<div style='background-color: none transparent;'></div>

Home » » လုံခြုံရေးအားနည်းမှု၊ ပရိသတ်များ၏ အလွန်အကျူး အားပေးမှုများကြောင့် ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကစားခဲ့သည့် နေပြည်တော်-ရန်ကုန် MNL ပွဲစဉ်ကို ပွဲချိန် ၃၇ မိနစ်တွင် ရပ်ဆိုင်းခဲ့ရ

လုံခြုံရေးအားနည်းမှု၊ ပရိသတ်များ၏ အလွန်အကျူး အားပေးမှုများကြောင့် ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကစားခဲ့သည့် နေပြည်တော်-ရန်ကုန် MNL ပွဲစဉ်ကို ပွဲချိန် ၃၇ မိနစ်တွင် ရပ်ဆိုင်းခဲ့ရ


Monday, August 05, 2013

၂၀၁၃ MNL ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ် ၂၂ ဒုတိယနေ့ ပွဲစဉ်အဖြစ် သြဂုတ် ၄ ရက်က နေပြည်တော်နှင့် ရန်ကုန်အသင်းတို့
နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ လုံခြုံရေး အခြေအနေ အားနည်းမှု၊ ပရိသတ်များ၏ အလွန်အကျူး အားပေးမှု၊ နှစ်ဖက်ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ပွဲချိန် ၃၇ မိနစ်တွင် ပွဲရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။

ယင်းပွဲကို မူလက နေပြည်တော်အသင်း၏ အိမ်ကွင်းဖြစ်သည့် NPT ကွင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း လုံခြုံရေး အခြေအနေအရ ၀ဏ္ဏသိဒ္ဓိကွင်းသို့ ပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ပွဲမတင်မီ ကတည်းက နှစ်ဖက်အသင်း ပရိသတ်များမှာ အပြန်အလှန် အချင်းများကာ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ပွဲချိန်အတွင်း၌လည်း နေပြည်တော် ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သိရသည်။ ပွဲချိန် ၃၄ မိနစ်တွင် ရန်ကုန်ကစားသမား ဒေးဗစ်ထန်းကို
နေပြည်တော် နောက်ခံလူများက ပယ်နယ်တီ ဧရိယာအတွင်း ဖျက်ထုတ်ခဲ့ရာ ဒိုင်လူကြီးက ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့သည်။ ယင်းပယ်နယ်တီမှာ အငြင်းပွားဖွယ် အနေအထားဖြစ်နေပြီး ပရိသတ်တစ်ဦးက ကွင်းထဲဝင်လာကာ ဒိုင်လူကြီးကို ရန်ပြုရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယင်းပယ်နယ်တီကို ရန်ကုန်တိုက်စစ်မှူး ဆီဇာက ကန်သွင်းယူ
ခဲ့သောကြောင့် ရန်ကုန်အသင်းက (၁-၀)ဂိုးဖြင့် ဦးဆောင်နေချိန် ပွဲချိန် ၃၇ မိနစ်တွင် နှစ်ဖက်ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအကြား အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပွဲကြည့်စင်ပေါ်မှ နေပြည်တော် ပရိသတ်များက ကွင်းအတွင်း ၀င်ရောက်လာကာ ရုန်းရင်းဆန်ခတ်
ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပွဲကိုခေတ္တ ရပ်နားခဲ့ရပြီး မိနစ် ၄၀ ခန့် စောင့်ကြည့်မှု ပြုလုပ်ပြီးနောက် ဆက်လက်ကစားရန် မဖြစ်နိုင်တော့သဖြင့် ပွဲကိုရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပွဲကိုရပ်ဆိုင်းခဲ့သောကြောင့် ပွဲအပြီးတွင် ပြုလုပ်ရန် စီစဉ်ထားသည့် MNL ဆုပေးပွဲ အခမ်းအနားကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ ယင်းကဲ့သို့ ရပ်ဆိုင်းခဲ့ရခြင်းမှာ MNL သမိုင်းတစ်လျှောက် ပွဲမပြီးဆုံးခင် ရပ်ဆိုင်းခဲ့ရသည့် ပထမဆုံး ပွဲစဉ်ဖြစ်ခဲ့ကြောင်း သိရသည်။

"ဆီးဂိမ်းစ်ပြိုင်ပွဲလို နိုင်ငံတကာ အဆင့်ပွဲတွေလုပ်မယ့် ဒီလိုနေရာမျိုးမှာ ဒါမျိုးမဖြစ်သင့်ပါဘူး။ လုံခြုံရေး အခြေအနေကလည်း အရမ်းအားနည်းတယ်။ တခြားပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူခဲ့ကြပေမယ့် ဒီပွဲမှာတော့ ကွင်းလုံခြုံရေးတွေပဲ ရှိတယ်။ ပရိသတ်တွေရဲ့ အလွန်အကျူး အားပေးတဲ့ ပုံစံတွေကလည်း ဆီးဂိမ်းစ်လို နိုင်ငံတကာ ပြိုင်ပွဲတွေ လက်ခံကျင်းပရမယ့်
မြန်မာနိုင်ငံအတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်" ဟု ယင်းပွဲကို သွားရောက်သတင်းရယူခဲ့သူ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းပွဲစဉ်ကို ရန်ကုန်မြို့မှ လိုက်ပါကြည့်ရှုခဲ့သူ ပရိသတ် တစ်ဦးကလည်း "အခုနောက်ပိုင်း နယ်မြို့တွေမှာလုပ်တဲ့ ပွဲတွေကို လိုက်အားပေးရတာ မလုံခြုံဘူး ဖြစ်နေတယ်။ ပွဲတိုင်းလိုလို ပြဿနာ ဖြစ်တယ်ဆိုတဲ့ အသံတွေ ကြားနေရလို့ တာဝန်ရှိသူတွေ အနေနဲ့ လုံခြုံရေးကို ဒီထက်ပိုပြီး တာဝန်ယူပေးသင့်တယ်။ အိမ်ကွင်း၊ အဝေးကွင်း ဖြစ်လာတဲ့အချိန်မှာ လုံခြုံရေး အားနည်းမှုက အဝေးကွင်းပွဲတွေကို လိုက်အားပေးမယ့် ပရိသတ်တွေအတွက် အတားအဆီး ဖြစ်စေပါတယ်" ဟု ပြောကြားခဲ့သည်။

eleven media group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map