Home »
သတင်း
» Peninsula Hotel ဟိုတယ်ဆောက်လုပ်မည့် ပုံစံကို တွေ့ရစဉ်
Peninsula Hotel ဟိုတယ်ဆောက်လုပ်မည့် ပုံစံကို တွေ့ရစဉ်

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မီးရထားရုံးကို ပုံစံမပျက်စေဘဲ
အခန်း ၈၀၀ ပါ Peninsula Hotel ဆောက်လုပ်မည်ဖြစ်ပြီး ဇိမ်ခံကွန်ဒို
အဆောက်အအုံနှင့် လူနေတိုက်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း Hongkong and Shanghai (HSH) အုပ်စု၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စီမံကိန်းများ ဆောင်ရွက်ရန်အတွက် HSH နှင့် Yoma Strategic
Holdings (YSH) တို့ အကျိုးတူ ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ YSH ၏
ထုတ်ပြန်ချက်အရ မီးရထားရုံး အဆောက်အအုံနှင့်တွဲပြီး ကြယ်လေးပွင့်အဆင့်
ဟိုတယ်တစ်လုံး ပါဝင်မည်ဖြစ်ပြီး ကြယ်ငါးပွင့်အဆင့် ဇိမ်ခံကွန်ဒိုမီနီယမ်
တစ်လုံး၊ အဆင့်မြင့်တိုက်ခန်း အဆောက်အအုံတစ်လုံးနှင့်
ရုံးခန်းအဆောက်အအုံနှစ်လုံး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ
စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် ရင်းနှီးမြှုပ်နှံရန်
စီစဉ်ထားပြီး ၂၀၁၇ ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းထားသည်။ ထို့အတူ
Peninsula Hotel များကို မန္တလေးနှင့် ပုဂံတို့တွင်လည်း တည်ဆောက်ရန်
ဆက်လက်ဆွေးနွေးနေကြောင်း သိရသည်။ ဟိုတယ်အဖြစ် ပြုပြင်သွားမည့်
မြန်မာ့မီးရထား ရုံးချုပ်အဆောက်အအုံကို ၁၈၇၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး
လက်ရှိရန်ကုန်မြို့၏ အမျိုးသား အမွေအနှစ်အဖြစ် ထိန်းသိမ်းကာကွယ်
စောင့်ရှောက်ရမည့် အဆောက်အအုံ ၁၈၉ ခုအနက် တစ်ခုအပါအ၀င် ဖြစ်သည်။ Yoma
Strategic Holdings သည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့်
လုပ်ငန်းတစ်ခုဖြစ်ပြီး SPA အုပ်စုဝင် လုပ်ငန်းတစ်ခု ဖြစ်သည်။ စင်ကာပူ၊
တရုတ်နှင့် မြန်မာနိုင်ငံတို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး
၎င်း၏အဓိက လုပ်ငန်းများမှာ အိမ်ခြံမြေ၊ စိုက်ပျိုးရေးနှင့် မော်တော်ယာဉ်
လုပ်ငန်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း SPA၊ FMI တို့နှင့် အကျိုးတူ
ဖက်စပ်လုပ်ငန်းများစွာကို လုပ်ကိုင်လျက် ရှိသည်။ SPA အုပ်စုကို ဦးသိမ်းဝေ
(Serge Pun) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဦးဆောင်လုပ်ကိုင်လျက် ရှိသည်။
Peninsula Hotel အုပ်စုကို The Hongkong and Shanghai Hotel (HSH) အုပ်စုက
တည်ထောင်ထားခြင်း ဖြစ်သည်။ HSH ကို ၁၈၆၆ ခုနှစ်တွင်
စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်စတော့အိပ်ချိန်းဝင် ကုမ္ပဏီဖြစ်သည်။
အဆိုပါ ဟိုတယ်အုပ်စုသည် အာရှ၊ ဥရောပနှင့် အမေရိကန် နိုင်ငံတို့တွင်
လုပ်ငန်းများ အဓိက ဆောင်ရွက်နေခြင်း ဖြစ်သည်။
Peninsula Hotel
များကို ဟောင်ကောင်၊ ရှန်ဟိုင်း၊ ဘေဂျင်း၊ တိုကျို၊ ဘန်ကောက်၊ မနီလာ၊
နယူးယော့ခ်၊ ချီကာဂို၊ ပဲရစ် စသည့်တို့တွင် ဖွင့်လှစ်ထားပြီး
ယခုရန်ကုန်မြို့တွင် ဟိုတယ်ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။
Eleven Media Group.......................မှ
0 comments:
Post a Comment