<div style='background-color: none transparent;'></div>

Home » » ဟန်းဆက်ဈေး မကစားရေး ဆောင်ရွက်မည်ဟု သမ္မတပြောကြား

ဟန်းဆက်ဈေး မကစားရေး ဆောင်ရွက်မည်ဟု သမ္မတပြောကြား

 တန်ဖိုးနည်း ဖုန်းကတ်များ မကြာမီ ရောင်းချချိန်တွင် ဟန်းဆက်ဈေးနှုန်းများကိုလည်း ပုဂ္ဂလိကမှ ဈေးကစား မြှင့်တင်ခြင်းများ မပြုလုပ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က မတ်လ ၂၈ ရက်နေ့တွင် ပြောကြားသည်။ နေပြည်တော်တွင် မတ်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် မိုဘိုင်းလ်ဖုန်း ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ပြောကြားခြင်းဖြစ်ပြီး တစ်နှစ်အတွင်း မိုဘိုင်းလ်ဖုန်း ရှစ်သန်း ရောင်းချမည်ဖြစ်ကြောင်း ၄င်းက ပြောဆိုခဲ့သည်။ ယခင်က မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ ဈေးနှုန်း မြင့်မားနေခြင်းမှာ နိုင်ငံအတွင်း အခြေခံအဆောက်အဦများ မလုံလောက်ခြင်းကြောင့်ဖြစ်ပြီး ယခုအချိန်တွင် လိုအပ်သော အခြေခံအဆောက်အဦ တိုးချဲ့တပ်ဆင်ထားပြီးဖြစ်၍ မိုဘိုင်းလ်ဆင်းကတ်များကို ဈေးသက်သာစွာ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။ သို့သော် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချတော့မည်ဆိုသည့် ဆင်းကတ်ဈေးနှုန်းနှင့် ပတ်သက်၍ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ
အသေးစိတ်ကို မြန်မာ့ဆက်သွယ်ရေးက ကြေညာပေးမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။ မိုဘိုင်းလ်ဟန်းဆက်များ ဈေးနှုန်းတက်ရန်မှာ ယေဘုယျအားဖြင့် ဖြစ်နိုင်ခြေ အလွန်နည်းပါးပြီး အစိုးရမှ ချထားပေးမည့် လိုင်းကတ်အရေအတွက် ပြည့်မီအောင် တင်သွင်းနိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် မိုဘိုင်းလ်မားသားဖုန်း အရောင်းဆိုင်တာဝန်ခံ ဦးအောင်မြတ်ကိုကိုက သုံးသပ်ပြောကြားသည်။ “Big Player တွေသာ ဈေးမကစားရင် ဟန်းဆက်ဈေးနှုန်းက တက်စရာအကြောင်း မရှိပါဘူး” ဟု ၄င်းကဆိုသည်။ ထပ်မံချထားပေးမည့် လိုင်းကတ် ရှစ်သန်းကို လစဉ်အလိုက် တစ်လ အလုံးရေ ၃၅၀၀၀၀ နှုန်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကတစ်ဆင့် ဖြန့်ချိသွားမည်ဖြစ်ပြီး မူလဈေးနှုန်းအတိုင်း ပြည်သူများ ဝယ်ယူနိုင်ရန် သမ္မတက ညွှန်ကြားထားသည်။ လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ပြည်သူများ ဝယ်ယူရရှိမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ဆိုသည်။ GSM မိုဘိုင်းလ်ဖုန်းများကို ကျပ်ထောင်ဂဏန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် ရောင်းချပေးမည်ဟု အစိုးရတာဝန်ရှိသူများက ပြောဆိုထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ် 
myanmar dailynews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map