<div style='background-color: none transparent;'></div>

Home » » မုံရွာမြို့တွင်နေအိမ်သို့လာရောက်တည်းခိုသော ဧည့်သည်မှ အိမ်ရှင်ဖြစ်သူ အဘွားအိုတစ်ဦးအား ရိုက်နှက်

မုံရွာမြို့တွင်နေအိမ်သို့လာရောက်တည်းခိုသော ဧည့်သည်မှ အိမ်ရှင်ဖြစ်သူ အဘွားအိုတစ်ဦးအား ရိုက်နှက်

နေအိမ်သို့လာရောက်တည်းခိုသော ဧည့်သည်မှ အိမ်ရှင်ဖြစ်သူ အဘွားအိုတစ်ဦးအား ရိုက်နှက်ပြီး အိမ်ရှိပရိဘောဂများအား ဖျက်ဆီးခဲ့သော ဖြစ်စဉ်တစ်ခု မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက် တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ဖြစ်စဉ်မှာ

မန္တလေးတိုင်း၊ ဆောက်လုပ်ရေးဌာနမှ အစိုးရဝန်ထမ်း တစ်ဦးဖြစ်သူ အောင်စိုးထွန်း(ဘ)ဦးတင်မြင့် အသက်(၄၁) သည် ၂၀၁၃ခုနှစ် မတ်လ(၆)ရက် ည(၁၁)နာရီခန့်တွင် မုံရွာမြို့သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်တွင် နေထိုင်နေသော သူ၏သူငယ်ချင်းဖြစ်သူ မစံပယ်အား မိမိလာရောက်တည်းခိုလိုပါသည်ဟု ခွင့်တောင်းခဲ့သည်။

မစံပယ် (အသက် ၄၁) ၏ ယောကျာ်းဖြစ်သူမှာ ခရီးထွက်နေသဖြင့် မစံပယ်သည် မိမိ၏မိခင်ဖြစ်သူ ဒေါ်ညွှန့်ရင် (အသက် ၈၁)နှင့်အတူ မိမိ၏ သားသမီး သုံးဦးနှင့်တကွ နေထိုင် လျက်ရှိသည်။



အောင်စိုးထွန်းသည် နေအိမ်သို့ ရောက်ရှိလာပြီးနောက် အသင့်ယူဆောင်လာခဲ့သော Dam 5 အရက်ပုလင်းဖြင့် အရက်သောက်ကာ အနားယူနေခဲ့သည်။

ထို့နောက် အဆိုပါ အောင်စိုးထွန်းသည် မစံပယ် ချောင်းဆိုးနေသည်ကို တွေ့ရှိပြီး ချောင်းဆိုးပျောက်လိုပါက အရက်အနည်းငယ် သောက်ကြည့်သင့်ကြောင်း၊ ချောင်းဆိုးပျောက်သွားမည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် မစံပယ်သည် အောင်စိုးထွန်းတိုက်သော အရက်ကို နှစ်ပက်မျှ သောက်ပြီးနောက် နေအိမ်၏ အောက်ထပ်ရှိ အခန်းတွင် အိပ်ရာဝင်ခဲ့သည်ဟု ဆိုသည်။

အိပ်ရာဝင်ချိန်တွင် အခန်းတံခါးကို အတွင်းမှ သော့ခတ်၍ အိပ်စက်ခဲ့သည်။ နေအိမ်၏အောက်ထပ်တွင် မစံပယ်နှင့်အတူ မစံပယ်၏မိခင်၊ မစံပယ်၏သားသမီးများ အိပ်စက်နေကြသည်ဟုဆိုသည်။

ည (၁)နာရီခန့်တွင် နေအိပ်အပေါ်ထပ်တွင် တည်းခိုနေထိုင်သူ အောင်စိုးထွန်းသည် အကြိမ်ကြိမ်အခါခါ အပေါ်ထပ်မှအောက်ထပ်ဆင်းလိုက်၊ အောက်ထပ်မှ အပေါ်ထပ်သို့တက်လိုက်ဖြင့် ဂဏှာမငြိမ် ဖြစ်နေခဲ့သည်။

ထိုသည်ကို အဘွားအိုဖြစ်သူ ဒေါ်ညွှန့်ရင်မှ တွေ့ရှိပြီး နင်ဘာဖြစ်နေတာလဲဟု ပြောဆိုငေါက်ငမ်းရာမှ ဒီအဘွားကြီး အတော်လျှာရှည်တာပဲဟု အော်ဟစ်ကာ အနီးမှ သနပ်ခါးတုံးဖြင့် အဘွားအို၏ခေါင်းကို ရိုက်နှက်ခဲ့သည်။ ထို့နောက် အိမ်အတွင်းရှိ ပရိဘောဂများကိုလည်း တွန်းထိုး ဖျက်ဆီးခဲ့သည်။

ထိုကဲ့သို့ အသံဗလံများစွာဖြင့် ဖြစ်ပျက်နေချိန်တွင် ရပ်ကွက်အတွင်းမှာ လူများမှ မစံပယ်တို့၏ နေအိမ်ရှေ့တွင် လာရောက်ကြည့်ရှုခဲ့ကြသည်။ ထိုသည်ကို အောင်စိုးထွန်းမှ တွေ့မြင်ပြီးနောက် ၀င်းထရံမှ နှစ်တစ်လက်မ အသားချောင်းကို ဆွဲချိုးပြီး "ငါ့နားကပ်ရဲတဲ့ကောင် ကပ်ကြည့်စမ်း၊ ငါ့များဘာမှတ်နေလဲ၊ သာအေး သားရဲ့သူငယ်ချင်းကွ၊ အကုန်ဒုက္ခရောက်သွားမယ်၊ကြားလား" ဟု ပြောဆိုကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။

မနက်(၄)နာရီခန့်တွင်မှာ မုံရွာ အမှတ်(၁)ရဲစခန်းမှ ရဲများရောက်ရှိလာပြီး တရားခံအောင်စိုးထွန်းအား ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

ယခုအခါ မုံရွာအမှတ်(၁)ရဲစခန်းတွင် တရားခံအောင်စိုးထွန်းအား ပြစ်မှုပုဒ်မ ၃၂၅/၄၂၇/၂၉၄ ဖြင့် မစံပယ်မှ တရားလိုပြုလုပ်ကာ အမှုဖွင့်တရားစွဲဆို ထားကြောင်း သတင်းရရှိသည်။
ThanLarWaddy Times
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map