<div style='background-color: none transparent;'></div>

Home » » သရုပ်ဆောင်မေဇွန်အား အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ်

သရုပ်ဆောင်မေဇွန်အား အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ၄ လချမှတ်


အိမ်အကူမလေး သေဆုံးမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခြင်း ခံထားရသည့် သရုပ်ဆောင် မေဇွန်အား ဇွန် ၂၀ ရက်က အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

သရုပ်ဆောင် မေဇွန်အား အနောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၃) မှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၉ နှစ်၊ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်သုံးလနှင့် ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ လ တို့ကို သီးခြားကျခံစေရန်နှင့် ချုပ်ရက်ကို ထုတ်နုတ်ခံစားစေပြီး အယူခံဝင်ခွင့် ရှိကြောင်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။


မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၀ ရက် ညက အိမ်ဖော်မလေးသေဆုံးမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရခဲ့ရပြီး ဇွန် ၂၀ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်အပေါ် တရားခံ၏ ရှေ့နေဖြစ်သူ ဦးအောင်မြင့်က ''ဒီပြစ်ဒဏ်က ပြင်းထန်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး မေဇွန်က ကျောင်းတက်နေဆဲ ကျောင်းသူဖြစ်ပြီး ငယ်ရွယ်တဲ့သူ ဖြစ်တာရယ်၊ အရင်က ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဖူးတာရယ်ကြောင့် ဒီပြစ်ဒဏ်အပေါ် သက်ညှာပေးဖို့ အယူခံ တက်သွားမှာပါ'' ဟု ဇွန် ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သည့် မနုနုလွင်သည် နောက်စေ့၊ လက်မောင်း၊ ပခုံးတို့တွင် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ဖျံ၊ ညာလက်ကောက်ဝတ်နှင့် ၀ဲပါးစောင်းတွင် သွေးခြည်ဥသည့် ဒဏ်ရာများနှင့်တကွ အရေပြားတွင် အစင်းရာများ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးပြီး ရင်ခွဲ စစ်ဆေးချက်အရ သေဆုံးသူသည် ရရှိသည့် ဒဏ်ရာများကြောင့် ကျောက်ကပ်ပျက်စီးပြီး ဇီဝကမ္မ ဖြစ်စဉ်အရ စိတ်ဓာတ်ကျဆင်း၍ သေဆုံးနိုင်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ဆေးစာတွင် ဖော်ပြချက်အရ စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ တရားသူကြီးက ဆိုသည်။

အခြားအိမ်အကူဖြစ်သည့် မဇင်ဇင်ထိုက်၏ ထွက်ဆိုချက်အရ မေဇွန်သည် အိမ်အကူများအား မကြာခဏ နှိပ်စက်ခဲ့ကြောင်းနှင့် မေဇွန်သည် ကျောင်းကိစ္စ အရေးကြီးသဖြင့် ခရီးထွက်စဉ် သော့မှာ ၎င်းနှင့်အတူ ပါသွားပြီး ယင်းသော့ကို မနုနုလွင်အား ပြန်လည်ပေးအပ်ခြင်း မရှိသဖြင့် အခန်းထဲတွင် သော့ခတ်ခံထားရကြောင်း ထင်ရှားခဲ့ပြီး မေဇွန်နှိပ်စက်သဖြင့် သေဆုံးရခြင်းသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်မှုများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်၊ နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက် လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းများနှင့် အိမ်ဖော်များ အချင်းချင်း ကြက်မွေးဖြင့် ရိုက်ခိုင်းခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု ရဲစစ်ချက်များတွင် ဖော်ပြထားသည်။

ZinYaw
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map