Home »
သတင်း
» လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်ရှိ CP ကြက်အူချောင်း စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်ရှိ CP ကြက်အူချောင်း စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

Created on Saturday, 03 August 2013 02:59
သြဂုတ် ၂ ရက် ည ၉ နာရီ ၄၅ မိနစ် ခန့်က ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဦးတရုတ်ကြီးလမ်း အမှတ် ၂၇၉ ရှိ
CP ကြက်အူချောင်း စက်ရုံအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ စက်ရုံအတွင်းရှိ ကုန်သိုလှောင်ရုံ အတွင်းပိုင်းတွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၉ နာရီ ၄၅ မိနစ်ခန့်မှ စတင်လောင်ကျွမ်းခဲ့ကာ ည
၁၀ နာရီ ၃၄ မိနစ်တွင် မီးထိန်းထား နိုင်ခဲ့သည်။
ည ၁၀ နာရီ ၄၅
မိနစ်ခန့်တွင် မီးလောင်မှုအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အဆိုပါ မီးလောင်ရာ
နေရာသို့ ရောက်ရှိကြီးကြပ်နေသည့် မီးသတ်အရာရှိ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက
''မီးလောင်ရတဲ့ အကြောင်းရင်းကို အသေအချာ မသိသေးပါဘူး။ ခုလက်ရှိ
ငြှိမ်းသတ်နေဆဲ ဖြစ်ပါတယ်။ မီးငြှိမ်းသတ်နေတဲ့ မီးသတ်ရဲဘော်အချို့
မီးခိုးမွှန်တာတွေ ရှိပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်ပြီးတော့ ရဲပုဒ်မနဲ့ပဲ
ဆိုင်ပါတယ်'' ဟု သြဂုတ် ၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ပြောကြားသည်။
မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကြက်အူချောင်းစက်ရုံမှ ၀န်ထမ်းအမျိုးသား တစ်ဦးက
''ကျွန်တော်တို့က စက်ရုံရဲ့ ဟိုဘက်အခြမ်းမှာ အလုပ်ဆင်းနေတုန်း
သိုလှောင်ရုံဘက်မှာ မီးလောင်နေတယ်ဆိုလို့ ၀ိုင်းငြှိမ်းကြတာပါ။
စက်ရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိသေးပါဘူး'' ဟု
မီးလောင်မှုဖြစ်ပွား နေစဉ်အတွင်း ည ၁၁ နာရီခန့်က ဆိုသည်။
အဆိုပါ
မီးလောင်မှုကို ငြိမ်းသတ်နေစဉ်အတွင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ
တပ်ဖွဲ့ဝင် တစ်ဦးနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်တစ်ဦး မီးခိုးမွှန်၍ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၏ ကုသမှုကို
ခံယူနေရပြီး မီးသတ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့
ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့
ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ လာရောက်
ငြှိမ်းသတ်ခဲ့ပြီး သြဂုတ် ၃ ရက် နံနက် ၁ နာရီခန့်အထိ အဆိုပါ
စက်ရုံအတွင်းပိုင်း လောင်ကျွမ်းနေမှုများကို ဆက်လက် ငြှိမ်းသတ်လျက်
ရှိကြောင်း သိရသည်။
စက်ရုံအတွင်းပိုင်းတွင်
မီးလောင်ကျွမ်းနေသည်ကို မီးသတ်တပ်ဖွဲ့ဝင်များက သြဂုတ် ၂ ရက် ည ၁၁ နာရီခန့်က
ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)
အေးချမ်းမွန်
0 comments:
Post a Comment