<div style='background-color: none transparent;'></div>

Home » » နျူကလီးယားကိစ္စ ဆွေးနွေးစဉ် ထိုင်ဝမ်ပါလီမန်အတွင်း အမတ်များ ရန်ပွဲဖြစ်

နျူကလီးယားကိစ္စ ဆွေးနွေးစဉ် ထိုင်ဝမ်ပါလီမန်အတွင်း အမတ်များ ရန်ပွဲဖြစ်


တိုင်ပေ၊ သြဂုတ် ၂

အငြင်းပွားရလျက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းများ ပြီးလုပြီးခင်ရှိပြီ ဖြစ်သော နျူကလီးယားစက်ရုံအရေး ထိုင်ဝမ် ပါလီမန်အတွင်း ဆွေးနွေးကြစဉ် အမတ်များ သဘောထားကွဲကြရာမှ ဟိုဘက်သည်ဘက် အုပ်စုလိုက် ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု AFP သတင်းတစ်ရပ်မှာ ဖော်ပြထားသည်။

ဒါဇင်ပေါင်းများစွာသော ပါလီမန် အမတ်များသည် လွှတ်တော် အစည်းအဝေး၏ စကားပြောစင်မြင့်ကို လုကြရာမှ ခိုက်ရန် ဖြစ်ကြခြင်းဖြစ်ပြီး ရေခွက်များ၊ ရေဘူးများဖြင့် အပြန်အလှန် ပစ်ပေါက်ကြခြင်း၊ ရေများဖြင့် ပက်ကြခြင်းတို့လည်း ပြုလုပ်ကြကာ“ကလေးတွေကို ထိခိုက်မယ့် နျူကလီးယားစက်ရုံ နံပါတ် ၄ ကို ထောက်ခံကြပေါ့ကွာ” ဟု အော်ဟစ်နေကြသည်။

ပြိုင်ဘက် နိုင်ငံရေးပါတီများမှ အမျိုးသားဥပဒေပြု အမတ်နှစ်ဦးသည် ကုတ်ဖဲ့ထိုးနှက် တိုက်ခိုက်နေသည့် ကြားတွင် ရောက်ရှိသွားပြီး အခြားလူများ လာဆွဲပြီး လူစုမခွဲခင် အသည်းအသန် ထိုးနှက် တိုက်ခိုက်နေကြောင်း ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်သည့် ဗီဒီယိုတွင် တွေ့ရှိရသည်။

ထိုင်ဝမ်ကျွန်းတွင် စတုတ္ထမြောက် တည်ဆောက်မည့် နျူကလီးယားစက်ရုံ Nuke 4 ကို ဆက်လက် တည်ဆောက် သင့်မသင့် ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်ရန် အရေးကိစ္စကို ဆွေးနွေးကြသည့် အချိန်တွင် ထိုသို့ အမတ်များ၏ ခြေပါလက်ပါ ရန်ပွဲ ဖြစ်ခဲ့ခြင်း ဖြစ်၏။

အတိုက်အခံပါတီ ဒီမိုကရက်တစ်ပရို ဂရက်ဆစ်ပါတီက လုံခြုံရေး စိုးရိမ်သောကြောင့် နျူကလီးယားစက်ရုံ တည်ဆောက်ခြင်း မပြုရန် ကန့်ကွက်ကြခြင်းဖြစ်ပြီး အာဏာရပါတီ ကူမင်တန်က ယင်းသို့ ရပ်ဆိုင်းလိုက်လျှင် ထိုင်ဝမ်ကျွန်းအတွက် စွမ်းအင် မလုံလောက်မှုများဖြစ်ကာ စီးပွားရေးကို ထိခိုက်နိုင်ကြောင်း စိုးရိမ်လျက် ရှိသည်။

ထိုင်ဝမ် ပါလီမန်သည် ရှေးယခင်ကတည်းက ဥပဒေပြုအမတ်များ ဆွေးနွေးရင် လက်ပါတတ်သည့် နေရာတွင် နာမည်ကျော်ပြီး ယခုနှစ်ပိုင်းများအတွင်း ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးခဲ့ကြသည်။

သို့သော် ပြီးခဲ့သည့် လအတွင်းကလည်းတစ်ကြိမ် ပါလီမန်အတွင်း ရန်ပွဲဖြစ်ခဲ့ပြီး ထိုစဉ်ကလည်း ရှယ်ယာ အရောင်းအဝယ်တွင် အခွန်စည်းကြပ်ရန် ဆွေးနွေးကြရာမှ လွှတ်တော်အမတ်များ ကော်ဖီဖြင့် ပက်ကြခြင်း အပြန်အလှန် ကုတ်ဖဲ့တိုက်ခိုက်ကြခြင်း ဖြစ်ခဲ့သေးသည်။

ဂျပန်တွင် ဆူနာမီဖြစ်ခဲ့ပြီး နျူကလီးယား ဓာတ်ပေါင်းဖို ယိုစိမ့်မှု အန္တရာယ်နှင့် တွေ့ခဲ့ရပြီးနောက် ထိုင်ဝမ်ကျွန်းတွင်လည်း လျှပ်စစ်ဓာတ်အားပေး နျူကလီးယား ဓာတ်အားစက်ရုံများ၏ လုံခြုံရေးကို စိုးရိမ်မှု မြင့်တက်လာခဲ့သည်။

နျူကလီးယား မလိုလားသည့် ဆန္ဒပြသူများကလည်း မကြာခဏ လူအုပ်လိုက် ဆန္ဒပြပွဲများ ပြုလုပ်ကြကာ အစိုးရ၏ နျူကလီးယား စက်ရုံများ ရပ်တန့်ရေးနှင့် နျူကလီးယားစွမ်းအင် မသုံးရေး တို့ကို တောင်းဆိုကြလျက် ရှိသည်။

ဂျပန်နိုင်ငံကဲ့သို့ ထိုင်ဝမ်ကျွန်းသည်လည်း မကြာခဏ မြေငလျင်များ လှုပ်ခတ်မှု ဖြစ်တတ်လေ့ရှိရာ ၁၉၉၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြေငလျင်ကြီးကြောင့် သေဆုံးသူ ၂၄၀၀ ခန့်ရှိခဲ့ဖူးသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map