင်းနဲ့ သူငယ်ချင်း နည်းနည်းပဲ ကျန်ခဲ့ တယ်။ ကိုယ်လည်း
ခေါင်းကိုက်ကိုက်နဲ့ပဲ၊အုန်းတံမြက်စည်းတစ်ချောင်းယူပြီး တဲရှေ့ကို
လှည်းကျင်းနေ လိုက်တယ်။ ကျန်တဲ့သူတွေက ပန်းကန်တွေသိမ်း။
ခွက်တွေသိမ်းပေါ့ဗျာ။ အမှန်ဆို ကျွန်တော်က ဒီနေ့ မြို့ထဲပြန်ရမှာ
အဖိုးကြီးက အတင်းခေါ်နေပြီလေ။ ပြီးတော့ ကိုယ့်ခြံကိစ္စကလည်း ရှိသေးတော့
မပြန်လို့က မဖြစ်ပြန်ဘူး။ အဲဒီမှာ ပြသနာက စပါလေယော။ ကြီးကြီးကျယ်ကျယ်တော့
မဟုတ်ပါဘူး။ ပန်ကန်တွေ သိမ်း၊ ခွက်တွေ သိမ်းလုပ်နေတဲ့ သူက သူတို့ ဟာတွေကို
စစ်နေကြတယ်လေ။ ပန်ကန်က ဘယ်နှစ်ချပ်၊ ခွက်က ဘယ်နှစ်လုံ။ လင်ဗန်းက
ဘယ်နှစ်ချပ်။ ဒီလိုပေါ့ဗျာ။
အဲဒီမှာ “လင်ဗန်းတစ်ချပ်” က ပျောက်နေတယ်။
အသားကင်ထည့်တဲ့ လင်ဗန်းပါ။ ကျွန်တော်တို့က ကင်ပြီးတော့
ဗန်းလိုက်သွားချပေးတာကိုး။ အဲဒီလင်ဗန်း တွေက အနော်သူငယ်ချင်း နန်းကြိုင်
ဆိုတဲ့ ကောင်မလေးက ငှားထားတာ။ သူက မနက်ကျတော့ သူဟာ တွေ လာသိမ်းတယ်။
သူက လင်ဗန်းပျောက်တာကို အော်ကြီး၊ ဟစ်ကျယ်နဲ့။
“ဟဲ့။ ငဇူး။ လင်ဗန်းတစ်ချပ် ရှာမတွေ့ဖူး။ ပျောက်ပြီထင်တယ်။ နင်ငါ့ဆီက ငှားတုန်းက မကွဲ၊ မရှ၊ မပျောက် စေရပါဘူးဆို၊
ခု ဘယ်လိုဖြစ်တုန်း” ဘာညာနဲ့ဗျာ။ လူကို လာအော်နေတာ။ သူနဲ့ကလည်း
ဘော်ဒါအရင်းကြီးတွေ။ သူ့ အကြောင်းကိုယ်သိ၊ ကိုယ်အကြောင်း သူသိ ဆိုတော့။ သူ
ဒီလိုပဲ အာပြဲ တာ သိနေတော့။
ကျွန်တော်လည်း
“အာ..လာအော်မနေနဲ့။ “က” သား ငါးရာ လာတဲ့ဟာကို။ နင့်ဟာမပျောက်ပါဘူး။
ရှိမှာပါ။ ပျောက်ရင်လည်း ဈေးထဲက ပြန်ဝယ်လိုက်၊ ငါခေါင်းကိုက်နေတယ်။ ဒါဗြဲ”
ဆိုပြီးပြောလိုက်တယ်။ ရိုးရိုးပြောတာတော့ မဟုတ်ပါဘူး။
ပြန်အော်ထည့်လိုက်တာ။ လူက ဒီမှာ ခေါင်းကိုက်နေတာတစ်မျိုး၊ သူတို့က
တစ်မျိုးဆိုပြီးလေ။ နန်းကြိုင်ကတော့ သူပစ္စည်းပျောက်လို့ ဆိုပြီး အနော်ကို
အမျိုးမျိုးတုတ် တော့ တာပါပဲ။
ငဇူး။ ငမူး။ သောက်ကောင်။ ပြောတော့ တစ်မျိုး၊ လုပ်တော့ တစ်မျိုးပေါ့ဗျာ။
စသဖြင့်ပေါ့။ တုတ်တာ။ သူက ငယ်ငယ်ကတည်းက ဒီလိုပဲ တုတ်နေကြဆိုတော့ အနော်လည်း
ဒီလိုပဲ ထားလိုက်တယ်။ ပြီးရင်တော့ ပြီးသွားတာပါပဲ သူက။
နှုတ်ကြမ်းတာလေးတစ်ခုပဲ။ ကျန်တာ အကုန်ကောင်းတယ်။ ဟီး စိတ်ရင်းပြော ပါတယ်။
သူက အနော်ကိုလည်း တုတ်ရင်း၊ သူ့ပစ္စည်းတွေလည်း သိမ်းရင်းပေါ့ဗျာ။
အားလုံးလည်း သိမ်းပြီးရော။ သူ့ဆိုင် ကယ်မှာ သေသေချာချာ ကြိုးနဲ့သိုင်းပြီး။
ကျွန်တော်ကိုတောင် နှုတ်မဆက်ပဲ။ “၀ူး” ခနဲ ဆောင့်ကြီး အောင့်ကြီးနဲ့
ဆိုင်ကယ်မောင်းပြီး ထွက်သွားပါယောလား။ ကျွန်တော်လည်း မြင်ပါတယ်။
သူစိတ်ဆိုးသွား မှန်းလည်း သိပါတယ်။ နောက်မှပဲ ချော့တော့ မယ်ဆိုပြီး
တဲထဲဝင်ပြီး အိပ်နေလိုက်တယ်။
တဲ ထဲဝင်ပြီး လဲယုံပဲ ရှိသေးတယ်ဗျာ။ ခြံရှေ့ နားက “၀ုန်း” ခနဲ။ အသံနဲ့အတူ။
“အောင်မြတ်လေး” ဆိုပြီး နန်းကြိုင်ရဲ့ စူးစူးဝါးဝါး အော်သံပါကြားလိုက်တယ်။
အနော်လည်း ဘာဖြစ်တာလဲဆိုပြီး တဲဝထွက် ကြည့်တော့…လားလား…နန်းကြိုက်ဗျို့။
ခြံဝကို ထွက်တဲ့လမ်းက ညောင်ပင်ကြီးရှေ့ မှာ ဆိုင်ကယ်ကြီးလှဲလို့။
သူတင်သွားတဲ့ ပန်းကန်တွေခွက်တွေလည်း ပြန့်ကျဲနေတာပဲ။ ချက်ခြင်းပဲ ကျွန်တော်
အဲဒီနားကို ပြေးသွား ရတယ်။ နည်းနည်းတော့လှမ်းတယ်။ ဟိုရောက်တော့
နန်းကြိုင်က ဆိုင်ကယ်ပိနေတယ်။ အဲဒါနဲ့ ဆိုင်ကယ် ကို အရင်မ၊ သူ့ကို ဆွဲထုတ်။
အိတ်ဇောက သူ့ခြေသလုံးကို ပိသွားတယ်။ ရစရာမရှိဘူး။ စုတ်ပြတ်သွားတာ။
ခြေသလုံးအသားကလေ။ သူက ဆိုင်ကယ်မှောက်တော့ တော်တော်လန့်နေတဲ့ပုံစံနဲ့။
ကျွန်တော်က သူ့ကို ဆွဲထူတော့ ငိုတော့တာပါပဲ။
ဘာဖြစ်တာလဲဆိုတော့။ သူက ပြောတယ်။ သူဆိုင်ကယ်စီးလာတုန်း ပုံးပြာကြီးနဲ့
လှမ်းထုတယ်တဲ့။ ဟုတ်လည်း ဟုတ်တယ်။ သူ့ဆိုင်ကယ်နားမှာ ကျွန်တော်တို့ညက
သောက်တုန်းက တောအရက်တွေ သယ်လာတဲ့ ပုံးအပြာရောင်တစ်ခုတွေ့တယ်။
ဘယ်သူထုတာလဲဆိုတော့။ သူက ညောင်ပင်ပေါ်ကို လက်ညိုးထိုးပြသဗျှ။ အနော်လည်း
ယောင်ယမ်းပြီး ညောင်ပင်ပေါ်တောင် မော့ကြည့်လိုက်သေးတယ်။ ဘယ်နှယ့်
ညောင်ပင်ပေါ်က ပုံးနဲ့ထုရတယ်လို့ မကြားဖူးပေါင်ဗျာ။
အဲဒါနဲ့ …
“နင်ဟယ်…မဟုတ်က၊ ဟုတ်က။ ကိုယ်ဘာသာကိုယ် မထိမ်းနိုင် မသိမ်းနိုင်
ဆိုင်ကယ်မှောက်တာကို ညောင်ပင်က ပုံးနဲ့ထုရအုံးမလား” လို့ မေးမိပါတယ်။
အဲဒီမှာသူက တုတ်တော့တာပါပဲ။ ဒုတိယံမိ အတုတ် ခံရခြင်းလေ။ တစ်နေ့တည်း နှစ်ခါ။
သူကို အဲဒီလိုပြောရမလားဆိုပြီးတော့ပေါ့နော်။ ညောင်ပင်ပေါ်က
အဲဒီပုံးလိမ့်ဆင်းလာတာပေါ့။ သူ့ဆိုင်ကယ်ရှေ့ကိုအဲဒါသူက ရှောင်လိုက်တော့
ညောင်ပင်ဘက်ကို ဆိုင်ကယ် ဟန်တယ်က ၀င်သွားပြီး မှောက်တာတဲ့။ အနော်ကတော့
သူပြောတာ ဟုတ်၊ မဟုတ် မသေချာ တော့။ ညောင်ပင်ပေါ်ကိုပဲ
သေသေချာချာလိုက်ကြည့်နေလိုက်တယ်။ အမှန်က အမှုပတ်မှာ ကြောက်တာ လည်းပါတယ်။
သူ့ ဘာသာသူ ဆိုင်ကယ်မှောက်တာ၊ ပြီးတော့ သူ့ပစ္စည်းတွေ ကွဲတဲ့ဟာ
ကွဲကုန်ပြီလေ။ အဲဒါအနော်ကို လှည့် လျော်ခိုင်း ဘယ်နှယ့်လုပ်မတုန်း။
သူကပြောလို့ရတာမဟုတ်ဘူး။ “နင့်ကြောင့်ဆို…နင့်ကြောင့်ပဲ ။ ဘယ်သူကြောင့်မှ
မဟုတ်ဘူး” ဆိုတဲ့ လူစားရယ်။ အဲဒီလိုနဲ့ ညောင်ပင်ပေါ်ကြည့်နေတုန်း ဘာသွား
တွေ့တယ် ထင်တုန်း။ အစကတော့ အဖြူလေးနဲ့ ပြားပြားလေးက ဘာလဲမသိဘူး
ဆိုပြီးကြည့်နေ တာပါ။ သေသေချာချာကြည့်တော့မှ… လင်ဗန်းဗျ။ လင်ဗန်း။
အနော်လည်း တော်တော်ကို အံ့သြသွား တယ်။
ဘယ်နှယ်! ညက လင်ဗန်းက ညောင်ပင်ပေါ်ရောက်နေရတာတုန်း ဆိုပြီးလေ။ အဲဒါနဲ့ တင်းပြီး အားလုံးကို လှည့်အော်တော့ တာ…နန်းကြိုင်တော့ ပါဝူး ။
“ဟ…ဘယ်ကောင် လက်ကမြင်းထားတာလဲကွ။ လင်ဗန်းက ညောင်ပင်ပေါ်တင်ထားတယ်။
ငါ..ခွီးထဲမှ” ဘာညာနဲ့ အနော် ညောင်ပင်ပေါ်ကို တတ်သွားလိုက်တယ်။ ပြီးတော့
အဲဒီလင်ဗန်းကို ယူလာလိုက်တယ်။ ဟုတ်တယ်ဗျ။ လင်ဗန်းက အညှီနံတောင် ထွက်နေသေး။
ညက အသားကင်တော့ အသားစိမ်းတွေ အဲဒီပေါ်တင်ထားတာလေ။ အဲဒါကြောင့်
ညှီနံထွက်နေတာ။ ဒါကတော့ မနေ့ကလာတဲ့ အထဲက တစ် ယောက်ယောက် လုပ်တာဖြစ်မှာပါ။
စချင်တာလည်းပါမယ်။ နောက်ချင်တာလည်း ပါမယ်ထင်တာပဲ။ ကျွန်တော် ကတော့
အဲဒီလိုလုပ်တဲ့ကောင် တွေ့ရင်တော့ ဆွဲသာထိုးချင်တော့တာ။
ကျွန်တော် လင်ဗန်းယူချလာတော့ စံလင်းတို့ယော၊ အလုပ်သမားတွေရော မျက်စိပြူး၊
မျက်ဆန်ပြူး ဖြစ်ကုန်တယ်။ ဒီလင်ဗန်းကို ဘယ်သူယူတင်ထားလဲဆိုတာ ဘယ်သူမှ
မသိဘူး။ ဒါပေ့မယ် ညက တွေ့ခဲ့တဲ့ လင်ဗန်းနဲ့ အသားကင် အုပ်နေတဲ့ ဘဲက
ဒီလင်ဗန်းနဲ့ အုပ်နေတာလည်း ဖြစ်နိုင်တယ်။ ဒီဘဲရုပ်ကိုက သူခိုး ရုပ်လေ။
ခမောက်လည်းဆောင်းထားသေး။ မျက်နှာကလည်း ပန်းပုရုပ်နဲ့။ သူတင်တာလည်း
ဖြစ်နိုင်တယ်။ ဒါကျွန်တော်တွေးတာပါ။
ဒါပေ့မယ် ဒီဘဲက ကျွန်တော် သူငယ်ချင်း မဟုတ်တာသေချာတယ်။ ပြီးတော့ ဒီမြို့
ပတ်ဝန်းကျင်မှာလည်း ဒီလိုမျက်နှာမျိုး ကျွန်တော် မတွေ့ ဖူးဘူးလေ။
အတွေးတွေကတော့ အစုံပါပဲ။ လင်ဗန်းကို ကိုင်ပြီးတော့လေ။ အားလုံးကလည်း
အဲဒါကိုပဲကြည့်နေကြတာ။ နန်းကြီုင်ကတော့ ပေါက်ကွဲနေတယ်။ ဘယ်မသာ လက်
ကမြင်းပြီး လုပ်လဲမသိဘူးဆိုပြီးလေ။ ကြည့်ရတာ ဒါဆိုရင်တော့ နန်းကြိုင်ပြောတာ
မှန်နိုင်တယ်။ ပုံးကို လည်း အဲဒီအပေါ်ကို တင်ခဲ့တယ်ထင်တယ်။
တိုက်ဆိုင်ချင်တော့ နန်းကြိုင်ဆိုင်ကယ်နဲ့ အသွားမှာ ပြုတ်ကျ တာလည်း
ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီမှာက အကုန်လုံးက သိနေတာပဲ။
ဒီလိုမျိုးကြီးတော့ မစကြပါ ဘူး။ မနောက်ကြပါဘူး။ ဟုတ်တယ်မလား။ ဆိုင်ကယ်က
အနောက်မှာ ပန်းကန်တွေတင်လာတော့ ၀ိတ်ပါ တယ်ဆိုတာ လူတိုင်းသိတာကို။
ဝူး….မောပါတယ်ဗျာ။
အဲဒါနဲ့ နန်းကြီုင်ကို တဲထဲခေါ်ပြီး ဆေးလူးပေးပေါ့။ ပြီးတော့ သူ့ကိုလည်း
တောင်းပန်ရသေးတယ်။ ပန်းကန် တွေ ကွဲရှကုန်တာ အကုန် ပြန်လျော်ပေးပါ့မယ်။
ပါးပါးနဲ့ အလင်းကို သွားမပြောပါနဲ့ ဆိုပြီးလေ။ သူသွား ပြောလိုက်ရင်
အကုန်ပေါ်ကုန်မှာ။ ပေါ်ရင် ဆဲမှာဗျ။ ကိုယ်လုပ်ပေးတာလေး မျက်နှာကောင်းရတော့မှာ
မဟုတ်ဘူးရယ်။ နာမည်ဆိုးကထွက်လာမှာ။ ငဇူးတို့ သောင်းကျန်းတာလေ ဆိုပြီး။
အဲဒါကြောင့် နန်းကြိုင်ကို ချော့ပြီးတော့ တောင်းပန်နေရတာ။ တော်တော်
မျက်နှာငယ်ပါတယ်ဗျာ။ ဘ၀က ဟင့် ။ သူက ဘာမှ ပြန်မပြောဘူးရယ်။ဆေးလိမ်းပြီး
ပတ်တီးစီးပေးတာတော့ ငြိမ်ခံနေတာပဲ။ အသံတော့ ဘာမှ မထွက်လာ ဘူးရယ်။
မျက်နှာကြီးက တင်းပြီးတော်တော်ကို ပေါက်ကွဲတဲ့ပုံစံနဲ့ ကြည့်နေတာ။ ဒီလိုနဲ့
သူကို ကျွန်တော် ဆိုင်ကယ် နဲ့ပဲ ခေါ်လာရတယ်။ ပြီးတော့ သူ့
အိမ်လိုက်ပို့ရတယ်ပေါ့ဗျာ။ မတာမလေးကဗျာ။ သူ့ အိမ်လည်း ရောက် ရော…သူ့အမေကို
ဖက်ပြီး ငိုတော့တာပဲ။ ပြီးတော့
သူ့ ခြေသလုံးက ဒဏ်ရာကြီးကို ပြပြီး “ဒါပေါ့၊ ငဇူး ခြံထဲမှာ ဖြစ်ခဲ့တာ”
ဆိုတော့ဗျာ။ သမီးထိတော့ အမေ ဘယ်နေလိမ့်မတုန်း။ တုတ်တော့တာပေါ့ဗျာ။
သူ့အမေကလည်း ငယ်ငယ်ကတည်းက အနော်နဲ့သိတယ်။ နယ်မှာဆိုတော့ ဒီလိုပဲ။
အကုန်လုံးက ပတ်သိနေတာ။ သူ့အမေဆဲတော့ ခံရတာပေါ့ဗျာ။ ရှင်းပြလို့မှ
မရတာကိုးနော့။
အဲဒီမှာသူ့ အမေက ဘာပြောလဲဆိုတော့….
“သူ့သမီးခြေသလုံး လှလှလေး ဒီလိုဖြစ်တာ နင့်ကြောင့်၊ သူတို့အိမ်က အိုးခွက်၊
ပန်းကန်တွေ ကွဲတာ နင့်ကြောင့်” ဘာညာနဲ့ဗျာ။ နင့်ကြောင့်တွေ ထပ်နေတာဗြဲ။
အနော်ကြာတော့ ပေါက်လာတယ်ဗျ။ ဘယ်နှယ့်
ဘယ်လိုမှတောင်းပန်လို့ကိုမရတဲ့ဟာတွေဆိုပြီးလေ။ အဲဒါနဲ့
ပြန်တော့မယ်ဆိုပြီးတော့….ခြံဝကနေ ဆိုင်ကယ် ခွပြီး ဒီလိုအော်ခဲ့တယ်။
“ဘယ်နှယ့် ၊ သောက်ကျိုးနည်း နန်းကြိုင်ခြေသလုံးများလှတယ်တဲ့၊
ငါနှယ့်…သတ်သာသေလိုက်ချင်တာ့ တယ်။ ပလောင်တောင်တတ် ခြေသလုံးကိုများ”
ဆိုပြီးလေ။ အော်ပြီးတာနဲ့ ဆိုင်ကယ်ကို “၀ှီ” ခနဲ နေအောင် သုတ်တာ။
သိတယ်။ အနောက်ကနေ ၀ါးလုံးပျံတို့၊ တုတ်ပျံတို့ လိုက်လာမယ်ဆိုတာ။
နန်းကြိုင်အမေများဗျာ။ ဘယ် လောက်တောင် တင်းသွားလဲဆိုရင်… ထမိန်မပြီး
လိုက်လာတာ။ ဈေးလေးနားထိရောက်တယ်ဆိုဗြဲ။ မနာလို့လည်း မရဘူးလေ။ သူက
သူ့သမီးခြေသလုံးကလှလှလေးဆိုတာကို အနော်က တောင်တတ်လို့ တုတ်ပြီး၊
တောင့်တင်းနေတဲ့ ပလောင်မခြေသလုံးနဲ့ နှိုင်းယှဉ်ပေးလိုက်တာကိုး
အရိုက်ထိသွားတာပေါ့
ဟေးဟေး ။ ဟုတ်တယ်လေဗျာ။
ပြသနာတစ်ခုကို သေးအောင် ဖုံးတယ်။ ဖိတယ်။ မရဘူးလား။ ဘယ်လိုမှ မရရင်၊
ငဇူးတို့က ဓါတ်ဆီ လောင်းပြီး မီးရှို့ ပလိုက်တယ် ပြီးယော ဟေးဟေး။
ဆိုင်ကယ်မောင်းပြီး ပြေးရင်းနဲ့ ဟိုမနေ့ညက လင်ဗန်းနဲ့ အသားကင်စားနေတဲ့
ငနဲကိုလည်း မြင်ယောင်မိတယ်။ ဒီကောင်ကိုလည်း ဆုံးမရမယ်ဆိုပြီးလေ။ အဲဒါနဲ့
ဒီလိုကောင်တွေရှိတတ်တဲ့ အရက်ဆိုင်တွေဘက်ကို ဆိုင်ကယ်ခြေဦးလှည့်လိုက်တယ်။
သူတို့ရှိတတ်တဲ့ နေရာ တွေကို အရင်လိုက်ရှာရမယ်။ ပြသနာက တတ်နေပြီလေ
ကိုယ်လည်း မငြိမ်းနိုင်တော့ နည်းနည်း တော့ ထပ်ရှာပြီးမှ
အပြစ်ခံတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း တစ်ခါတည်းချလိုက်တယ်။
(ဆက်ရန်)
သရဲအကြောင်း ပြောကြမယ် (ပေတလောကကို စိတ်ဝင်စားသူများ)
ကိုဇူးဇူးအောင်
0 comments:
Post a Comment