<div style='background-color: none transparent;'></div>

Home » » သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရောက် ကုသသူများအနက် နိုင်ငံခြားသား ခရီးသွားများလည်း ပါဝင်လာပြီး တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနှုန်း မြင့်တက်နေ

သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရောက် ကုသသူများအနက် နိုင်ငံခြားသား ခရီးသွားများလည်း ပါဝင်လာပြီး တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနှုန်း မြင့်တက်နေ



Created on Monday, 26 August 2013 22:15

သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရသူများအနက် နိုင်ငံခြားသား ခရီးသည်များလည်း ပါဝင်လာပြီး ယခုနှစ်မိုးရာသီ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနှုန်း မြင့်တက်နေကြောင်း ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မြသောင်း၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ မြန်မာအပါအ၀င် ဒေသတွင်း နိုင်ငံများ၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း များပြားနေပြီး အသက် ၃၅ နှစ် အောက် လူလတ်ပိုင်းများအထိ ဖြစ်ပွားလျက် ရှိကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း ဖြစ်ပွားမှုနှုန်း ယခင်နှစ်များထက် မြင့်မားလျက်ရှိသည်။

''ပြီးခဲ့တဲ့ လကတည်းက သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံလာတက်တဲ့ နိုင်ငံခြားသား ခရီးသည် ၁၀ ဦးလောက် ရှိခဲ့တယ်။ အားလုံးက တရုတ်လူမျိုးတွေ ချည်းပဲ။ အခု သြဂုတ်လ အတွင်းမှာတော့ အမေရိကန်သား တစ်ဦးနဲ့ ဗီယက်နမ်နိုင်ငံသား တစ်ဦးတက်ခဲ့တယ်။ အားလုံးက လူလတ်ပိုင်းတွေ ချည်းပါပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ ဒီနှစ်သွေးလွန်တုပ်ကွေး ဖြစ်နှုန်းများနေတယ်။ သွေးလွန်တုပ်ကွေးက အခုကလေးတွေမှာတင် မကဘဲ လူလတ်ပိုင်း အရွယ်တွေအထိ ဖြစ်နေတာ တွေ့ရတယ်။ အခုဆေးရုံမှာဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူနာတွေ ဖြစ်နေပါတယ်'' ဟု ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် ရွှေဘိုပြည်သူ့ ဆေးရုံကြီးတွင် ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့သူဦးရေ ၁၅၀ ကျော်အထိ ရှိခဲ့ပြီး အလားတူ ဘားအံ၊ တောင်သာမြို့များတွင်လည်း ဖြစ်ပွားနှုန်း များပြားနေပြီး သွေးလွန်တုပ်ကွေးကြောင့် အသက်သေဆုံး သူများလည်း ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် အသက်သေဆုံးမှု ကျဆင်းလာသော်လည်း ရောဂါဖြစ်ပွားမှု အများဆုံး နိုင်ငံများတွင် ပါဝင်နေဆဲဖြစ်ရာ ယခုနှစ် သွေးလွန်တုပ်ကွေး ရာသီမရောက်မီ ကာလအတွင်း၌ပင် ရောဂါဖြစ်ပွားသူ ဦးရေမှာ သိသိသာသာ မြင့်တက်ခဲ့သည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံ အချို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးများကို စမ်းသပ်လျက် ရှိကြောင်းနှင့် ထိုင်းနိုင်ငံ၌ လူများတွင်စမ်းသပ်ပြီး ရလဒ်ကို စောင့်ဆိုင်းလျက်ရှိရာ အောင်မြင်မှုရှိခဲ့ပါက ပြည်တွင်းဈေး ကွက်သို့ ၂၀၁၅ ခုနှစ်အတွင်း ၀င်လာနိုင်ခြေ ရှိကြောင်းလည်း သိရသည်။

ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာများအား သြဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

အေးချမ်းမွန် .....................မှ


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map