<div style='background-color: none transparent;'></div>

Home » » ယောက်ျားရေ.......

ယောက်ျားရေ.......



သင်္ဘောမှာ အိပ်လိုက်စားလိုက် နားအေးပါးအေးနဲ့ ပျင်းနေပြီလား။
ရေထဲ ရှာလို့ရတဲ့ သမ္မာအာဇီဝ ဒေါ်လာတွေနဲ့ ယောက်ျား မိအိုဖအို တွေ ကို ကိုယ်တိုင် မပြုစု မထောက်ပံ့ နိုင်လို့ တော့ ဘာမှ စိတ် မကောင်းဖြစ်မနေနဲ့နော်။

ကျမ နဲ့ တူတူနေ မိဘတွေ ကို ယောက်ျား မိဘ အမှတ်နဲ့ နှစ်ဆတိုး ပြုစု ပေးပါ့မယ်။
နောက်ပြီး၊ ကျမ တစ်ယောက်ထဲ ခရီးသွား၊ ရှော့ပင်းထွက်၊ ဗြူတီးပါလာသွားတဲ့ အခါ မျိုး တိုးတိုးဖေါ်လဲ ရအောင် ညီမလေးက လာနေကူတယ်လေ။ သူလဲ ကျောင်းပြီး ကတည်းက အလုပ်ရှာနေတာ ဘာလိုလိုနဲ့ ဆယ်စုနှစ် တစ်ခုတော့ ကျိုးပေါ့။

ပါးစပ်တစ်ပေါက်တိုးလို့ မသိသာပါဘူး၊ တစိမ်းမှ မဟုတ်တာပဲနော်။ သမီး ကြီး နဲ့ သားငယ် ကလဲ ကျောင်းတစ်ဖက် ကျူရှင် တစ်ဖက်နဲ့ ကားမောင်းပို့ဖို့ အကိုကြီးပဲ လာနေပြီး ကူညီပေးနေရတယ်။သူလဲ အလုပ်မှ မရှိမင့်ပဲဟာ။

သွေးသားရင်းဆိုတော့ စိတ်လဲချရ၊ လစာရယ်လို့လဲ မပေးရဘူးပေါ့။ ကားတွေ ကလဲကျပ်၊ အန္တရာယ် ကများပါဘိနဲ့ ယောက်ျားရယ်။ ခမျာ ညနေဆို ပင်ပန်းလွန်းတော့ ဘီယာဖိုးလေးတော့ ကြည့်ကျက် ပေးရတာပေါ့။ ပိုပိုသာသာ ပေးလိုက်ရင် ပြန်မအိပ်ရှာပါဘူး။ နေ့ဖက်သာ အချိန်မှန် လာစား၊ ကားလာမောင်းပေးနေတာပါ။

ဆယ်တန်း လေးခါမြောက် ကြိုးစားနေတဲ့ မောင်လေးလဲ မိဘများနဲ့ အတူ ဒီမှာပဲ လာနေပေးတယ်။ အပေါင်းအသင်းမှားပြီး ပျက်စီးမှာ စိုးလို့ တခြားလျှောက်သောက်မဲ့ အစား သူငယ်ချင်းတွေ ခေါ်ပြီး အိမ်မှာပဲ သောက်ဖို့ ဆူထားရသေးတယ်။

ကိုယ့်အိမ် ဆိုတော့ မသကာ အမူးလွန်လဲ အိုးခွက် ပန်းကန် ရိုက်ခွဲ၊ ခုနှစ်သံချီ အော်၊ အိမ်ဦးခန်း ထိုးအန်၊ နောက်ဆုံး ဘုရားခန်းထဲ မှောက် ၊ ဒါလောက်ပဲပေါ့။ ဒါတောင် တမြန်နေ့က ခေါင်းရင်ခန်း က ပင်စင်စား အဖိုးကြီး က ဆူလို့ တဲ့။ မသိတတ်တာ ယောက်ျားရယ်။ နယူယီယားပဲ။ ညလုံးပေါက် သောက် ကြ အော်ကြမှာပေါ့။ ဒါကြောင့် ဒီရပ်ကွက်ထဲ မနေချင်တာ။ တစ်လုံးချိုင့် တွေ များသား ယောက်ျားရဲ့။

ရွာမှာ ကျောင်းမထားနိုင်ကြရှာလို့ လက်တိုလက်တောင်း ခိုင်းရအောင် မေမေ့ အမကြီး သမီး ကောင်မလေး နဲ့ ဖေဖေ ရဲ့ တူ နှစ်ဝမ်းကွဲ လေး ပို့လိုက်ကြတယ်လေ၊ ကျောင်း ထားပေးဖို့ ဆိုပါတော့။ ရပ်ကွက်ကျောင်းလေးပဲ ထားပေးရတာပေါ့။

အိမ် က ကျဉ်းတော့ အိမ်ဖေါ်မထားနိုင်ဘူးပေါ့ ယောက်ျားရယ်။ အဲ့ ကောင်မလေးက ကျမနဲ့ပဲ အိပ်ရတာပေါ့။ မောင်ပြန်လာရင်တော့ အိမ် အသစ်ရရင်ရ၊ မရရင်တော့ အခက်သားလား။

ကုန်ဈေးနှုန်းတော့ ပြော မပြောချင်ဘူး။ အတက်ချည်းပဲ။
မနက် မနက်ဆို Food စင်တာ တစ်ခုခုမှာ မိသားစု သိုက်သိုက်ဝန်းဝန်းစား၊ ပြီးရင် ထမင်းလေးနှစ်နပ် နပ်မှန်တယ် ဆိုရုံပဲ။

ယောက်ျား လစဉ်ပို့တဲ့ ငွေတွေလဲ အသုံးမခံ ပါဘူးကွယ်။
အလျဉ်မှီအောင် မနဲ ဖြုန်း၊ အဲ သုံးနေရတယ်။ ဖေဖေနဲ့ မေမေ တို့ ကိုတောင် ပြောထားရသေးတယ်။ ဒီငွေတွေ က သင်္ဘောသား ယောက်ျားရဲ့ သမ္မာအာဇီဝ အရမ်းဖြူစင်တဲ့ ငွေ လို့ ။စိတ်ရှင်းရှင်းနဲ့ လှူသာလှူ လို့။ ဘုရားစုံအောင်ဖူးလို့။ ဟုတ်ဘူးလား ယောက်ျားရယ်...

သံသရာ မှာ ဘာပါသွား မှတ်လို့ ။ ဒါနသာလျှင် ဘ၀ကူးကောင်းမှာ မဟုတ်လား။ ငွေပိုငွေလျှံလေးများရှိရင်တော့ ယောက်ျား မိဘများကို ဒီသီတင်းကျွတ်မှာ ငွေသား သွား ကန် တော့မလို့ဟာ။

သားနဲ့ သမီးကျောင်းက အာစရိယ ကန်တော့ပွဲ အလှူငွေထည့်လိုက်ရလို့ ဒီနှစ်တော့ မုန်းပုံးလေးနဲ့ပဲ လက်ဆယ်ဖြာထိပ်မှာ မိုးလိုက်ရတယ်ကွယ်။

သားနဲ့ သမီး ကလဲ ဖိုးဖိုး ဖွားဖွား ပေးတဲ့ မုန့်ဖိုးကလဲ ကျောင်းသွားတဲ့ မုန့်ဖိုးလောက်ပဲတဲ့။ အိမ် က ဖိုးဖိုး ဖွားဖွား ဆို သားတို့ သမီးတို့ကို တောင်းသလောက် ပေးတယ်တဲ့။

သားသား မီးမီး တို့ ကလဲ ဒီ တိုက်ခန်းကျဉ်းလေးမှာ နေချင်တော့ဘူးတဲ့။ ယောက်ျား
ပြန်လာရင်လဲ နေစရာတောင် မရှိတဲ့ ဒီတိုက်ခန်းကျဉ်းလေး ကို ကွန်ဒိုနဲ့ လဲနိုင်အောင် ကြံပါအုန်းကွယ်။

မောင့်မိဘ တွေ ဆီက အမွေ ရအောင် တောင်းပြီး ပြောင်းကြစို့ နော်၊ ယောက်ျား။ ကျမ မှာဖြင့် တွေးတွေးပြီး မျက်လုံးတွေ ကြောင်နေလို့ ကိုးရီးယား စီးရီးတွေ ပဲ ကြည့်နေရတယ်။

ဒေါ်လာဈေး နဲနဲ တက်ရိပ်ရှိတယ်တဲ့။ အပိုတွေ မသုံးနဲ့နော်။ အရက်လဲ မသောက်နဲ့။ ငွေလဲကုန်၊ ကျန်းမာရေးလဲ ထိခိုက်ပါတယ်။ သမီး ကပြောတယ်။ ဖေကြီး အရက်သောက်ရင် ချစ်ဘူးတဲ့။

ယောက်ျား ရဲ့

ကိုယ်ဘို့မယ်

Tin Htut Naing

Today Myanmar.......မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map