တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ည ၇ နာရီ ၃၀ မိနစ်မှာ ပရီးမီးယားလိဂ်
ချန်ပီယံ မန်ချက်စတာယူနိုက်အသင်းနှင့် အက်ဖ်အေဖလား ချန်ပီယံ
ဝီဂန်အသင်းတို့ဟာ ရံပုံငွေ အလှူပွဲတစ်ခု ဖြစ်သည့် ကွန်မြူနတီဒိုင်းပွဲကို
ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းက ဝီဂန်အသင်းကို ၂-၀ ဂိုး
ရလာဒ်ဖြင့် အနိုင်ရခဲ့ပြီး အက်ဖ်အေ ကွန်မြူနတီဒိုင်းဆုကို
ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အနိုင်ဂိုး ၂ ဂိုးကို တိုက်စစ်မှူး
ရော်ဘင် ဗန်ပါစီက ၇ မိနစ်၊ ၅၉ မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းမှာ ပွဲထွက် ကစားသမားများအဖြစ် ဂိုးသမား ဒီဂီအာပွဲထွက်လာပြီး နောက်တန်းမှာ ရာဖေးလ်၊ ဗီဒစ်၊ ဖီးလ်ဂျုန်းနှင့် အီဗရာတို့ စတင် ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာတော့ ရိုင်ယန်ဂစ်၊ ကားရစ်၊ ကလဲဗားလေးနှင့် ဇာဟာတို့ နေရာယူပြီးတော့ တိုက်စစ်မှာ ဗန်ပါစီနှင့် ဝဲလ်ဘတ်တို့ ပွဲထွက်လာပါတယ်။ ယနေ့ပွဲစဉ်မှာ ယူနိုက်တက်ကစားသမားအဖြစ် တရားဝင် ကျင်းပသည့် ပွဲတစ်ပွဲမှာ ပထမဆုံး ပါဝင်လာမည့် ဇာဟာ ဟာ ဒီနေ့ စောင့်ကြည့်ရမယ့် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဇာဟာ ဟာ ဝင်ဘလေမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် တန်းတက်ခွင့် ပြိုင်ပွဲတွေမှာ ဂိုးရနိုင်သည့် ဖန်တီးမှု ၃ ကြိမ်နှင့် တစ်ဖက်နောက်တန်းကို ကျော်ဖြတ်နိုင်မှုပေါင်း ၂၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။
ဝီဂန်အသင်းမှာတော့ ဂိုးသမား ကာဆင်၊ နောက်တန်းမှာ ဘွိုင်းစ်၊ ဘားနက်၊ ပါ့ခ်ျနှင့် ခရိန်းနေ၊ ကွင်းလယ်မှာ ဝက်တ်ဆန်၊ မက် အာသာ၊ မက်ကာသီနှင့် မက်က်လိန်းတို့ ပွဲထွက်လာပြီး တိုက်စစ်မှာ မလိုနီနှင့် နော်ရစ်ခ်ျ အသင်းခေါင်းဆောင်ဟောင်း ဂရန့်တ် ဟို့လ်တ် တို့ ပွဲထွက် ကစားလာပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေစမ်းပွဲများမှာ ရလာဒ်များ ညံ့ဖျင်းနေပြီး ဖိအားများနှင့် ရင်ဆိုင်နေရပေမယ့် ဒီနေ့ ပွဲစဉ်မှာတော့ အနိုင်ရဖို့ ကြိုးစား ကစားလာတာကို တွေ့ရပြီး ပွဲစကတည်းက ဖိအားပေး ကစားလာပါတယ်။ ပွဲစလို့ ၆ မိနစ် အကြာမှာပဲ မန်ချက်စတာယူနိုက်တက် အသင်းဟာ အဖွင့်ဂိုး ရရှိလိုက်ပါတယ်။ ပတ်ထရစ် အီဗရာ ဘယ်တောင်ပံကနေ မတင်ပေးလိုက်တာကို ဗန်ပါစီက ခေါင်းတိုက် သွင်းယူလိုက်ရာမှာ ဝီဂန် ဂိုးသမား ကာဆန်ရဲ့ ညာဖက် တိုင်ခြေနားကို ကပ်ဝင်သွားတဲ့အတွက် ယူနိုက်တက်အနေနှင့် ပွဲကို ဦးဆောင် ကစားနိုင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဂိုး သွင်းယူနိုင်လိုက်တဲ့အတွက် ဝီဂန်အသင်းနှင့် ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၇ ဂိုး သွင်းယူနိုင်လိုက်တာ ဖြစ်ပါတယ်။ ဝီဂန်အတွက်တော့ အိမ်မက်ဆိုးတစ်ခုပါပဲ။ ၂၀၀၁ ခုနှစ်တုန်းက နစ္စတယ်ရွိုင်း ဂိုးသွင်းယူခဲ့တဲ့ နောက်ပိုင်း ကွန်မြူနတီဒိုင်းပွဲမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟော်လန်ကစားသမား တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။
ပွဲချိန် ၁၆ မိနစ်မှာတော့ မန်ယူ နောက်ခံလူ ရာဖေးလ် ဒါဏ်ရာ ရသွားတဲ့အတွက် စမောလင်းနှင့် လူစားလဲ ကစားခဲ့ရပါတယ်။ ပွဲချိန် ၁၈ မိနစ်အထိ မန်ယူနိုက်တက်အသင်းဟာ ဝီဂန်အသင်းကို တစ်ဖက်သက် ဖိအားပေး ကစားနေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ရာနှုန်းအရ မန်ယူနိုက်တက်က ၇၆ ရာနှုန်း၊ ဝီဂန်အသင်းက ၂၄ ရာနှုန်းအထိ ကွာဟခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာစီးရနေပေမယ့် ဝီဂန် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နေခြင်း မဟုတ်ပဲ ကွင်းလယ်မှာသာ အပေးအယူ များပြားနေခဲ့တာပါ။ ယူနိုက်တက် တောင်ပံ ကစားသမား ဇာဟာ အနေနှင့် အလိမ်အလှည့် အလှအပများ ပြသနေနိုင်ပေမယ့် ကစားဖော်များနှင့် ချိတ်ဆက်မှုမှာတော့ နားလည်မှု လိုအပ်နေပါသေးတယ်။
၃၄ မိနစ်မှာ ဝီဂန် တိုက်စစ်မှူး မက်က်လိန်း ဘယ်ဖက်ခြမ်းကနေ ဂိုးရှေ့ကို အနီးကပ် ဖြတ်တင်ပေးလိုက်နိုင်ပေမယ့် ပိတ်သွင်းမယ့်လူ နောက်က ပါမလာတဲ့အတွက် ဝီဂန်အတွက် အခွင့်အရေးကောင်း တစ်ခု နစ်နာခဲ့ရပါတယ်။ ၃၇ မိနစ်မှာတော့ မန်ယူအသင်းက ပြန်လည် ထိုးဖောက်လာပြီး ကလဲဗားလေး အသာအယာ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဝဲလ်ဘတ် ဧရိယာထိပ်ကနေ ကန်သွင်းလိုက်တာ ကောင်းပေမယ့် ဝီဂန် ဂိုးသမား ကာဆန် ကာကွယ်လိုက်နိုင်ပါတယ်။
ပထမပိုင်း ပြီးဆုံးကာနီး အချိန်မှာတော့ ဝီဂန်အသင်းကလည်း တွန်းတွန်းတိုက်တိုက် ကစားအား တင်လာတဲ့အတွက် ပွဲက မြိုင်ဆိုင်လာပြီး ကြည့်ကောင်းလာပါတယ်။ ၄၃ မိနစ်မှာ ဝီဂန်အသင်းက ပြစ်ဒါဏ်ဘော ကန်သွင်းခွင့် ရခဲ့ပြီး ဂိုးရလုအနေအထားအထိ ဖြစ်ခဲ့ပါတယ်။ မက်ကလိန်း ခေါင်းတိုက် သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် တိုက်ချက် မမှန်ခဲ့တဲ့အတွက် ဘာမှ ဖြစ်မလာခဲ့တဲ့အတွက် ပထမပိုင်း အပြီးမှာ မန်ယူနိုက်တက်က တစ်ဂိုးအသာနဲ့ပဲ ပြီးဆုံးသွားပါတယ်။
ပထမပိုင်း ကစားပုံအရ မန်ယူနိုက်တက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနှင့် ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကို ခြိမ်းခြောက်မှု အပိုင်းမှာတော့ အားနည်းနေသေးတာ တွေ့ရပါတယ်။ ဝီဂန်အသင်းဟာ မိနစ် ၃၀ လောက် မန်ယူအသင်းရဲ့ ကစားကွက်အောက်မှာ နစ်မြုပ်နေခဲ့ပြီး ပထမပိုင်း ပြီးကာနီးအချိန်ရောက်မှာ တွန်းတွန်းတိုက်တိုက်နဲ့ ကစားအား မြှင့်တင်လာခဲ့တဲ့အတွက် အပြိုင်အဆိုင် ဖြစ်လာခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ရရှိထားတဲ့ ဦးဆောင်ဂိုး တစ်ဂိုးကိုပဲ ထိန်းထားပြီး နောက်ထပ် ဂိုးသွင်းယူနိုင်ဖို့ မကြိုးစားနိုင်ခဲ့ဘူး ဆိုရင်တော့ ဒုတိယပိုင်းမှာ ဝီဂန်အသင်းရဲ့ ဖိအားပေး ကစားတာကို ခံရနိုင်တဲ့ အနေအထား ရှိနေပါတယ်။
ဒုတိယပိုင်း ပွဲအစမှာတော့ ဝီဂန်အသင်းဟာ ရှုံးနိမ့်နေတဲ့ ရလာဒ်ကို ပြင်ဆင်နိုင်ဖို့ ကစားအား တင်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်း အခွင့်အရေး ရတာက မန်ယူပါ။ ညာတောင်ပံဖက်ကနေ ဇာဟာက ဝဲလ်ဘတ်ဆီကို ပြန်ချိုးပေးလိုက်ပါတယ်။ ဝဲလ်ဘတ်ကနေ တစ်ဆင့် နောက်က ပြေးတက်လာတဲ့ ကလဲဗားလေးဆီကို အသာအယာချပေးလိုက်ပေမယ့် ကလဲဗားလေး ကန်ချက်မမှန်ခဲ့တဲ့အတွက် အခွင့်အရေးတစ်ခု လက်လွတ်ခဲ့ရပါတယ်။
၅၄ မိနစ်မှာတော့ ဝီဂန်အသင်းက ဒေါင့်ကန်ဘော ကန်သွင်းခွင့် ရခဲ့ပါတယ်။ ဒီဒေါင့်ကန်ဘောဟာ ဝီဂန်အသင်းအတွက် ပထမဆုံး ရရှိတဲ့ ဒေါင့်ကန်ဘော ဖြစ်ပြီး အခွင့်အရေးတစ်ရပ်အဖြစ်တော့ အသုံးမချနိုင်ခဲ့ကြပါဘူး။ ဒုတိယပိုင်းမှာ ဝီဂန်အသင်းဟာ မန်ယူအသင်းကို အကောင်းဆုံး ပြန်လည် ဖိအားပေး ကစားလာခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း ဂိုးရသွားတာကတော့ မန်ယူနိုက်တက်ပါ။ ၅၈ မိနစ်မှာ ဂိုးဧရိယာထိပ်နားကနေ ဗန်ပါစီရဲ့ ကန်သွင်းချက်ဟာ ဝီဂန် နောက်ခံလူ ပါ့ခ်ျနှင့် ထိပြီး လမ်းကြောင်းပြောင်းပြီးတော့ ဂိုးဝင်သွားခဲ့တာပါ။ ၂ ဂိုးသွင်းယူလိုက်နိုင်ပြီ ဖြစ်တဲ့အတွက် မန်ယူနိုက်တက်ဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲ ၄ ပွဲမှာ ၁၀ အထိ သွင်းယူလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၂ ဂိုး ရှုံးနိမ့်ခဲ့တဲ့နောက် ဝီဂန်အသင်းဟာ တိုက်စစ်အား ပြင်ဆင်ဖို့ အတွက် မက်က် အာသာနှင့် ဂရန့်တ် ဟို့လ်တ်နှင့် ဂျေ မက်ကိန်း တို့ကို ထုတ်ပြီး ဖော်ကျွန်းနှင့် စီ မက်ကိန်းနှင့် မက်မာနာမန်တို့ ဝင်ရောက် ကစားခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဖက်ကလည်း ဇာဟာ အစား ဗလင်စီယာ ဝင်ရောက်လာပါတယ်။ သိပ်မကြာခင်မှာပဲ ရိုင်ယန်ဂစ်အစား အန်ဒါဆင် ဝင်ရာက်လာပါတယ်။
၆၈ မိနစ်မှာ မန်ယူနိုက်တက်က နောက်တစ်ဂိုးရဖို့ အခွင့်အရေးကောင်း တစ်ခု ရရှိခဲ့ပြီး ဗလင်စီယာ ကန်သွင်းရာမှာ နောက်ခံလူနှင့် ထိပြီး ဒေါင့်ကန်ဘောသာ ဖြစ်ခဲ့ပါတယ်။ မိနစ် ၇၀ မှာ ဝီဂန်အသင်းဟာ မလိုနီအစား ဂျော်ဒီ ဂိုမက်ဇ်၊ ဝတ်တ်ဆန်အစား အက်စ်ပင်နိုဇာတို့ ဝင်ကစားခဲ့ပါတယ်။ ဝီဂန်အသင်းရဲ့ ၅ ယောက်မြောက် လူစားလဲမှု ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းပွဲဟာ အရံလူ ၇ ယောက်အထိ စာရင်းပေးသွင်းနိုင်ပြီး လူစားလဲမှု ၆ ကြိမ်အထိ ပြုလုပ်ခွင့် ရှိတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အက်ဇ်ပင်နိုဇာဟာ ဝင်လာ လာချင်းမှာပဲ မန်ယူ ဧရိယာထိပ်နားကနေ ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးပေါက်တည့်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
၂ ဂိုးရှုံးနိမ့်ပြီးတဲ့နောက်ပိုင်းမှာတော့ ဝီဂန်အသင်းက လူစားလဲမှု အများအပြား ပြုလုပ်ခဲ့ပေမယ့် မန်ယူအသင်းကို သိပ်မယှဉ်နိုင်တော့ပဲ မန်ယူအသင်းကသာ အကြိမ်ကြိမ် ထိုးဖောက်နိုင်ခဲ့ပါတယ်။ ၈၃ မိနစ်မှာ ဝဲလ်ဘတ်နှင့် ဗန်ပါစီကို ထုတ်ပြီး ကာဂါဝါနှင့် အက်ဒ်နန် ဂျနုဇတ်တို့ ဝင်ရောက် ကစားလာပါတယ်။ လူငယ်ကစားသမားလေး အက်ဒ်နန် ဂျနုဇတ်ဟာ မန်ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲများမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကစားသမားလေး ဖြစ်ပါတယ်။ ဝီဂန်အသင်းကလည်း မက်ကာသီအစား ဒစ်ကို ဝင်ရောက်ကစားပါတယ်။ ဒီနောက်ပိုင်းမှာ ယူနိုက်တက်အသင်းကပဲ ဖိအားပေး တိုက်စစ်ဆင် ကစားနေနိုင်ခဲ့သော်လည်း ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်တော့ပဲ ၂-၀ ဂိုးရလာဒ်နဲ့ပဲ ပွဲစဉ် ပြီးဆုံးသွားခဲ့ပါတယ်။ ဒီနေ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ယူနိုက်တက် ကွင်းလယ်ကစားသမား မိုက်ကယ် ကားရစ်က ဆွတ်ခူးသွားပါတယ်။
ဒီနေ့ပွဲဟာ ရံပုံငွေ အလှူပွဲ တစ်ခုအဖြစ် ကစားခဲ့ကြတဲ့ ပွဲတစ်ပွဲ ဖြစ်ပေမယ့် ပရိသတ်ပေါင်း ၈၀၂၃၅ ယောက်အထိ လာရောက် အားပေးခဲ့ကြပါတယ်။ ဝီဂန် အသင်း ပရိသတ်ပေါင်း ၅၅၀၀ သာ လာရောက် အားပေးခဲ့ပြီး ယူနိုက်တက် ပရိသတ်အများအပြားပဲ လာရောက် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဝီဂန်အသင်းဟာ ရာသီကြို ခြေစမ်းပွဲများနှင့် ချန်ပီယံရှစ် အဖွင့်ပွဲမှာ ရလာဒ်ကောင်းများ ပိုင်ဆိုင်ခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းကို အစစ အရာရာ မယှဉ်နိုင်ခဲ့ပဲ မန်ယူနိုက်တက်ရဲ့ တိုက်စစ်ကို ခုခံရင်းနဲ့ပဲ ပွဲစဉ် ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာလည်း အနိုင်ရရှိခဲ့ပေမယ့် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ပြောလို့ မရနိုင်ပါဘူး။ ဗန်ပါစီရဲ့ အဆုံးသတ် ကောင်းမွန်မှုတွေက ဒီပွဲရဲ့ ရလာဒ်ကို အဓိက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ရာသီကြို ခြေစမ်းပွဲများမှာ ရလာဒ်များ ညံ့ဖျင်းမှုကြောင့် ဖိအားများနေခဲ့တဲ့ မန်ယူနိုက်တက် နည်းပြသစ် ဖြစ်သူ ဒေးဗစ် မိုယေးစ်အတွက်တော့ ပထမဆုံး ကိုင်တွယ်ရတဲ့ပွဲမှာ ဆုဖလား တစ်ခု ရယူပြီး ဖိအားအနည်းငယ် ကျဆင်းခဲ့ပြီ ဖြစ်ပါတယ်။

Written by အောင်စိုးမိုး(နတ်ရွာ)
football-cafe

0 comments:
Post a Comment