<div style='background-color: none transparent;'></div>

Home » » ဆလုံတိုင်းရင်းသားတို့၏ နေထိုင်မှုပုံစံများ

ဆလုံတိုင်းရင်းသားတို့၏ နေထိုင်မှုပုံစံများ


မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းများတွင် နေထိုင်လျက်ရှိသော ဆလုံတိုင်းရင်းသားတို့၏ နေထိုင်မှုပုံစံများ ပြောင်းလဲလာကြောင်း သိရသည်။

ဆလုံ(မော်ကင်း) လူမျိုးများမှာ ပင်လယ်ပျော်များဖြစ်ပြီး မိုးတွင်းကာလများတွင် ကျွန်းများပေါ်တွင် စုပေါင်း၍ လာရောက်နေထိုင်လေ့ ရှိကြောင်း သိရသည်။ ဆလုံလူမျိုးများကို အများအားဖြင့် မိုးရာသီများတွင် တစုတဝေး တွေ့ရလေ့ရှိပြီး နွေရာသီများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများသာ ကျွန်းများပေါ်တွင် နေထိုင်လေ့ ရှိကြောင်း သိရသည်။

''ဆလုံလူမျိုးတွေက နောက်ပိုင်းမှာ ပင်လယ်ထဲမှာ သွားလာနေတာမျိုး သိပ်မတွေ့ရတော့ဘူး။ နွေရောမိုးပါ ကျွန်းတွေပေါ်မှာ အနေများလာတယ်။ ပင်လယ်ထဲမှာ သားငါးတွေဖမ်းလို့ မလွယ်တော့ဘဲ ရှားပါးလာနေတော့ ကုန်းပေါ်က အလုပ်တွေကို လုပ်နေရတာ တွေ့ရတယ်။ တချို့ဆို သစ်လှေတွေ၊ ငါးဖမ်းလှေကြီးတွေ လိုက်နေကြပြီး တချို့လည်း ကျပန်းအလုပ်တွေကို လုပ်နေရတာ တွေ့ရတယ်'' ဟု ဆလုံလူမျိုးများကို သွားရောက်လေ့လာခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘာလှည့် ခရီးသွားများမှာ ဆလုံလူမျိုးများ၏ အသက်မွေးဝမ်းကျောင်း ပုံစံများနှင့် နေထိုင်မှုများကို စိတ်ဝင်စားကြပြီး မြိတ်ကျွန်းစုအတွင်း လာရောက်လေ့လာခြင်းမှာ ဆလုံလူမျိုးများ၏ နေထိုင်မှုဟန်ပန်နှင့် ကျန်းမာရေး ကိစ္စများ ထောက်ပံ့ရန်အတွက် ဖြစ်ကြောင်း သိရသည်။ ဆလုံလူမျိုးများမှာ ငါးရိုက်ခြင်း၊ သစ်မှိန်းများဖြင့် ရေငုပ်ငါးထိုးခြင်း စသည့် လုပ်ငန်းများလည်း လုပ်ကိုင်လေ့ရှိသည်။

''ကျန်းမာရေး၊ နာရေးတွေမှာလည်း ပြောင်းလဲလာနေတာ တွေ့ရပါတယ်။ အရင်က အသုဘဖြစ်ရင် ရွာပြင်မှာ ကြပ်စင်ထိုးပြီး အသုဘကို ဒီအတိုင်း ထားရာကနေ ဒေသအာဏာပိုင်တွေရဲ့ ပြောဆိုမှုတွေကြောင့် မြေမြှုပ်တာတွေ လုပ်လာကြပါတယ်။ ဖျားနာဖြစ်ရင်လည်း နတ်ဆရာအစား ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ပြသတာတွေ လုပ်လာကြပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ဆလုံလူမျိုးများကို ရေမြက်ကြီး၊ မကျုံဂလက်၊ စရော့၊ ညောင်မှိုင်း၊ ဒုံးပုလဲအော်၊ ပလောဝမ်း၊ ညောင်ဝီး၊ ဇာဒက်ကြီး၊ လန်ပိကျွန်းတန်းကြီးနှင့် ဘုတ်ပြင်း၊ ကော့သောင်းအပိုင် ကျွန်းတချို့တွင် တွေ့ရှိနိုင်ပြီး ကျွန်းတစ်ကျွန်းတွင် အိမ်ခြေ ၃၀ ကျော်ခန့် စုပေါင်း နေထိုင်လေ့ရှိကြောင်း သိရသည်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map