<div style='background-color: none transparent;'></div>

Home » » မက္ကဆီကိုမြို့တော်တွင် ဆရာများနှင့် ရဲများပဋိပက္ခဖြစ်

မက္ကဆီကိုမြို့တော်တွင် ဆရာများနှင့် ရဲများပဋိပက္ခဖြစ်


မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၁၄။

အဓိကရုဏ်းနှိမ်နှင်းသည့် ရဲရာပေါင်းများစွာ မက္ကဆီကို စီးတီးသမိုင်းဝင်မြို့လယ်နေရာတစ်ခုတွင် မီးလောင်ဗုံးများဖြင့် ပြန်လည်တုံ့ပြန်ကြသော ဆန္ဒပြနေကြသည့် ဆရာများကို ရှင်းလင်းရန် မျက်ရည်ယို ဗုံးများနှင့် ရေပိုက်များသုံးကာ နေရာကိုပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

ပညာရေးပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သည့်အနေနှင့် ဇိုကာလိုရင်ပြင်တွင် ပြုလုပ်သော ဆန္ဒပြပွဲ ရက်သတ္တပတ်များစွာ အကြာ ယခုတစ်ပတ် ပိတ်ရက်များအတွင်း နိုင်ငံ၏လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရန် နေရာဖယ်ပေးရန် တောင်းဆိုထားသောနောက်ဆုံးရက်ကို ရာနှင့်ချီသည့် ဆန္ဒပြသူများက ကျော်လွန်လာချိန်တွင် သောကြာနေ့ကဖြစ်ပွားသည့် ပဋိပက္ခအတွင်းတွင် အနည်းဆုံး လူ ၄၀ ဒဏ်ရာရှိခဲ့သည်။

အများအားဖြင့်တုတ်များကိုင်ဆောင်ထားပြီး မျက်နှာဖုံးများဝတ်ဆင်ထားသည့် ဆရာများသည် အမျိုးသား နန်းတော်၊ အက်ဇ်တက်အပြိုအပျက်များနှင့် မြို့တော်ဘုရားရှိခိုးကျောင်းကြီးရှိသည့် ဇိုကာလိုရင်ပြင်တွင်းသို့ ရဲများ ဝင်ရောက်မှုကို တားဆီးရန် သတ္တုအတားအဆီးများချထားခြင်း၊ အမှိုက်များကိုမီးရှို့ခြင်းတို့ကို လုပ်ဆောင်ကြသည်။

ဆရာထောင်ပေါင်းများစွာသည် လွန်ခဲ့သည့် သုံးပတ်မှစတင်ကာ ရင်ပြင်တွင်နေရာယူထားခဲ့ခြင်းဖြစ်ကာ ဖယ်ရှားရမည့်နောက်ဆုံးရက်မတိုင်မီ အများစုထွက်ခွာသွားခဲ့ကြပြီး တဲများ အမှိုက်များကို ချန်ထားခဲ့ကြသည်။

ရဲများသည် ရင်ပြင်ကို နာရီဝက်အတွင်းရှင်းလင်းကာ တနာရီကြာပြီးချိန်တွင် ယာယီတဲများမှ ပလတ်စတစ်များကို ဖယ်ရှားပြီးဖြစ်သည်။

ရဲများယခုကဲ့သို့လုပ်ဆောင်ခြင်း မတိုင်မီတွင် သမ္မတအန်ရစ်ပီနာနေးတိုက တနင်္ဂနွေနှင့်တနင်္လာနေ့တွင် ဇိုကာလိုရင်ပြင်တွင် ပြုလုပ်မည့် လွတ်လပ်ရေးအောင်ပွဲအတွက် ဖိတ်ခေါ်မှုတစ်ခုထုတ်ပြန်ခဲ့သည်။

ဘေးလမ်းများတွင်မူ ရဲများနှင့် ဆန္ဒပြသူများကြား ပဋိပက္ခဆက်လက်ဖြစ်ပွားနေသည်။ဆန္ဒပြသူတချို့သည် မျက်နှာဖုံးများတပ်ထားပြီး ကျောက်တုံးများ၊ သံပိုက်များကိုင်ဆောင်ထားကြပြီး ရဲများက ရေများဖြင့်ဖျန်းပက် တုံ့ပြန်ခဲ့ကြသည်။

ပဋိပက္ခအတွင်း အနည်းဆုံး ဆန္ဒပြသူ ၂၉ ဦး ရဲအရာရှိ ၁၁ ဦးဒဏ်ရာရရှိကြောင်း မက္ကဆီကို ကြက်ခြေနီအဖွဲ့နှင့် အမျိုးသားလုံခြုံရေးကော်မရှင်၏ ရဲတပ်ဖွဲ့တို့ထံမှ သိရသည်။

သမ္မတသည် ယခုတစ်ပတ်အတွင်းတွင် ပညာရေးပြုပြင်ပြောင်းလဲမှုမူတစ်ခုကို အတည်ပြုပေးခဲ့ပြီး ၎င်းမူတွင် ဆရာများသည် မဖြစ်မနေလုပ်ဆောင်ရန်ပြဌာန်းထားသောစွမ်းရည်အကဲဖြတ်ခြင်းကို လုပ်ဆောင်ရန် လိုအပ်ကြောင်းပါရှိပြီး ဆရာများက ဥပဒေသစ်သည် ၎င်းတို့၏အလုပ်သမားအခွင့်အရေးများကို ချိုးဖောက်ကြောင်းပြောကြားကြသည်။

Myanmar Forward.............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map