<div style='background-color: none transparent;'></div>

Home » » ဗုံးထောင် သံသယရှိသူ(၈)ဦး ဖမ်းမိသော်လည်း စေခိုင်းသူ လွတ်မြောက်နေဆဲ

ဗုံးထောင် သံသယရှိသူ(၈)ဦး ဖမ်းမိသော်လည်း စေခိုင်းသူ လွတ်မြောက်နေဆဲ


ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့်ဖြူးမြို့များ၌ ဗုံးထောင်ခဲ့သူဟု သံသယရှိသူ(၈)ဦး ဖမ်းဆီးရမိထားပြီး ဗုံးခွဲရန်ခိုင်းစေသူ၊ နှင့် ကိုယ်တိုင်ဗုံးထောင်သူဟု CCTV (စောင့်ကြည့်ကင်မရာ)မှ ရှာဖွေနိုင်ခဲ့သည့် နေတိုး(ခ)စောရွှေထူးသည် တိမ်းရှောင်နေဆဲ ဖြစ်သည်ဟု  မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းထံမှ သိရသည်။

နေတိုး(ခ) စောရွှေထူး (ဘ) ဦးပန်းအောင် ၃/ ဖပန(နိုင်) ၀၂၄၈၅၈ သည် ဖမ်းမိထားသူ(၈)ဦးအနက်တစ်ဦးဖြစ်သည့် စောင့်မြင့် လွင်ကို ရန်ကုန်မြို့တွင်ဗုံးခွဲရန် ပိုက်ဆံငါးသိန်းပေးထားကြောင်း ဗုံးခွဲပြီးပါက ရွှေလုပ်ကွက်ပေးမည်ဟုပြောကြောင်း စောမြင့်လွင် က ထွက်ဆိုထားသည်ဟု ရဲချုပ်ဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာ(၁၈)ရက်၊ ညနေသုံးနာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ်သောမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရဲချုပ်မှထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဗုံးထောင်ခဲ့သူ ထွက်ပြေးတိမ်းရှောင်နေသူ နေတိုး(ခ)စောရွှေထူးသည် KNU ၏ စီးပွားရေးအဖွဲ့ဝင် ဖြစ်ပြီး၊ ဖမ်းမိထားသူ စောမြင့်လွင်မှာ ယခင်က KNU၌ ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

ထိုအချက်များကြောင့် KNU သည် ဗုံးကွဲသည့်ကိစ္စများနှင့် သက်ဆိုင်သည်ဟု မယူဆစေလိုကြောင်းနှင့် KNU အား တာဝန်ယူ ဖြေရှင်းခိုင်းနေခြင်းလည်း မဟုတ်ကြောင်းကိုလည်း နားလည်မှုလွဲမှားစွာဖြင့် မရေးသားကြရန် ပြန်ကြာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မေတ္တာရပ်ခံခဲ့သည်။

စောမြင့်လွင်အား ဘီးလင်းမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ နေတိုး(ခ)စောရွှေထူးမှ ထိုကဲ့သို့ဗုံးခွဲနေခြင်းများသည် မိမိတို့နိုင်ငံ ပွင့်လင်းလာသည်နှင့်အမျှ နိုင်ငံခြားသားများ ၀င်ရောက်လာကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများ မ၀င်ရောက်စေရန် ရည်ရွယ်ဗုံးခွဲခြင်းဖြစ်ကြောင်း စောမြင့်လွင်က ထွက်ဆိုခဲ့သည်ဟု သိရသည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့် ဖြူးမြို့များတွင် ဗုံးပေါက်ကွဲမှု(၆)ကြိမ်၊ ဗုံးတွေ့ရှိမှု ဖြစ်စဉ်(၄)ကြိမ်ဖစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု သိရသည်။

ထိုကိစ္စများအပြင် အောက်တိုဘာ(၁၆)ရက်နေ့ညဘက်နှင့် အောက်တိုဘာ (၁၇)ရက်နေ့ မနက်ကလည်း နမ့်ခမ်းမြို့ ဗုံးကွဲမှုဖြစ်စဉ် (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ ထိုကိစ္စသည် နေတိုး(ခ)စောရွှေထူးတို့ ဖောက်ခွဲနေသည့် ဗုံးများနှင့် သက်ဆိုင်ခြင်း ရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ရဲချုပ်က ဆိုသည်။

BY ကောင်းမြတ်ဖြိုး၊ မင်းဟိန်းထက် ( မြစ်မခ )

 mmforward
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map