<div style='background-color: none transparent;'></div>

Home » » ဂျပန်-မြန်မာအချစ်ဇာတ်လမ်း

ဂျပန်-မြန်မာအချစ်ဇာတ်လမ်း

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သော ဂျပန်ဝန်ကြီး ချုပ်ဆိုသည့် ဂုဏ်ထူးကို ရယူသွား ခဲ့ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေး နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ခြင်းဖြင့် အပြန်အလှန် ပွေ့ဖက်သော မိတ်ဆွေ ဆက်ဆံရေး အခြေခံ အုတ်မြစ်အသစ် တည်ဆောက်ရန် မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် သဘောတူညီ ခဲ့သည်။
လျစ်လျူ ရှုထားခဲ့သည်မှာ ကြာပြီဖြစ်သော မြန်မာ စီးပွားရေးကို တွန်းနှိုးရန် ဖြစ်နိုင်သမျှ အကူအညီ အားလုံး ပေးအပ်သွားမည်ဟု ဂျပန်ဝန်ကြီး ချုပ်က ကတိက၀တ်ပြု ပြောကြားပြီး ဂျပန်က မြန်မာနှင့် ကုန်သွယ်ရေး တိုးမြှင့် နေစဉ်မှာပင် မြန်မာနိုင်ငံမှ ရရန်ရှိသော ကြွေးမြီများကို လျှော်ပေးရန်နှင့် ချေးငွေ အသစ်များ ထပ်မံပေးအပ်ရန် ကတိပြု လိုက်သည်။

ဒီမိုကရေစီ စနစ်သို့ ကူးပြောင်း နေသော မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အပံ့ ပေးသည့် အနေဖြင့် ကြွေးကျန် နောက် ထပ်ယန်း ငွေ ၁၇၆ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံ) ပယ်ဖျက် ပေးရန် ဂျပန်က သဘောတူညီ ခဲ့သည်။ ယင်းမှာ မြန်မာနိုင်ငံ အပေါ် ကြွေးမြီယန်းငွေ ၃၀၀ ဘီလီယံ ပယ်ဖျက်ပေးရန် ၂၀၁၂ ခုနှစ်ဧပြီလတွင် ဂျပန်က ကတိပြုခဲ့ပြီးနောက် ကြွေးမြီ၏ နောက်ဆုံး ကျန်ရှိသော အစိတ်အပိုင်းဖြစ်သည်။
ထို့အပြင် ဂျပန်-မြန်မာသဘောတူညီမှု အသစ်များအရ ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွက် ချေးငွေသစ် ယန်း ၅၁ ဘီလီယံ (ကန်ဒေါ်လာ ၄၈၉ ဒသမ ၅ သန်း) ထပ်မံပေးအပ်ရန်လည်း သဘောတူညီခဲ့သည်။ ယင်းမှာ မြန်မာ တစ်နိုင်ငံလုံး၌ အခြေခံ အဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဖြစ်သော လမ်း၊ လျှပ်စစ်မီးနှင့် ရေရရှိရေး လုပ်ငန်းများ ပါဝင်သလို ဓာတ်အားပေးစက်ရုံ ပြင်ဆင်ထိန်းသိမ်းမှု၊ ရန်ကုန်မြို့အနီး သီလ၀ါအထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးနှင့် ဒီဇင်ဘာလအတွင်း ဂျပန်နှင့် မြန်မာက ဖော်ဆောင်ရန် သဘောတူထားသော စီမံကိန်း တစ်ခုအတွက် သုံးစွဲရန်ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် မလာမီကပင် မြန်မာနိုင်ငံသို့ ဂျပန်စီးပွားရေး လုပ်ငန်းများမှ အမှုဆောင်များ ခြေလှမ်းစိပ်ခဲ့ပြီးဖြစ်သည်။ ယမန်နှစ်အတွင်း မြန်မာနိုင်ငံသို့ ဂျပန်စီးပွားရေးအမှုဆောင်များ တစ်လလျှင် ၄၀၀၀ ခန့် အ၀င်အထွက်ရှိခဲ့သည်။ ၎င်းအရေအတွက်မှာ ထိုင်းနိုင်ငံနောက် ဒုတိယလိုက်ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO) ရန်ကုန်ရုံးမှ မန်နေဂျင်း ဒါရိုက်တာ မာဆာကီတာကာဟာရာက ဆိုထားသည်။
လုပ်အားခ ဈေးနှုန်းချိုသာခြင်းနှင့် ပြည်သူ သန်း ၆၀ ရှိ မခူးမဆွတ်ရသေးသော ဈေးကွက်က ဂျပန်ကုမ္ပဏီများကို ဆွဲဆောင်နေသည်ဟု ၎င်းကပင် ဆိုပါသည်။ “အခုလောလောဆယ် တစ်ကမ္ဘာလုံးမှာ မြန်မာလိုဈေးကွက် ဘယ်မှာမှ မရှိဘူး” ဟု မစ္စတာတာကာဟာရာက ဘလွန်းဘာ့ဂ်စီးပွားရေးသတင်းဌာနအား ပြောကြားသည်။ ဂျပန်နိုင်ငံသည် အနောက်နိုင်ငံများကဲ့သို့မဟုတ်ဘဲ ၂၀၁၁ ခုနှစ်တွင် စစ်ဘက်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့သော မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဆက်ဆံမှု ဆက်လက်ထားရှိခဲ့သည်။
ဂျပန်-မြန်မာခေါင်းဆောင်နှစ်ဦး တွေ့ဆုံချိန်တွင်လည်း ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ငွေကြေးနှင့် နည်းပညာအကူအညီ ယန်းငွေ ၄၀ ဘီလီယံဖိုးအထိ ပေးအပ်ရန် သဘောတူညီခဲ့သည်။ ချေးငွေသစ် ယန်း ၅၁ ဘီလီယံနှင့် ပေါင်းလိုက်ပါက ဂျပန်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း စုစုပေါင်းယန်းငွေ ၉၁ ဘီလီယံ အကူအညီပေးအပ်သွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်မှန်းထားသော သီလ၀ါဆိပ်ကမ်း တည်ဆောက်မှုကို မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမို စသော ဂျပန်ကုမ္ပဏီကြီးများက ပါဝင်ကူညီ အကောင်အထည်ဖော်ပေးနေပြီး ဂျပန်ဝန်ကြီးချုပ်လည်း သွားရောက်ကြည့်ရှုခဲ့သည်။
“လတ်တလော ရေပန်းစားနေတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက်တွေ မြင့်မားပါတယ်” ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒီဆူဂါက မေလ ၂၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံများတွင် အလုပ်သမားခများ မြင့်တက်လာသလို နယ်မြေအငြင်းပွားမှုကြောင့် တရုတ်နိုင်ငံနှင့်လည်း ဆက်ဆံရေးထိခိုက်ခဲ့သဖြင့် ဂျပန်ကုမ္ပဏီများမှာ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများချဲ့ထွင်ရန် စဉ်းစားနေကြ သည်။
မြန်မာနိုင်ငံ မှာလည်း တရုတ်နှင့် အိန္ဒိယနိုင်ငံ ကြီးနှစ်နိုင်ငံကြား တည်ရှိနေပြီး ဒေသတွင်း၌လုပ်အားခ ဈေးအချိုဆုံးနိုင်ငံ တစ်နိုင်ငံ လည်းဖြစ်သည်။ ကုန်ထုတ် လုပ်ရေး လုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမား တစ်ဦးအတွက်လည်း ထိုင်းနိုင်ငံတွင် ကန်ဒေါ်လာ ၆၇၀၄၊ ဗီယက်နမ်တွင်၂၆၀၂ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကန်ဒေါ်လာ ၁၄၇၈ ကုန်ကျပြီး မြန်မာနိုင်ငံတွင် ၁၁၀၀ ဒေါ်လာသာ ကုန်ကျကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက JETERO က ထုတ်ပြန်ထားသော စစ်တမ်း၌ ဖော်ပြထားသည်။
၂၀၁၀ ခုနှစ်တွင် ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း ဂျပန်နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးနွေးထွေး ရန်ကြိုးစား လာခဲ့ပြီး ယမန်နှစ်က ဦးသိန်းစိန်ကို ဂျပန်နိုင်ငံသို့ ဖိတ်ခေါ် ခဲ့သလို ဂျပန်နိုင်ငံ ဘဏ္ဍာရေး ၀န်ကြီး တာရိုအာဆိုမှာလည်း ဇန်န၀ါရီလ အတွင်း မြန်မာနိုင်ငံ လာရောက် ခဲ့သည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB သို့ မြန်မာနိုင်ငံ ကပေးဆပ်ရန် ကျန်ရှိသော ကြွေးမြီများ ဆပ်နိုင်ရန် ကူညီခဲ့သည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကလည်း ဂျပန်နိုင်ငံ၏ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် ပါဝင်၍ မြှင့်တင်ပေး သွားမည်ဖြစ်သလို အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသား ပဋိပက္ခ များတွင် ပါဝင် ကူညီမည်ဟု ပြောကြားသည်။ ထို့အပြင် မြန်မာနှင့် ဂျပန်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ရေး စောလျင်စွာ လက်မှတ်ရေး ထိုးနိုင်ရေး လုပ်ဆောင် သွားကြရန်လည်း ၀န်ကြီးချုပ် အာဘေးနှင့် မြန်မာ သမ္မတတို့က သံန္နိဌာန် ပြုခဲ့ကြသည်။
ထို့အပြင် နိုင်ငံရေးနှင့် လုံခြုံရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး အတွက် လုံခြုံရေးနှင့် ဒေသဆိုင်ရာ အရေး ကိစ္စများကို တိုးမြှင့်ဆွေးနွေးရန် ခေါင်းဆောင်နှစ်ဦးက ဆုံးဖြတ် ခဲ့ကြသလို ကာကွယ်ရေး တာဝန်ရှိ သူများ အပြန်အလှန် လည်ပတ်ရေး၊ ပူးပေါင်းဆောင်ရွက် မှုမြှင့်တင် ရန်လည်း သဘော တူညီခဲ့ကြသည်။
ဂျပန်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံကြား လူမှုရေးနှင့် ပုဂ္ဂလိက ဆက်ဆံရေး ခိုင်မာစေရန် အလို့ငှာ မြန်မာ လူငယ်တစ်ထောင် ခန့်ကို ဖိတ်ကြား သွားမည်ဟုလည်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားပါသည်။ ဂျပန် ၀န်ကြီးချုပ်သည် ၎င်း၏ ခရီးစဉ် အတွင်း ၂၀၀၇ ခုနှစ် ရန်ကုန်မြို့ ဒီမိုကရေစီအရေး ကန့်ကွက်ဆန္ဒပြမှုများကို ဓာတ်ပုံရိုက်ကူးနေစဉ် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သော ဂျပန်နိုင်ငံသားဓာတ်ပုံသတင်းထောက် ကင်ဂျီနာဂါအီ သေဆုံးမှုကိုလည်း စုံစမ်းစစ်ဆေးပေးရန် ပြောကြားခဲ့ပါသည်။
ကြည်နေ၀င်းမင်း

yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map