<div style='background-color: none transparent;'></div>

Home » » ကျွဲအတူကျောင်းရာမှ အမြဲတမ်း ဆဲဆို ခံရသူမှ ဆဲဆိုသူအား ဓားဖြင့် ခုတ်သတ် -----------------------------------

ကျွဲအတူကျောင်းရာမှ အမြဲတမ်း ဆဲဆို ခံရသူမှ ဆဲဆိုသူအား ဓားဖြင့် ခုတ်သတ် -----------------------------------


၂၀၁၃ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ ည (၁၀) နာရီ အချိန်ခန့်တွင် မြိတ်မြို့ ပင်းအိုကျေးရွာ အုပ်စု လက်ခုပ်တောင်ကျေးရွာနေ ဦးအုန်းမြင့် အသက် (၅၂)နှစ်၊ (ဘ) ဦးကြည်ရွှေ သည် လယ်တဲထဲတွင် လည်ပင်းနှင့် လက်တို့၌ ဓါးဒဏ်ရာများ ရရှိပြီး မေ့လဲနေသဖြင့် ပင်းအိုကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ မြိတ်မြို့ ကျွဲကင်း ရဲစခန်းသို့ တိုင်ကြားလာသဖြင့် ကျွဲကူးရဲကင်းမှ တဆင့် မြိတ်မြို့ မြို့မရဲတပ်ဖွဲ့ စခန်းတွင် (ပ) ၄၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ပြီး မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် မြိတ်မြို့မ စခန်းမှူး ဒုရဲမှူး နေလင်းနှင့် တပ်ဖွဲ့ဝင်များ လက်ခုပ်တောင် ကျေးရွာရှိ လယ်တဲသို့ သွားရောက် စစ်ဆေးခဲ့ရာ ဦးအုန်းမြင့်သည် ဒဏ်ရာများနှင့် မေ့လဲနေသဖြင့် မြိတ်မြို့ ဆေးရုံကြီးသို့ တင်ပို့စဉ် လမ်းခရီး၌ သေဆုံးသွားခဲ့သည်။

ဒဏ်ရာရှိသူ ဦးအုန်းမြင့်သည် သေဆုံး သွားသောကြောင့် ပြစ်မှုပုဒ်မ ၃၂၆ မှ ၃၀၂ သို့ ပြောင်းလဲ ဖွင့်လှစ် စစ်ဆေးပြီး စစ်ဆေးချက်များအရ ၄င်းလယ်တဲပိုင်ဆိုင် ဦးနေလွန်း (၆၃)နှစ်၊ (ဘ) ဦးစိုးညွန့် နှင့် သေဆုံးသူ ဦးအုန်းမြင့်တို့သည် လယ်တဲအတွင်း အတူနေထိုင်ပြီး ဦးနေလွန်းက ကျွဲ (၁၆) ကောင်၊ ဦးအုန်းမြင့်က ကျွဲ (၂၀) ကောင် ထိန်းကျောင်းကြကြောင်း၊ ဦးအုန်းမြင့်သည် အရက်မူးလွန်လာသည့် အချိန်များတွင် ဦးနေလွန်းအား မကြာခဏ ဆဲဆိုသည့်အတွက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့ ည (၇) နာရီ ကျော် အချိန်ခန့်တွင် ဦးအုန်းမြင့် စာဖတ်နေစဉ် တောခုတ်ဓားဖြင့် (၂) ချက် ခုတ်ခဲ့ကြောင်း ဦးနေလွန်းမှ ၀န်ခံထွက်ဆိုခဲ့သည်။

ထိုအမှု၏ တရားခံဖြစ်သူ ဦးနေလွန်းအား သက်သေခံ ပစ္စည်း ဖြစ်သော အရိုး (၁၂) လက်မ၊ အသွား (၁၆) လက်မ ရှိ တောခုတ်ဓားတစ်ချောင်းနှင့် အတူ စုံစမ်းစစ်ဆေး ဖမ်းဆီးရမိ၍ မြိတ်မြို့မ ရဲစခန်း၌ (ပ) ၄၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိပါသည်။


ဓာတ်ပုံ - ဦးအုန်းမြင့်၏ နာရေး၌ ၀ဋံသက နာရေးကူညီမှု အသင်းမျ ကူညီ ဆောင်ရွက်ပေးနေစဉ်

အေးချမ်းမွန်.........မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map