<div style='background-color: none transparent;'></div>

Home » » ငါးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ဗုဒ္ဓဂယာ ခရီးသွား အာမခံ ထားရှိခွင့် ပြန်လည်ရရှိမည်

ငါးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ဗုဒ္ဓဂယာ ခရီးသွား အာမခံ ထားရှိခွင့် ပြန်လည်ရရှိမည်



Created on Thursday, 01 August 2013 22:25


ပြည်ပခရီးသွား အာမခံဖြစ်သည့် ငါးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ဗုဒ္ဓဂယာ ခရီးသွား အာမခံ ထားရှိခွင့်ကို ရရှိရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဗုဒ္ဓဂယာ ခရီးသွားအာမခံ ထားရှိခွင့် ရရှိရန်အတွက် ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီများမှ တောင်းဆိုသောကြောင့် ယင်းအာမခံ အမျိုးအစားကို ပြည်သူများ ထားရှိနိုင်ရန် အတွက် ပြန်လည် ဆောင်ရွက်ပေးမည် ဖြစ်ကာ အာမခံကြေးကိုမူ အတိအကျ သတ်မှတ်ရခြင်း မရှိသေးကြောင်း သိရသည်။

ယခင်ကမူ လေယာဉ်ဖြင့် သွားလာရသည့် ခရီးသွား အာမခံကြေး အသွားအပြန်ကျပ် ၁၀၀၀၊ ခရီးစဉ် နှစ်ပတ်အတွက် အာမခံကြေး တစ်ယူနစ်လျှင် ကျပ်၂၅၀ သတ်မှတ်ထား ပြီး ၁၀ ယူနစ်အထိ ၀ယ်ယူခွင့် ရရှိထားကြောင်း သိရသည်။

ယင်းအာမခံ ထားရှိထားသည့် ခရီးသွား ပြည်သူများ အနေဖြင့် အာမခံထားရှိသည့် ကာလအတွင်း ခရီးသွားစဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိလျှင်သော် လည်းကောင်း၊ သေဆုံးလျှင်သော် လည်းကောင်း အာမခံ လျော်ကြေးငွေ ရရှိမည် ဖြစ်ကြောင်း သိရသည်။

အာမခံ ထားရှိထားသူများ အနေဖြင့် ခရီးသွားနေစဉ် သေဆုံးပါက တစ်ယူနစ် ထားရှိသည့် ခရီးသွားအတွက် လျော်ကြေးငွေ ငါးသိန်းကျပ်၊ ၁၀ ယူနစ် ထားရှိပါက လျော်ကြေးငွေ ကျပ်သိန်း၅၀ ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ အတွက်မူ သတ်မှတ်ထားသည့် ဒဏ်ရာ အမျိုးအစား ၇၄ မျိုးအလိုက် ရာခိုင်နှုန်းအားဖြင့် လျော်ကြေးငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဂယာ ခရီးသွား အာမခံနှင့် မက္ကာ ခရီးသွား အာမခံတို့ကို ၂၀၀၉ ခုနှစ်ကပင် အကြောင်း အမျိုးမျိုးကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး ယခုမူ ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်း ကုမ္ပဏီများမှ ပြန်လည်ခွင့်ပြုပေးရန် တောင်းဆိုသောကြောင့် မြန်မာ့အာမခံ လုပ်ငန်းမှ ညှိနှိုင်းဆောင်ရွက် ပေးနေဆဲဖြစ်ကြောင်း သိရသည်။ ပြည်တွင်းခရီးစဉ် ခရီးသွား အာမခံသည် ယခင်ကပင် ရှိပြီးဖြစ်ကာ ယင်းအမျိုးအစားသည် ထားရှိလိုသည့် အချိန်ကာလအလိုက် အာမခံကြေး ကွာခြားမှု ရှိကြောင်း သိရသည်။

''ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်တွေမှာ ခရီးသွားရင်း မကြာခဏ မတော်တဆ ထိခိုက်မှု ဖြစ်တာတွေ ကြုံရတယ်။ အဲဒါကြောင့် အာမခံထားဖို့အတွက် မြန်မာ့အာမခံကို ဆွေးနွေးနေပါတယ်။ လာမယ့် ဗုဒ္ဓဂယာ ခရီးသွားရာသီမှာ အဲဒီအာမခံ မဖြစ်မနေ ထားရှိခွင့်ရအောင် ဆောင်ရွက်သွားပါမယ်'' ဟု ဗုဒ္ဓဂယာ ဘုရားဖူး စေလွှတ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။

ယခုအခါတွင် ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်သို့ သွားရောက်ဖူးမြော်သည့် ခရီးသွား ပြည်သူမှာ တစ်နှစ်လျှင် ငါးသောင်းဝန်းကျင် ခန့်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာသောကြောင့် အိန္ဒိယပြည်ဝင်ခွင့် အခမဲ့ ဗီဇာငါးသောင်း ရရှိနိုင်ရန် အတွက်လည်း အိန္ဒိယသံရုံးသို့ အကြောင်းကြားထားကြောင်း သိရသည်။

ဗုဒ္ဓဂယာသို့ လာရောက်သည့် ဘုရားဖူးများကို ၂၀၁၂ ခုနှစ်အတွင်းက တွေ့ရစဉ်

အေးချမ်းမွန်............
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map