<div style='background-color: none transparent;'></div>

Home » » "သမီးကို ကလေးသရုပ်ဆောင်အဖြစ်သာမက ဆယ်ကျော်သက်သရုပ်ဆောင်အဖြစ် မြင်ပေးစေချင်ပါတယ်" ဆိုတဲ့ယွန်းယွန်းနှင့် တွေ့ဆုံခြင်း

"သမီးကို ကလေးသရုပ်ဆောင်အဖြစ်သာမက ဆယ်ကျော်သက်သရုပ်ဆောင်အဖြစ် မြင်ပေးစေချင်ပါတယ်" ဆိုတဲ့ယွန်းယွန်းနှင့် တွေ့ဆုံခြင်း

လွန်ခဲ့သည့်ဆယ်နှစ်က အဘွားဖြစ်သူ၏ ရိုက်ကွင်းသို့ရောက်ခဲ့ရာမှ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ကာ ယခုရုံတင်ပြသနေသည့် ရုပ်ရှင်ဇာတ်ကားများ၌ မင်းသမီးများ၏ငယ်ဘ၀ကို သရုပ်ဆောင်ရာတွင် ပရိသတ်အားပေးမှုရရှိနေသူမှာ ယွန်းယွန်းပင်ဖြစ်သည်။ သုံးနှစ်ကျော်အရွယ်ကစတင်၍ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကသို့ ၀င်ရောက်ခဲ့သော်လည်း အသက်ခြောက်နှစ်ကျော်မှသာ အနုပညာအလုပ်များကို ဆက်တိုက်လုပ်ကိုင်ခဲ့ပြီး ယခုအချိန်အထိ ဗီဒီယိုဇာတ်ကားပေါင်း သုံးရာကျော်နှင့် ရုပ်ရှင်ကား သုံးဆယ်ကျော်တို့တွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ပြီးခဲ့သည့်လက ရုံတင်ခဲ့သည့် လက်ပံရုပ်ရှင်ဇာတ်ကားတွင် ဖွေးဖွေး၏ငယ်ဘ၀အဖြစ် အခန်းအနည်းငယ်သာပါဝင်သော်လည်း ပရိသတ်အားပေးမှုရရှိခဲ့သလို တိမ်မင်းသမီး၏ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားတွင်လည်း နှစ်ကိုယ်ခွဲသရုပ်ဆောင်ကာ ပရိသတ်အားပေးမှုရနေပြန်သည့် ဆံပင်ရှည်ရှည်နှင့် ချစ်စဖွယ်အပြုံးပိုင်ဆိုင်ထားသော ယွန်းယွန်းကို သူမ၏အနုပညာ၊ သူမ ရှေ့ဆက်လျှောက်မည့်လမ်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ပါသည်။
မေး-အခု ရုံတင်သွားတဲ့ လက်ပံနဲ့ တိမ်မင်းသမီးဒဏ္ဍာရီတွေမှာ သရုပ်ဆောင်ထားတဲ့အပေါ် ပရိသတ်တွေက ယွန်းယွန်းကို ပိုအားပေးလာတော့ ဒီဇာတ်ကားတွေက ယွန်းယွန်းအတွက် မှတ်တိုင်တွေလို့ပြောလို့ရမလား။
ဖြေ-မှတ်တိုင်တွေ ဟုတ်၊ မဟုတ် အခုအချိန်တော့ မသိသေးပါဘူး။ ဒါပေမဲ့ ကလေးသရုပ်ဆောင်အနေနဲ့ အရေးပါတဲ့ ကာရိုက်တာတွေကို သရုပ်ဆောင်ခွင့်ရပြီးတော့ အားပေးမှုတွေရရှိခဲ့တာကတော့ သမီးအတွက် ပျော်စရာကောင်းတဲ့ အမှတ်တရတွေပါပဲ။
မေး-လက်ပံနဲ့ တိမ်မင်းသမီးမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်တွေမှာ ဘယ်ဇာတ်ကားကို ပိုပြီးအားရပါလဲ။
ဖြေ-တိမ်မင်းသမီးကိုတော့ ပိုပြီးအားရပါတယ်။ တိမ်မင်းသမီးက တစ်ဇာတ်လုံးကိုသေချာဖတ်ပြီး မရိုက်ခင်ရော၊ ရိုက်တဲ့အချိန်မှာရော အရမ်းစိတ်နှစ်ပြီးတော့ လုပ်ခဲ့တဲ့ ကားလေးပါ။ အသက်ကလည်း ၁၀ နှစ်အောက်ဆိုတော့ လက်ပံရိုက်တဲ့အချိန်နဲ့စာရင် နည်းနည်းကြီးပြီ။ လက်ပံရိုက်တုန်းကကျတော့ ဇာတ်လမ်းတစ်ခုလုံးကိုလည်း သေသေချာချာ မလေ့လာခဲ့ဘဲ ရိုက်ခဲ့တာ။ အခန်းလည်း နည်းနည်းပဲပါတာဆိုတော့ ကြိုတင်ပြင်ဆင်မှုရော၊ အားရကျေနပ်မှုရော တိမ်မင်းသမီးကပိုပါတယ်။
မေး-မင်းသမီးတွေရဲ့ငယ်ဘ၀ကို သရုပ်ဆောင်တိုင်း ပရိသတ်အသိအမှတ်ပြုခံခဲ့ရတော့ ဘယ်လိုကြိုးစားခဲ့ရလဲ။
ဖြေ-ရိုက်ကွင်းပေါ်ကို ရောက်သွားတဲ့အချိန်မှာ ဇာတ်လမ်းကို ကြိုဖတ်ထားတာ၊ မဖတ်ထားတာ ဒါရိုက်တာတွေ၊ ဆရာတွေရဲ့ သင်ကြားမှုတွေကို အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ်ဆောင်တာပါ။
မေး-ရန်ကုန်မှာ ရုံမတင်ရသေးပေမယ့် မန္တလေးမှာ ရုံတင်ပြီးအောင်မြင်ခဲ့တဲ့ဒါရိုက်တာဝိုင်းရဲ့ “စေတန်၏ကချေသည်”မှာလည်း သက်မွန်မြင့်ရဲ့ငယ်ဘ၀ကို သရုပ်ဆောင်တာက သက်မွန်မြင့်အငယ်လေး မြင်နေရသလိုပါပဲလို့ ပရိသတ်တွေက ချီးကျူးကြတယ်။ အဲဒီကားမှာရော ဘယ်လိုကြိုးစားခဲ့ရလဲ။
ဖြေ-အဲဒီလိုပြောပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အဲဒီကားကလည်း ဦးဝိုင်းရိုက်တာပါ။ ဦးဝိုင်းက စနစ်တကျနဲ့ စိတ်ပါလက်ပါအချိန်ပေးပြီး သင်ကြားပေးခဲ့တာပါ။ ပြန်ကြည့်တုန်းကလည်း ကျေနပ်ပါတယ်။
မေး-အခုနှစ်ထဲမှာ ရိုက်ထားတဲ့ “ကျွန်မက နှင်းဆီပါမောင်”ကရော ဘယ်လိုကြိုးစားခဲ့ရလဲ။
ဖြေ-အရမ်းစိတ်ဆတ်တဲ့ကောင်မလေး၊ စိတ်ကလူကြီးမဆန်ဘဲ မရင့်ကျက်ဘဲ ဆိုးသွမ်းနေတဲ့ပုံစံမျိုးပါ။ “စေတန်၏ကချေသည်”ထက်ကို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေများတော့ ရိုက်တဲ့အခါမှာလည်း အခက်အခဲနည်းပါတယ်။ မရိုက်ခင်တစ်ရက်၊ နှစ်ရက်လောက်ကတည်းက မဖွေးအိမ်ကိုသွားပြီးတော့ အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတွေကို အတူတူလေ့ကျင့်ဖြစ်တယ်။ မိတ်ကပ်၊ ဆံပင်၊ ဒီဇိုင်း ပြင်ဆင်မှုတွေလုပ်ဖြစ်တယ်။ တစ်ခါမှ သရုပ်မဆောင်ဘူးတဲ့ ဇာတ်လမ်းလေးပါ။ ဦးဝိုင်းလည်း ကျေနပ်သလို သမီးလည်းကျေနပ်ပါတယ်။ ဒီကာရိုက်တာက သမီးအတွက် စွန့်စားထားတဲ့ ဇာတ်ရုပ်တစ်ခုပါ။
မေး-အခုရုံတင်ထားတဲ့ လက်ပံနဲ့ တိမ်မင်းသမီးဒဏ္ဍာရီက အခုနှစ်အကယ်ဒမီစာရင်းမှာလည်းပါတော့ အဲဒီကားတွေအတွက် ဘာတွေမျှော်လင့်ထားလဲ။
ဖြေ-သမီးမျှော်လင့်တာကတော့ ရုံတင်တဲ့အချိန်မှာ ပရိသတ်တွေဘက်က ကောင်းတဲ့တုံ့ပြန်မှုတွေ ရရှိဖို့ပါပဲ။ ကျန်တာကတော့ အများကြီးမမျှော်လင့်ထားပါဘူး။ သမီးဘက်ကလည်း တာဝန်ကျေပြီး ပရိသတ်တွေအပေါ်မှာရော၊ သမီးကို ယုံကြည်ပေးတဲ့ ဆရာတွေအပေါ်မှာရော တာဝန်ကျေပြီလို့ ထင်ပါတယ်။
မေး-တိမ်မင်းသမီးဒဏ္ဍာရီရဲ့ ပရိုမိုးရှင်းပွဲကို မန္တလေးမှာလုပ်တဲ့အချိန် လပတ်စာမေးပွဲလည်းရှိပေမယ့် သွားခဲ့တယ်ဆိုတော့ ပညာရေးနဲ့ အနုပညာကို ဘယ်လိုခွဲပြီးလုပ်ဖြစ်လဲ။
ဖြေ-အဲဒါကတော့ငယ်ငယ်ကတည်းက လုပ်နေတာဆိုတော့ အသားကျသလိုဖြစ်နေပါပြီ။ အဆင်ပြေပါတယ်။ အဲဒီလိုမျိုးမရှိအောင် ဖေဖေနဲ့မေမေတို့က ထိန်းကွပ်ပေးထားပါတယ်။ အဲဒီတုန်းက စာမေးပွဲနီးပေမယ့် စာတွေကလည်းရနေတော့ သွားလိုက်တာလေ။ အဲဒီကားမှာ ပါတဲ့သရုပ်ဆောင်ကြီးတွေကလည်း မအားကြဘူး။ မမန၀ရတ်ကလည်း လိုက်စေချင်တယ်ဆိုတော့ မန္တလေးက ပရိသတ်တွေနဲ့လည်း တွေ့ချင်တဲ့အတွက် လိုက်သွားတာပါ။ အဲဒီလို လိုက်သွားတဲ့အတွက် မန္တလေးမှာ ပရိသတ်တွေကိုယ့်ကို ဘယ်လိုချစ်ကြတယ်ဆိုတာသိရတယ်။ လပတ်စာမေးပွဲမှာလည်း အဆင့်မလျော့ပါဘူး။
မေး-ပရိသတ်အားပေးမှုကလည်း အခုချိန်မှာရနေတယ်။ ကျောင်းကလည်း ရှစ်တန်းကိုရောက်ပြီဆိုတော့ နောင်နှစ်တွေဆိုရင် အနုပညာလုပ်ဖို့ အချိန်ကိုဘယ်လိုပေးမလဲ။
ဖြေ-ငယ်ငယ်ကတည်းက အစိုးရကျောင်းတက်လာတာဆိုတော့ ဆယ်တန်းမှာ ဂုဏ်ထူးများများနဲ့ အောင်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ပညာရေးရော၊ အနုပညာရောနှစ်ဖက်စလုံးတော့ လောဘကြီးလို့မရဘူးပေါ့။ တကယ်အရေးကြီးတဲ့ဟာကို ဦးစားပေးသွားမှာပါ။ ကိုးတန်း၊ ဆယ်တန်းဆိုရင်တော့ ပညာရေးဘက်ကို ပိုပြီးဦးစားပေးမှာပါ။
မေး-အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်လောကအတွက် ကလေးသရုပ်ဆောင်တွေရှားနေတယ်။ အဲဒီအပေါ်မှာရော ၀ါသနာပါတဲ့ ကလေးလေးတွေကို ယွန်းယွန်းက ဘယ်လိုအကြံပေးချင်လဲ။
ဖြေ-အခုနောက်ပိုင်းထက်စာရင် သမီးတို့ငယ်ငယ်တုန်းက ကလေးသရုပ်ဆောင်ဆိုရင် သိကြတယ်။ အခုကျတော့ နာမည်နဲ့လူကိုတွဲပြီး မသိကြဘူး။ သမီးတို့ခေတ်ကဆိုရင် မစုမေတို့ကို၊ ဟဲဗီးဖြိုးတို့၊ အိစိကွေးတို့၊ သမီးတို့ဆို နယ်ကပိုပြီးသိကြတယ်။ အခုအချိန်မှာတော့ နည်းလာတယ်။ ကလေးသရုပ်ဆောင်တွေလည်း အများကြီးပေါ်လာစေချင်ပါတယ်။ ပတ်ဝန်းကျင်မှာဆိုရင်လည်း ၀ါသနာပါတဲ့ ကလေးတွေတွေ့နေရတာပဲလေ။ ဖြစ်ချင်တယ်ဆိုရင် အကြံပေးချင်တာက ဓာတ်ပုံလေးတွေမှာ ဖုန်းနံပါတ်လေးပါထည့်ပြီး ရိုက်ထား၊ ရှုတင်တွေ အနုပညာလုပ်ငန်းနဲ့ ပတ်သက်တဲ့လူတွေကိုပေးပေါ့။ ရုပ်ရှင်လောကကလည်း လိုချင်နေကြတယ်။ ကလေးတွေကလည်း လုပ်ချင်နေတယ်။ ဒါပေမဲ့ မဆက်စပ်မိဘူးဖြစ်နေတာပေါ့။ ဆက်သွယ်လို့ရမယ့်အရာလေး တစ်ခုရှိရင်ကောင်းတာပေါ့။ နှစ်ဦးနှစ်ဖက်လည်း အဆင်ပြေမယ်ထင်တယ်။
မေး-ကလေးသရုပ်ဆောင်ကနေ ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုတော့ ခေါင်းဆောင်မင်းသမီးအဖြစ် ကမ်းလှမ်းတာတွေရောရှိလား။ လုပ်ဖို့ရော စဉ်းစားထားပြီးလား။
ဖြေ-ခေါင်းဆောင်အဖြစ်နဲ့ ကမ်းလှမ်းတဲ့ ထုတ်လုပ်ရေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သမီးရဲ့အသက်အရွယ်နဲ့ မင်းသမီးတစ်ယောက်အဖြစ် တာဝန်မယူနိုင်သေးဘူးလို့ထင်တယ်။ မနိုင်တဲ့တာဝန်ကိုလည်း မယူချင်ဘူး။ မသင့်တော်သေးဘူးလို့လည်း ထင်ပါတယ်။ ပရိသတ်တွေက သမီးကို အမြင်ပြောင်းလဲပြီး မြင်နိုင်ဖို့ကလည်း ခက်သေးတယ်လေ။ နှစ်ဦးနှစ်ဖက် အဆင်သင့်မဖြစ်သေးလို့ပါ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရွယ်၊ ပညာရေးဘက်လည်း စုံပြီဆိုတော့မှ အနုပညာလောကမှာ နိုင်နိုင်နင်းနင်းလုပ်ပြချင်တယ်။ အခုချိန်မှာ လုပ်လိုက်ရင် မနိုင်မနင်းနဲ့ ပရိသတ်တွေ အထင်လွဲပြီး သမီးအနုပညာအလုပ်တွေ ဆက်မလုပ်ရမှာ စိုးရိမ်လို့ပါ။
မေး-ယွန်းယွန်းက ပညာရေးဘက်မှာလည်း ထူးချွန်ချင်တယ်ဆိုတော့ ကြီးလာရင်ဘာလုပ်မယ်ဆိုပြီး ရည်မှန်းထားတာရောရှိလား။
ဖြေ-လောလောဆယ် ဆယ်ကျော်သက်အိပ်မက်အနေနဲ့ကတော့ ဆေးကျောင်းတက်ချင်တယ်။ ယူချင်တဲ့ဘာသာကဆိုက်ကို၊ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်။
မေး-ကလေးသရုပ်ဆောင်ကနေ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ဖို့က ယွန်းယွန်းအတွက်ဆိုရင် ဘယ်လိုအခက်အခဲမျိုးရှိနိုင်လဲ။
ဖြေ-ကလေးသရုပ်ဆောင်တင်မဟုတ်ဘဲ သမီးကို ဆယ်ကျော်သက်သရုပ်ဆောင်အဖြစ်မြင်စေချင်ပါတယ်။ ကလေးသရုပ်ဆောင်ကတည်းက ချစ်ပြီးအားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း အခုနောက်ပိုင်း လက်ခံရတဲ့အလုပ်တွေကျတော့ ရှိုးလျှောက်တာတို့၊ ဓာတ်ပုံရိုက်တာတို့မှာ လူကြီးပုံဖမ်းနေပြီ။ အရွယ်နဲ့မလိုက်တာ လုပ်တယ်လို့ မထင်စေချင်ဘူး။ နောက်ပြီး ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့အတွက်ကလည်း ကလေးသရုပ်ဆောင်ရော၊ အပြင်လူရောအတူတူပါပဲ။ အဓိကကအနုပညာကို စိတ်ပါဝင်စားရမယ်။ အတွေ့အကြုံတွေလည်း အများကြီးလိုပါတယ်။ အမှန်တကယ်က မင်းသမီးမှမဟုတ်ပါဘူး။ သရုပ်ဆောင်ပညာမှာ လေ့လာသင်ယူစရာတွေ အများကြီးပဲရှိပါတယ်။ သမီးက မင်းသမီးဖြစ်ဖို့ဆိုပြီး ကြိုတင်ပြင်ဆင်ထားတာတော့မရှိပါဘူး။ ကိုယ်အသက်ကြီးတဲ့အချိန်ထိ ပရိသတ်က ခုလိုချစ်ပြီးအားပေးခံရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်ဆိုတဲ့ စိတ်မျိုးပဲရှိတာ ပါ။ အဲဒီအတွက်လည်း ကိုယ့်ပတ်ဝန်းကျင်ရှိနေတာတွေကို မျက်စိဖွင့်၊ နားစွင့်ပြီး တတ်နိုင်သလောက်ကြိုးစားနေပါတယ်။
မေး-ယွန်းယွန်းရဲ့ Fan Page မှာ Like လုပ်ထားတဲ့သူက တစ်သိန်းကျော်ရှိတာဆိုတော့ ကိုယ်တိုင်ရော အချိန်ပေးပြီးသုံးဖြစ်လား။
ဖြေ-Fan Page တွေက သမီးကိုယ်တိုင်လုပ်ထားတာတော့ မဟုတ်ပါဘူး။ ပရိသတ်တွေကလုပ်ပြီး သမီးကိုလက်ဆောင်ပေးကြလို့ သုံးဖြစ်တာ။ သမီးကိုယ်တိုင် အခုနောက်ပိုင်း ပုံတွေတင်ပြီး Status တွေရေးဖြစ်တာက ယွန်းယွန်းဆိုတဲ့ Fan Page မှာ အဲဒီ Fan Page ရဲ့ Admin မမက ဆွီဒင်မှာဆိုတော့ အရင်က အင်္ဂလိပ်လိုရေးပြီး Status တင်တာကို တချို့ပရိသတ်တွေက မကြိုက်ကြဘူး။ အဲဒါကြောင့် အခုနောက်ပိုင်းမှာ မြန်မာလို Status တွေ တင်ဖြစ်တယ်။ Fan Page ကို သုံးတာထက် ကိုယ့်အကောင့်ကိုတော့ နေ့တိုင်းလိုလိုသုံးဖြစ်ပါတယ်။ Fan Page သုံးတဲ့နောက်ပိုင်းကျမှာ ကလေးသရုပ်ဆောင်ကို ပရိသတ်တွေ အရမ်းချစ်တတ်ပါလားဆိုတာ သိလာတယ်။ အရင်တုန်းက လမ်းမှာတွေ့ရင် နှုတ်ဆက်တာလောက်ပဲရှိတာဆိုတော့ ကိုယ့်ပရိသတ် အဲလောက်ရှိလိမ့်မယ်လို့ ထင်မထားဘူး။ Fan Page မှာ ကိုယ့်ပုံတွေတင်၊ Status တွေတင်လိုက်တာနဲ့ Commet တွေ အများကြီးပြန်ဖတ်ခွင့်ရတယ်။ အခုတော့ ပရိသတ်တွေကြောင့်ပဲ ဖေ့စ်ဘွတ်ခ်ကို စွဲနေပါပြီ။
မေး-ပရိသတ်တွေက ယွန်းယွန်းဆိုတာနဲ့ ဆံပင်ရှည်ရှည်နဲ့ကောင်မလေးဆိုပြီး မြင်ကြတာဆိုတော့ ဆံပင်ပုံစံကို ပြောင်းဖို့ရောရှိပါသလား။
ဖြေ-သမီးကပြောင်းလဲသင့်နေပြီလို့ ထင်ပါတယ်။ ဒါပေမဲ့လည်း မပြောင်းလဲသေးပါဘူး။ မေမေကလည်း ဆံပင်ရှည်ကိုထားစေချင်တယ်။ ပရိသတ်တွေကလည်း ဆံပင်တိုသွားမှာကို လုံးဝမလိုလားကြဘူး။ အဲဒါကြောင့် ဆံပင်ပုံစံ ပြောင်းဖို့၊ မပြောင်းဖို့ စဉ်စားနေရတယ်။
မေး-ကလေးသရုပ်ဆောင်အဖြစ် ရပ်တည်နေပေမယ့် အားပေးနေတဲ့ပရိသတ်ကို လက်ဆောင်စကားလေး ပြောပေးပါဦး။
ဖြေ-အသက်ခြောက်နှစ်ကစပြီး သရုပ်ဆောင်လောကမှာ အခုအချိန်အထိ ခုနစ်နှစ်လောက် ရပ်တည်နိုင်ခဲ့တာက ပရိသတ်တွေကြောင့်ပါ။ အခုလိုအားပေးတဲ့အတွက် အရမ်းကျေးဇူတင်ပါတယ်။ ကလေးသရုပ်ဆောင်အနေနဲ့ရော၊ အခုပြောင်းလဲလာတဲ့အပေါ်မှာ အကြံဉာဏ်တွေပေး၊ Commet တွေပေးတဲ့ Fan Page က ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အခုအခြေအနေကိုတောင် တော်တော်ကျေနပ်နေပါတယ်။ အခုလိုမျိုးပဲ ဆက်လက်အားပေးပေးပါ။ သမီးကလည်း ဆက်ပြီးကြိုးစားနေပါမယ်။
ကျေးဇူးတင်ပါတယ်။

7daynewsjournal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map