<div style='background-color: none transparent;'></div>

Home » » အဆောက်အအုံပျက်တစ်ခုအတွင်းမှ ရင်နင့်ဖွယ် စုံတွဲအလောင်း

အဆောက်အအုံပျက်တစ်ခုအတွင်းမှ ရင်နင့်ဖွယ် စုံတွဲအလောင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြီးအတွင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်း တစ်ခုသည် ရင်နင့်ခြောက်ခြားစရာ ဖြစ်လာခဲ့ရသည်။ အထည်ချုပ် စက်ရုံတစ်ခု အပါအဝင် ကုမ္ပဏီများ၊ ရုံးခန်းများ ဖွင့်လှစ်ထားသည့် (၈)ထပ် အဆောက်အအုံကြီးတစ်ခု ဒါကာမြို့တော်တွင် ပြိုကျခဲ့ရာ လူပေါင်းမြောက်မြားစွာ (ယနေ့အချိန်ထိ ၁၀၀၀ ကျော်သွားပြီဟု သတင်းများတွင် ဖော်ပြ) သေဆုံးခဲ့ရပြီး ယခုထိလည်း အပျက်အစီးများအောက်မှ အလောင်းများ ထွက်ပေါ်နေဆဲ ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်သားများသည် အပျက်အစီးများကို ဖယ်ရှားနေရင်း စုံတွဲတစ်တွဲ၏ အလောင်းကို တွေ့ရှိခဲ့ရာ နောက်ဆုံး အချိန်ထိ တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း အသက်ကုန်ခဲ့ရှာကြောင်း ကြေကွဲဖွယ် သိရှိခဲ့ရသည်။




(တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း သေဆုံးခဲ့သည့် စုံတွဲ)

ဖုန်မှုန့်များ၊ သတ္တုစများ၊ အပျက်အစီးများ အောက်တွင် အမျိုးသမီး အလောင်းကို စတင် တွေ့ရှိခဲ့ရပြီး သူမကို တင်းကျပ်စွာ ပွေ့ဖက် ကာကွယ်ရင်း အတူတကွ သေဆုံးသွားသည့် အမျိုးသား၏ အလောင်းကိုပါ ရှာဖွေ တွေ့ရှိလာခြင်း ဖြစ်သည်။ အမျိုးသား၏ အလောင်းတွင် မျက်လုံးမှ သွေးစီးကြောင်းများ ကျဆင်းခဲ့ပြီး ခြောက်သွေ့နေသည်ကိုလည်း ဝမ်းနည်းနာကျင်ဖွယ် တွေ့မြင်ခဲ့ရသည်။ အဆိုပါ စုံတွဲသည် အထည်ချုပ် စက်ရုံ လုပ်သားများဟု ယူဆရပြီး ပြေးမလွတ်နိုင်တော့သည့် နောက်ဆုံးအခြေအနေကို အတူတကွ ရင်ဆိုင်သွားခြင်း ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးများက စိတ်မကောင်းခြင်းကြီးစွာ မှတ်ချက်ပြုခဲ့သည်။



(ပြိုကျသည့် အထည်ချုပ်စက်ရုံပိုင်ရှင်အား ဖမ်းဆီးလာစဉ်)

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း(၁၀၀၀)ကျော် သေဆုံးကာ (၂၅၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ကယ်ဆယ်ရေးများသည် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းကပင် ရာနာပလာဇာ နေရာဟောင်း အပျက်အစီးပုံအောက်မှ အလောင်း(၉၄)ခု ဆွဲထုတ်ခဲ့ရသည်။ အထည်ချုပ် စက်ရုံတွင် လုပ်သား ထောင်ပေါင်း အတော်များများ ရှိနေပြီး အနောက်နိုင်ငံများသို့ ကုန်ချော အထည်အလိပ်များ တင်ပို့ရောင်းချလေ့ ရှိသည်။ ယခုဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်တွင် အခြားသော စက်ရုံ မတော်တဆမှုများလည်း ပေါ်ပေါက်ခဲ့ရာ လုပ်ငန်းခွင် လုံခြုံရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။



(ပြိုကျသည့် အဆောက်အအုံအား ရှင်းလင်းရေး ဆောင်ရွက်နေစဉ်)

ဒေသခံ သတင်းဓာတ်ပုံသမား တက်စ်လီမာ အက်ခ်တားက "ကျွန်တော် ကြိုးစားပြီး အချက်အလက်တွေ ရှာခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အကြောင်းတော့ ကျွန်တော် သေချာမသိဘူး။ သူတို့ ဘယ်သူလဲဆိုတာလည်း မဖော်ထုတ်နိုင်ဘူး။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ဆက်နွယ်တယ် ဆိုတာလည်း မပြောနိုင်ဘူး။ ဒါပေမဲ့ မြင်ကွင်းကတော့ ကြေကွဲစရာပါ။ နောက်ဆုံးအချိန်လေးမှာ တစ်ယောက်ကိုတစ်ယောက် ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ စုံတွဲလို့တော့ ကျွန်တော် ထင်မိတယ်"ဟု ဝမ်းနည်းစွာ ပြောဆိုခဲ့သည်။



(အထည်ချုပ်စက်ရုံပြိုကျပြီး လူအများအပြား သေဆုံးရမှုအတွက် ဆန္ဒပြနေသူများ)

၎င်းက "ကျွန်တော် တစ်နေကုန် အဆောက်အအုံ အပျက်အစီးတွေ ကြားထဲမှာ သွားလာနေခဲ့တယ်။ အသက်ရှင်လျှက် ကယ်ထုတ်နိုင်သူတွေ ဆေးရုံပို့တာကိုလည်း ကြည့်နေခဲ့ရတယ်။ ဆွေမျိုးသားချင်းတွေရဲ့ စိုးရိမ်နေတဲ့ မျက်ဝန်းတွေကို အကြိမ်ကြိမ် မြင်ရတဲ့နောက် ကျွန်တော် စိတ်ရော၊ ကိုယ်ပါ တော်တော်လေး ချုံးချုံးကျသွားပါတယ်။ နေ့လယ် (၂)နာရီလောက်မှာတော့ ဒီစုံတွဲကို ကျွန်တော် အပျက်အစီးတွေ အောက်မှာ တွေ့လာခဲ့တာပါ။ သူတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းတွေက ကွန်ကရစ်တုံးတွေ အောက်မှာ လုံးဝ ပိမိနေပြီ။ အမျိုးသားရဲ့ မျက်လုံးက စီးကျနေတဲ့ သွေးတွေက မျက်ရည်စီးကြောင်းနဲ့တောင် တူပါတယ်။ ကျွန်တော် အဲဒီမြင်ကွင်းကို မယုံနိုင်လောက်အောင် တုန်လှုပ်သွားမိတယ်။ သူတို့ကို ကျွန်တော် တစ်သက်လုံး သိကျွမ်းခဲ့သလို၊ ကျွန်တော်နဲ့ အရမ်း နီးစပ်ခဲ့ဖူးသလို ခံစားမိသွားတယ်"ဟုလည်း ဆိုသည်။

ယင်းဓာတ်ပုံကို ရိုက်ယူခဲ့သည့် တက်စ်လီမာက "တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ အရေအတွက် သက်သက်နဲ့ စုဖွဲ့ထားတာ မဟုတ်ပါဘူး။ လုပ်အားခ သက်သာမှုကြောင့်တော့ အသက်တွေရဲ့ တန်ဖိုးက သက်သက်သာသာ ဖြစ်နေတယ်လို့ မတွေးပါနဲ့။ အားလုံးဟာ ခင်ဗျားတို့ ကျွန်တော်တို့လို လူသားတွေပါပဲ"ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာပေါ်တွင် အဝတ်အထည် တင်ပို့ရောင်းချမှု အများဆုံး နိုင်ငံတစ်ခု ဖြစ်သော်လည်း လုပ်သားများကို အလွန်နိမ့်ပါးသည့် လုပ်ခပေးချေမှုနှင့် အလုပ်ခွင် ဘေးအန္တရာယ် ကျရောက်နိုင်သည့် အနေအထားများကြောင့် ကြီးမားပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံနေရသည်။ ယခုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ရာနာပလာဇာ ပိုင်ရှင် အပါအဝင် လူအချို့ကို ရဲများက ဖမ်းဆီးထားပြီး လူများစွာ သေဆုံးစေလောက်သည့် မျက်ကွယ်ပြုမှုအတွက် တရားစွဲဆိုရန် စီစဉ်လျှက်ရှိသည်။


myanmardailynews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map