ဆိုင်ကလုန်းမုန်တိုင်း
မဟာစင်သည် မောင်တောမြို့ကမ်းခြေနှင့် မိုင် ၁၂၀ ခန့် အကွာသို့
ရောက်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၆ ရက်နေ့
နံနက် ၁၀ နာရီက သတင်းထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာစင်သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်ဘက် မိုင် ၁၂၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင် ၁၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခြင်းဖြစ်သည်။
ယနေ့ (မေ ၁၆ ရက်) မွန်းလွဲပိုင်းတွင် မောင်တောမြို့နှင့် စစ်တကောင်းမြို့ အကြား ကမ်းခြေကို မုန်တိုင်းဖြတ်ကျော် ၀င်ရောက်မည်ဖြစ်သည်။
မုန်တိုင်းဖြတ်ကျော် ၀င်ရောက်စဉ် လေတိုက်နှုန်းသည် တစ်နာရီလျင် မိုင် ၆၀ မှ ၇၀ ၀န်းကျင်ရှိမည်ဖြစ်ပြီး လက်ရှိအခြေအနေမှာ အနီရောင် အရေးပေါ်အဆင့်ဖြစ်သည်။
ဆိုင်ကလုန်း မဟာစင်သည် မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် လိမ္မော်ရောင်အဆင့်မှ အနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိ လာခြင်းဖြစ်သည်။
မုန်တိုင်း၏အရှိန်ကြောင့် မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့ နယ်ကမ်းခြေတွင် ၈ ပေမှ ၁၀ ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် ခြောက်ပေမှ ရှစ်ပေခန့်နှင့် ကျောက်ဖြူခရိုင်ကမ်းခြေတွင် လေးပေမှ ခြောက်ပေခန့် မြင့်တက်နိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။
မုန်တိုင်းသည် နံနက် ၇ နာရီဝန်းကျင်တွင် မောင်တောမြို့ကမ်းခြေနှင့် မိုင် ၁၆၀ ခန့်အကွာတွင် တည်ရှိနေရာမှ တဖြည်းဖြည်း နီးကပ်လာခြင်းဖြစ်သည်။ လက်ရှိတွင် မောင်တောနှင့် စစ်တွေတို့တွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Eleven Media Group
0 comments:
Post a Comment