<div style='background-color: none transparent;'></div>

Home » » ရေတံခွန်ငယ် တစ်ခုအောက်တွင် တောက်လောင်နေပြီး ငြိမ်းသွားခြင်း မရှိသော မီးတောက်ငယ်

ရေတံခွန်ငယ် တစ်ခုအောက်တွင် တောက်လောင်နေပြီး ငြိမ်းသွားခြင်း မရှိသော မီးတောက်ငယ်

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် တည်ရှိနေသည့် လူသိများသော ထာဝရမီးတောက်နှင့် ပတ်သက်သည့် ဖြစ်တည်မှုကို သုတေသီများ အဖြေမထုတ်နိုင်ဘဲ ခေါင်းစားနေကြောင်း သိရှိရသည်။ ရေတံခွန်ငယ် တစ်ခုအောက်တွင် တောက်လောင်နေပြီး ငြိမ်းသွားခြင်း မရှိသော မီးတောက်ငယ်သည် နယူးယော့ခ်တွင် အမှတ်တရ နေရာလေး တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံထားရသည်။ ကမ္ဘာပေါ်တွင် မီးမငြိမ်းဘဲ တောက်လောင်နေသည့် မီးတောက်အများအပြား ရှိနေသော်လည်း ယင်းတို့အနက် အများစုကို လူများက ဖန်တီးကာ
မီးမငြိမ်းအောင် လောင်စာ ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။ အဓိကအားဖြင့် လူပုဂ္ဂိုလ် တစ်ဦးဦးကို ဂုဏ်ပြုသည့် အခြေအနေမျိုးတွင် မသေသော မီးတောက်များကို ဖန်တီးလေ့ ရှိသည်။

new york eternal flame

သို့သော်လည်း ချက်စတန့်ရစ်ဂ်ျကောင်တီ ဥယျာဉ်အတွင်းမှ မီးတောက်လေးမှာ ထူးခြားလျှက် ရှိသည်။ သုတေသီများက သဘာဝ မီးတောက်များသည် အလွန်ပူလောင်သော ကျောက်တုံးများမှ စိမ့်ထွက်နေသည့် သဘာဝ ဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လေ့ ရှိကြောင်း ရှင်းလင်း ပြောဆိုခဲ့သော်လည်း အဆိုပါ မီးတောက်ငယ်ကို အောက်ခံပြုထားသော ကျောက်တုံးများမှာမူ လုံလောက်သည့် ပူပြင်းမှု မရှိဟု ဆိုသည်။ အလွန်မပူသည့် ကျောက်တုံးများတွင် လက်ရှိ မီးတောက်၏ ပမာဏ အတိုင်းအထွာဖြင့် တောက်လောင်နေမှုသည် ပဟေဠိ ဆန်လွန်းသည့် မသိကိန်း တစ်ခုအဖြစ် သုတေသီများက ဝန်ခံထားသည်။

new york eternal flame

ပညာရှင်များသည် နှစ်ပေါင်းများစွာ ၎င်းတို့ ယုံကြည်ထားသည့် ဓာတ်ငွေ့ထုတ်လွှတ်မှု သီအိုရီကြောင့် မီးလောင်ကျွမ်းနေခြင်းဆိုသော ကောက်ချက် မှားယွင်းသွားမှန်း သိရှိလာပြီးနောက် အခြား အကြောင်းရင်း တစ်ခုကို အဖြေရှာနိုင်ရန် မျှော်လင့်နေသည်။ နယူးယော့ခ် အနောက်ပိုင်းရှိ မီးတောက်ငယ်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီ ကာလကတည်းက တည်ရှိခဲ့ကြောင်း ပါးစပ်ရာဇဝင်များလည်း ထွက်ပေါ်နေသည်။ ထိုစဉ်က အမေရိက တိုင်းရင်းအနွယ်များက မီးတောက်ကို စပျိုးခဲ့ကြောင်း သိရသည်။ အင်ဒီယားနား တက္ကသိုလ်မှ ပရော်ဖက်ဆာ အန့်ဒ်ရှာမဲလ်မန်းနှင့် အခြားသော သုတေသီများသည် မီးတောက်၏ သဘာဝကို လေ့လာရာမှ သဘာဝ ဓာတ်ငွေ့ကြောင့် လောင်ကျွမ်းနေခြင်းဟု ကောက်ချက် မချနိုင်ကြောင်း ဖော်ထုတ်လာနိုင်ခဲ့သည်။

new york eternal flame

"တစ်ခု တွေးမိတာက ဒီနေရာမှာ ဓာတ်ငွေ့ထုတ်လွှတ်မှုက တခြားနေရာတွေနဲ့ ကွဲပြားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တည်နေသလား ဆိုတာပါပဲ။ တကယ်ပဲ မှန်ကန်ခဲ့တယ် ဆိုရင်တော့ တခြားနေရာတွေမှာလည်း လက်ရှိ သီအိုရီနဲ့ ကွဲလွဲတဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ ရှိနေမယ်လို့ ယူဆနိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ လက်ရှိ ယူဆထားတဲ့ နုန်းကျောက်လွှာ ဓာတ်ငွေ့သိုက်တွေထက် ပိုများတာတွေကို ဖော်ထုတ်လာနိုင်တယ်"ဟု ရှာမဲလ်မန်းက ပြောကြားသွားသည်။ ၎င်းတို့ သုတေသီ အဖွဲ့သည် ပဟေဠိဆန်သော တွေ့ရှိမှုနှင့် ပတ်သက်ပြီး မေလထုတ် Marine and Petroleum Geology ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်းလည်း သိရှိရသည်။

 http://www.dailymail.co.uk/sciencetech/article-2323836/The-mystery-New-Yorks-eternal-flame-Scientists-unsure-exactly-gas-produced-flame-burning-coming-from.html
 planet

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map