ချိုချိုက
အတန်းထဲမှာ စာ အလွန်တော်တဲ့ ကျောင်းသူတစ်ယောက်။ စာတော်တဲ့
ကျောင်းသူဖြစ်လို့် ဆရာဆရာမတို့ ကလည်း ပိုမို ချစ်ခင်ရင်းနှီး
အရေးပေးကြပါတယ်။ ကျောင်းအတွက်လည်း ပညာရေး ဂုဏ်ဆောင် ဖြစ်မဲ့ ကျောင်းသူ
လို့လည်း ဆရာတို့က မျှော်မှန်းထားကြပါတယ်။ အထူးသဖြင့် အတန်းပိုင်ဆရာ
ဦးအေးကတော့ တပည့်ဖြစ်သူအတွက် စကောလားရှစ် ပရိုဂရမ်များ စုံစမ်းခြင်း၊
ဘာသာရပ် သင်ခန်းစာများကို အချိန်ပို လေ့ကျင့် ပေးခြင်း ပြုလုပ်လျက်
ရှိနေပါတယ်။ တပည့်ဖြစ်သူ စကောလားရှစ်ရရင် ရန်ကုန်မှာ သွားပြီး ပတ်စ်ပို့
လုပ်ဖို့တောင် သူ့ သူငယ်ချင်းနဲ့ စီစဉ် တိုင်ပင်ထားပါသေးတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ကျောင်းသားများ အနေဖြင့်
စာအုပ်ဖိုးပင် မကုန်ဘဲ အဆင့်မြင့်ပညာများကို အခမဲ့
ဆက်တက်နိုင်မှာဖြစ်တဲ့အတွက် နိုင်ငံခြားသားအလှုရှင်များ စေတနာမပျက်ဖို့
ပို၍ပင် ကြိုးစား ပြကြရမှာ ဖြစ်ပါတယ်။
ချိုချိုရဲ့
မိဘများက မြစ်ဝကျွန်းပေါ် ဟင်္သာတမြို့ အနီး ရွာငယ်တရွာမှ ဖြစ်ပါတယ်။ သားသမီး
(၇)ယောက်ရှိပြီး ချိုချိုက အကြီးဆုံး သမီး ဖြစ်ပါတယ်။ ချိုချိုဟာ
ငယ်စဉ်ကပင် ကျောင်းစာ များကို ဝါသနာပါလို့ ရွာကျောင်းမှာ အတန်းစဉ် ပထမ
ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ချိချို (၄) တန်း အောင်တဲ့အခါ ရွာကျောင်းမှာ
ဆက်တက်၍ မရတော့ပဲ မြို့ပေါ်သို့ တက်၍ ပညာ သင်ကြားမှသာ ရနိုင်ပါတော့မယ်။
ရွာကျောင်းကတော့ မူလတန်း အဆင့်သာရှိလို့ အလယ်တန်း၊ အထက်တန်း ပညာများကို
သင်ကြားလိုတဲ့ ကျောင်းသားတွေက ရွာနှင့် (၃၆) မိုင် ဝေးတဲ့ မြို့သို့ တက်၍
ပညာသင်ကြားမှသာ ရနိုင်တော့မှာ ဖြစ်ပါတယ်။ မြို့ပေါ်တွင် ဆွေမျိုး သားချင်း
ရှိတဲ့သူမှသာ ပညာ ဆက်လက် သင်ကြားနိုင်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။
ချိုချိုမိဘများအနေဖြင့်တော့ ချိုချိုကို ကျောင်း ဆက်ထားဖို့ နေနေသာသာ
စားဝတ်နေရေး အတွက်တောင်မှ အနိုင်နိုင်ဖြစ်လို့ ပညာရေး ဆက်ဖို့ ဆိုတာ
အိမ်မက်တောင် စိတ်မကူးနိုင်သော အခြေအနေတွင် ရှိနေပါတယ်။
တနေ့တော့
ချိုချို့ ဘကြီးတော်စပ်သူ အမေ့အကို ဦးရဲနိုင် ရွာပြန်ရောက်လာပါတယ်။
ချိုချို မမွေးခင် (၈၈)အရေး အခင်းကတည်းက ရွာက ပျောက်သွားလိုက်တာ အခုမှ
ပြန်ပေါ်လာတာဆိုတော့ တရွာလုံး တအံ့တသြ ဖြစ်နေကြ ပါတယ်။ သူက အခု
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အိမ်ထောင်ကျနေတယ်လို့ ပြောပါတယ်။ သူ့ရဲ့
ပြောကြားချက်အရ ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း
အလုပ်သမားများရဲ့ သားသမီးများကို (တပြားတချပ်မှ ပေးစရာမလိုဘဲ) အခမဲ့
စာသင်ကြား ပေးနေကြောင်းကိုလည်း သိရပါတယ်။ ဒီတော့ ချိုချိုလည်း အဖေ၊ အမေနဲ့
ဘကြီးတို့ကို နားပူနားဆာ လုပ်တော့ ဘကြီးအပြန် မဲဆောက်မြို့ကို လိုက်ခဲ့ပြီး
မဲဆောက်မြို့က မြန်မာမိုက်ဂရန့်ကျောင်းမှာ (၅) တန်းက စလို့
ကျောင်းတက်ခွင့်ရခဲ့ပါတယ်။
ချိုချိုက
အဆောင်မှာနေတာ (၇) နှစ် ကျော်နေပါပြီ။ ချိုချိုကို မဲဆောက်ရောက်အောင်
ခေါ်လာတဲ့ ဘကြီးတို့ မိသားစု တောင် မယ်လဒုက္ခသည် စခန်းကနေ အမေရိကန်ကို
ထွက်သွားကြတာ ၃ - ၄ နှစ်လောက်တောင် ရှိရောပေါ့။ ဘကြီးမှာလည်း သားသမီး ၄ - ၅
ယောက် ရှိတာဆိုတော့ မိသားစု စားဝတ်နေရေးအတွက် နိုင်ငံခြားမှာ ရုန်းကန်
လှုပ်ရှား နေရလို့ ချိုချိုနဲ့ အဆက်အသွယ် မရှိတော့တာ ကြာလှပါပြီ။ နောက်ဆုံး
အဆက်အသွယ် ရတုန်းကတော့ အမေရိကန်မှာ ပြည်နယ် ပြောင်းပြီး အလုပ်
လုပ်ရမယ်လို့တော့ ပြောပါသေးတယ်။ ရွာက မိဘတွေလည်း တခါမှ လိုက်မလာတော့
လမ်းမှာ သားအမိ၊ သားအဖချင်း ဆုံမယ်ဆိုရင်တောင် မှတ်မိကြတော့မှာ မဟုတ်ဘူး။
အခုဆို ချိုချိုက ၁၇ နှစ်ကျော် အပျိုကြီးဖားဖား ဖြစ်နေပြီ။ အဆောင်မှာတော့
ချိုချိုက စာလဲတော်၊ ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းလို့ လူချစ်လူခင်
များပါတယ်။
ဒါပေမဲ့
အဆောင်မှာ မိဘမဲ့များအတွက် မုန့်ဖိုး တလကို လစဉ် ၃၀၀ ဘတ် ပေးတာကိုတော့
ချိုချိုတို့ မရဘူး။ ဒီကြားထဲ အလှူ့ရှင်တွေ ရောက်လာပြီး မိဘမဲ့များအတွက်
မုန့်ဖိုး၊ အဝတ်အစားတွေ လာလှုရင်လည်း ချိုချိုတို့က အကျုံးမဝင်လို့
မရပြန်ဘူး။ အဆောင်မှာ မိဘမဲ့တွေက သူဌေးဖြစ်နေတယ်။ စားစရာ အဝတ်အစား
အလျှံပယ်ရှိတယ်။ အဆောင်မှာ ဟင်း မကောင်းရင်တောင် အပြင်က
ဟင်းဝယ်စားနိုင်တယ်။ မုန့်ပဲ သားရေစာ ဇီးထုပ်တွေကတော့ အမြဲ ဝယ်စားနေလေ့
ရှိတယ်။ ချိုချိုတို့က မိဘ ရှိတယ်သာဆိုတယ် ထိုင်းနိုင်ငံ၊
နယ်စပ်မြို့လေးဖြစ်တဲ့ မဲဆောက်ကို ရောက်ကတည်းက နှစ်ခါ သုံးခါလောက်သာ ရွာက
လူကြုံနဲ့ စာ အဆက်အသွယ် ရှိခဲ့ဖူးပါတယ်။ စားစရာတို့၊ ငွေတို့ မိဘဆီက တခါမှ
မရခဲ့ပါဘူး။
ရွာမှာ
စီးပွားရေး အဆင်မပြေလို့ မောင်လေး၊ ညီမလေးတွေကို ကျောင်း
ဆက်မထားနိုင်တော့တဲ့ အကြောင်းသာ သိရတယ်။ ဆရာဦးအေးတို့ အုန်းပြန့်ဒုက္ခသည်
စခန်းထဲက လာပို့ထားတဲ့ မိဘမဲ့ ကျောင်းသူလေး မေမြတ်နိုးသူဆိုရင် အဆောင်မှာ
သူဌေးသမီးလားတောင် ထင်မှတ်ရတယ်။ ပုံမှန် အဆောင်မှာ လစဉ် ထောက်ပံ့ကြေး ၃၀၀
ဘတ် ရတဲ့ အပြင် စခန်းထဲက ရပ်ကွက်မှူး လူကြီးတွေက အလှည့်ကျ အလှူငွေ
ကောက်ခံပြီး ပို့ပေးတာ လစဉ် ၁၀၀၀ ဘတ် ကျော်လောက် ထပ်ရသေးတာဆိုတော့
မိုးမမြင် လေမမြင် သုံးချင်သလိုသုံး၊ ဖြုန်းချင်သလို ဖြုန်း နေနိုင်တာပေါ့။
အလှူရှင် နိုင်ငံခြားသားတွေ လာတော့လည်း သူတို့ကိုဘဲ အလှူပေးသွားကြတယ်။
ဒါ့အပြင် သြစတြေးလျက အင်္ဂလိပ်စာ လာသင်တဲ့ ဗော်လန်တီယာ ဆရာမက သူ့ကို
စာချုပ်စာတမ်းနဲ့ မွေးစားမယ်ဆိုပြီး ဒီမဲဆောက်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး UNHCR မှာတောင် စာရင်း တင်ထားလိုက်သေးတယ်။
ချိုချိုတို့ကြတော့
မြို့တွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်ကောက်တာတို့၊
ကျောင်းလယ်ကွင်းမှာ ကောက်စိုက် တာတို့မှာတော့ ရှေ့ဆုံးက လိုက်ရတယ်။ မိဘမဲ့
ကျောင်းသူတွေကတော့ နိုင်ငံခြားသား အလှူရှင်တွေနဲ့ တိုက်ရိုက် တွေ့ခွင့်
ရတယ်၊ မုန့်ဖိုး လက်ဆောင်ပစ္စည်းတွေလည်း အလျှံပယ်ရတယ်။ ဒါနဲ့ ချိုချိုတို့လဲ
ဘဝဆက်တိုင်း မိဘမဲ့ ဖြစ်ပါစေ လို့တောင် ဆုတောင်း ရမလို ဖြစ်နေပါတော့တယ်။
အခုဆိုရင်
ချိုချို ၁၂ တန်း စာမေးပွဲ ဖြေခါနီးနေပါပြီ။ ကြိမ်းသေပေါက် အောင်မယ်လို့
ဆရာတွေကလည်း အားပေး ပါတယ်။ ဒါ့အပြင် ၁၂ တန်းပြီးရင် GED ဖြေပြီး
စကောလားရှစ်နဲ့ တက္ကသိုလ်တက်ခွင့် စာမေးပွဲတွေ ဖြေဖို့ ညနေတိုင်း ဆရာဦးအေးက
ကျောင်းမှာ အချိန်ပို သင်ပေးနေတယ်။ ပင်ပန်းပေမဲ့ ဘဝ ရည်မှန်းချက်
ပန်းတိုင်ကို လက်တကမ်းမှာ လှမ်းမြင်နေရလို့ စာကျက်နေရတာကို ပျော်နေပါတယ်။
ဒီလို အချိန်မှာပဲ ရွာက အမေတို့ မဲဆောက်ကို ရောက်လာပါ တယ်။ အဖေလည်း မနှစ်က
ရွာမှာ အသည်းရောင် ရောဂါနဲ့ သေဆုံး သွားခဲ့တယ် ဆိုတာကို အခုမှသာ သိရပါတယ်။
အဖေကလည်း ချိုချိုတို့ မမွေးခင်ကတည်းက အရက် သောက်လာခဲ့တာဆိုတော့
အသည်းကျွမ်း နေတာ ဖြစ်မှာပေါ့။ ချိုချို့အောက်က ညီမ ဝေဝေကလဲ အခုမှ ၁၅ နှစ်
ကျော်ပဲ ရှိသေးတာ ယောက်က်ျားရလို့ ကိုယ်ဝန်တောင် ရှိနေပြီတဲ့။
သူ့အောက်က
မောင်ကြီး၊ မောင်ငယ် အမွှာညီအကို နှစ်ယောက်ကလဲ အလွန်ဆုံး ရှိလှ ၁၂
နှစ်သားလေးတွေ။ ပြီးတော့ ညီမ စန်းစန်း၊ ညီမမိသိန်းတို့နဲ့ အငယ်ဆုံး ညီမ
ထွေးထွေးကလဲ အခုမှ ၃- ၄ နှစ်အရွယ် ရှိသေးတယ်။ ညီမငယ် ထွေးထွေးကိုလည်း ခုမှ
မြင်ဖူးတာ၊ လူကြုံနဲ့စာရေးပေးထားလို့သာ သိနေရတာ။ အခုလည်း အမေက အသိလူကြုံနဲ့
မဲဆောက်မှာ နေထိုင် လုပ်ကိုင်စားသောက်ဖို့ အပြီးလိုက်လာ ခဲ့တာ။ ရွာမှာက
မိုးခေါင်၊ အလုပ်အကိုင်ရှားပါး။ ကုန်ဈေးနှုန်းကြီးပြီး အကြွေး
ပိနေတဲ့ဒဏ်ကို မခံနိုင်တော့လို့ ဧရာဝတီတိုင်းက ဇာတိရွာလေးကို အပြီးအပိုင်
စွန့်လာပုံပဲ။
“ချိုချိုကတော့
အတန်းထဲမှာ စာအတော်ဆုံးပဲ။ ဟောင်ကောင် စကောလားရှစ် စာမေးပွဲလဲ သူပဲ
ကြိမ်းသေရမှာ။ တက္ကသိုလ် အဆင့်မြင့်ပညာတွေ ဆက်တက်ရမှာ မိဘတွေအနေနဲ့
ဂုဏ်ယူစရာပါပဲဗျာ”
ဆရာ ဦးအေးရယ် ရွာက အမေ လိုက်လာတယ်ဆိုလို့ တပည့်ဖြစ်သူ ချိုချိုရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အားတက်သရော အမေ့ကို လာပြောပြနေတယ်။
“ဘွဲ့တွေ
တသီတတန်းကြီး ရပြီးရင်တော့ တလတလကို ဝင်ငွေ သိန်းနဲ့ချီပြီး ရမှာဆိုတော့
ခင်ဗျားတို့ မိသားစုလည်း သူဌေးဖြစ်ကြပြီပေါ့။ အချို့ဆိုရင် နိုင်ငံခြားမှာ
တက္ကသိုလ် ကျောင်းတက်နေရင်းတောင်မှ မိဘကို ငွေ လှမ်းပို့ပြီး
ထောက်ပံ့နိုင်ကြတယ်။ ချိုချိုကတော့ နောက်တက်မဲ့
ကျောင်းသားကျောင်းသူတွေအတွက် အတုယူစရာ စံပြ ကျောင်းသူလေးပါပဲဗျာ။ မိဘတွေလဲ
မွေးရကျိုးနပ်သလို ကျွန်တော်တို့ ဆရာတွေ အတွက်လည်း စာသင်ပေးကျိုးနပ်လို့
ဂုဏ်ယူစရာ ပီတိဖြစ်စရာ ကလေးပါပဲဗျာ။” ဆရာဦးအေးက တက်ကြွနေသလောက်
အမေဖြစ်သူကတော့ “အင်း- မလုပ် အဲ” မလုပ် နဲ့ မလှုပ်တလှုပ် ။
“ဆရာရယ် အခု
ကျွန်မတို့ လိုက်လာတာ သမီးကို ကျောင်းဆက်မထားတော့ပဲ ကျောင်းထုတ်ဖို့
ဖြစ်ပါတယ်။ ချိုချိုက အကြီးဆုံး သမီးလေ၊ သူ့အောက်မှာ အငယ် ၆ ယောက်တောင်
ရှိသေးတာ။ သူ့အဖေကလည်း မနှစ်က ဆုံးသွားပြီ။ ကျွန်မကလည်း အသက်ကြီးလှပြီ။
လုပ်ကိုင် မစားနိုင်တော့လို့ အကြီးဆုံးမ သူ့ကိုပဲ အားကိုးရတော့မယ်။
တမိသားစုလုံးကို သူ ရှာကျွေးမှပဲ ကျွန်မတို့မှာလဲ အသက် ရှင်ရတောမှာမို့
သူ့ပညာရေးကတော့ ဒီဘဝ ဒီလောက်နဲ့ပဲ တော်လောက်ပါပြီ ဆရာရယ်။”
“ခင်ဗျားတို့
အရင်တုန်းကတော့ သားသမီးကို သတိမရဘဲ ခိုင်းစားလို့ရတဲ့ အခုအရွယ်ရောက်မှ
သတိရကြသလား။ ကိုယ့်ဖာသာ ကမြင်းကြောထပြီး ကလေးတွေ အများကြီး မွေးထားကြတာ။
ခုမှ အသက် ၄၀ ကျော် အရွယ်က လုပ်ကိုင် မစားနိုင်တော့ဘူး အသက်ကြီးပြီဆိုပြီး
သားသမီးကို ခိုင်းစားကြတော့မှာလား။ သားသမီး တွေရဲ့ အနာဂတ်အတွက်
ခင်ဗျားတို့ မိဘတွေက ငွေတပြားမှ မစိုက်ရဘဲ အမြတ် လိုချင်နေတာလား။ ……… “
ဆရာ ဦးအေးလဲ
ဒေါသ ပေါက်ကွဲသင့်ပါတယ်။ နောင်ဘဝဆိုတာ ရှိခဲ့ရင် ချိုချိုတယောက် ဒီလို
မိဘဆီမှာ ဝင်စားပြီး သားသမီး မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း----------။
လွင်မောင်သန်း
maukkha


0 comments:
Post a Comment