<div style='background-color: none transparent;'></div>

Home » » မြန်မာ အမျိုးသမီးအသင်း လာအိုကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရ

မြန်မာ အမျိုးသမီးအသင်း လာအိုကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရ


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေသည့် ၂ဝ၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု ဒုတိယနေ့ ပွဲစဉ်များကို ယနေ့ ညနေ ၃ နာရီခွဲမှစ၍ သုဝဏ္ဏကွင်း၌ ကျင်းပရာ ပထမ ပွဲစဉ်တွင် မြန်မာအသင်းက လာအိုအသင်းကို ၅ ဂိုး ပြတ်ဖြင့် အနိုင် ရရှိခဲ့သည်။

အိမ်ရှင်မြန်မာ အသင်းမှာ လာအိုအသင်းကို ဂိုးပြတ်သွင်းယူပြီး ပွဲဦးထွက် နိုင်ပွဲစတင် ရရှိခဲ့သည်။ မြန်မာအသင်းမှာ ခြေအသာဖြင့် လာအိုအသင်းကို တောက်လျှောက် ဖိကစား နိုင်ခဲ့သော်လည်း ပထမ ပိုင်းတွင် တိုက်စစ်ကစားပုံ အမှားအယွင်းများနေ၍ ဂိုးရရန် ရုန်း ကန်နေရသည်။ အိမ်ရှင်မြန်မာအသင်း မှာ စန်းစန်းမော် (အသင်းခေါင်းဆောင်)၊ မိုးမိုးဝါ၊ သန်းသန်းထွေး၊ ရီရီဦးတို့ဖြင့် ပွဲထွက်ကစားခဲ့ပြီး တိုက်စစ်၌ အချိတ်အဆက် လွဲချော် နေမှုကြောင့် မိနစ် ၃ဝ မှ ဂိုးစတင်ရရှိခဲ့သည်။ မြန်မာအသင်း အတွက် ပထမဂိုးကို အသင်းခေါင်းဆောင် စန်းစန်းမော်က ပယ်နယ်တီမှ တစ်ဆင့် သွင်းယူပေးခဲ့သည်။ ဒုတိယ ပိုင်းတွင် ခင်မာလာထွန်း ဝင်လာ၍ မြန်မာအသင်း တိုက်စစ်ပိုကောင်းလာပြီး ၅၃ မိနစ်တွင် ခင်မာလာထွန်းက ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက စိတ် ကြိုက်ပိုကစားသွားပြီး ၇၆ မိနစ်တွင် ရီရီဦး၊ ၇၉ မိနစ်နှင့် ၈၁ မိနစ်တွင် ခင်မိုးဝေတို့က အနိုင်ဂိုးများ ထပ်မံသွင်းယူ ပေးခဲ့သည်။

ဒုတိယပွဲစဉ်အဖြစ် အင်ဒိုနီးရှား အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဖိလစ်ပိုင် အသင်းက ၆ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

စက်တင်ဘာ ၁၂ ရက် ညနေ ၃ နာရီ ခွဲတွင် မလေးရှားနှင့် သြစတြေးလျ၊ ည ၇ နာရီ ၁၅ မိနစ်တွင် ဂျော်ဒန်နှင့် ထိုင်း တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။


မြ၀တီ...................မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map