<div style='background-color: none transparent;'></div>

Home » » ရော့ခ်အဆိုတော် ဟယ်ရီလင်း ကွယ်လွန်

ရော့ခ်အဆိုတော် ဟယ်ရီလင်း ကွယ်လွန်



ရော့ခ်အဆိုတော် ဟယ်ရီလင်း (ခ) ကိုထွန်းမြင့်ဦး အသက် (၅၂)နှစ်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောက်မြောင်းရပ်ကွက်၊ မြို့ပတ်လမ်းရှိ နေအိမ်၌ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဟယ်ရီလင်း၏ ရုပ်အလောင်းကို နာရေးကူညီမှုအသင်းမှ လာရောက်သယ်ယူသွားခဲ့ပြီး အနုပညာ လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် အဆိုတော် လေးဖြူ၊ ဂျေမောင်မောင်၊ ဦးဇော်ထူးအောင်(CMP)တေးထုတ်လုပ်ရေး စသူတို့မှာ ကွယ်လွန်ပြီးချိန်တွင် နေအိမ်သို့ လာရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဟယ်ရီလင်းသည် ၁၉၈၆ ခုနှစ်ခန့်တွင် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် 'ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း' ပထမဆုံး တေးစီးရီးကို ထွက်ရှိနိုင်ခဲ့ပါသည်။အဆိုပါ တေးစီးရီးတွင် ပါဝင်သော သီချင်းများကို တေးရေး စကားလုံး ၀င်းမင်းထွေးနှင့် တေးရေးသော်ဒီဝေတို့က ရေးသားပေးခဲ့သည်။ဟယ်ရီးလင်းရဲ့ ဟယ်ရီလင်း တေးစီးရီးအတွင်းမှ 'အဆိပ်ငွေကြေး'၊ 'ပျောက်သွားမှာစိုး'၊ 'အားလုံးပြန်ယူသွားပါ' စသည့် တေးသီချင်းများမှာ ထင်ရှားခဲ့သော သီချင်းများဖြစ်သည်။


ဟယ်ရီလင်းသည် 'တန်ဖိုးများနဲ့ ပေးဆပ်ခြင်း'၊ 'နောက်လူမြည်းရင်ချိုပါစေ'၊ 'ကျောက်ခေတ်၏ နောက်ဆုံးနေ့'၊ 'ဂြိုဟ်သားတစ်ယောက်'စသည့် တေးအယ်လ်ဘမ်များ ထွက်ရှိခဲ့ပြီး အတွဲစီးရီးခွေများတွင်လည်း ပါဝင်သီဆိုခဲ့သူတစ်ဦး ဖြစ်သည်။

ရော့ခ်အဆိုတော် ဟယ်ရီလင်း၏ ပထမဆုံး တေးအယ်လ်ဘမ်တွင် ရေးသားခဲ့သူ တေးရေး သော်ဒီဝေက ''ဟယ်ရီလင်းနဲ့ ပတ်သက်လို့ ပြောရရင် အချိန်နဲ့ အနုပညာ တစ်ထပ်တည်းမကျတာကိုပဲ အဓိကပြောချင်ပါတယ်။ ကျွန်တော်တို့ သူနဲ့လုပ်ချင်တဲ့ ပရိုဂရမ်တွေလည်း အများကြီးရှိတယ်။ အမှတ်တရ ပြောရမယ်ဆိုရင် သူစီးရီးထွက်ဖို့ စပြီးကြိုးစားတာ ၁၉၈၆ ခုနှစ်လောက်ကပါ။ အဲဒီတုန်းက အိုအေစစ်စတူဒီယိုမှာ အသံသွင်းတော့ လေးဖြူတောင် bass ဂစ်တာလာတီးတဲ့ အချိန်ပဲရှိပါသေးတယ်။ ၈၆ မှာက ငွေစက္ကူပြသနာတွေ တက်တဲ့အခါကျတော့ စီးရီးကမထွက်ဖြစ်ပဲ ၁၉၉၁ လောက်မှ ထွက်တယ်။ တကယ်တမ်း ခွေထွက်တဲ့အခါ လေးဖြူနဲ့ ဟယ်ရီလင်းက ရှေ့နောက်ထွက်တယ်ဆိုပေမယ့် လေးဖြူက ရှေ့ကပေါက်သလို ဖြစ်သွားတယ်။ ကျွန်တော်တို့ ကံကြမ္မာတွေက အဲဒီလိုပြောင်းပြန်တွေ ဖြစ်နေတာပေါ့လေ။ သူ ကျန်းမာရေး သိပ်မကောင်းတာ နှစ်နှစ်သုံးနှစ်လောက် ရှိပါပြီ။ ကိုနေ၀င်း အမှတ်တရပွဲလုပ်စဉ် အချိန်ကတည်းက ဟယ်ရီလင်းကိုလည်း အဲဒီလိုပဲတစ်ပွဲလုပ်မယ်လို့ စိတ်ကူးပြီး ကျွန်တော်တို့ စီစဉ်နေကြတာ။ အခု သူကကွယ်လွန်သွားပြီဆိုတော့ ကျွန်တော်တို့ ဘာဆက်လုပ်ရမှန်းလည်း မသိတော့ဘူး။ အဲဒီလိုအချိန်နဲ့ အနုပညာ တစ်သားတည်းမကျတာတွေကိုပဲ အမှတ်တရပြောချင်ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။

ထို့အပြင် ဟယ်ရီလင်း၏ ပထမဆုံးတေးစီးရီးအား ထုတ်လုပ် ခဲ့သူ မန္တလေးမြို့မှ ကိုအောင်ဝင်းကလည်း ''ဟယ်ရီလင်းက ဒုက္ခပေးဖို့ ကမ္ဘာကို ရောက်လာတဲ့သူတော့ မဟုတ်ဘူး။အဲဒါလေးပဲ အမှတ်တရပြောချင်တယ်။ ကျွန်တော် တကယ်ပဲစိတ် မကောင်းဖြစ်ရတယ်'' ဟု ဟယ်ရီ လင်းနဲ့ ပတ်သက်၍ အမှတ်တရစကား ထပ်မံပြောကြားခဲ့ပါသည်။

ရော့ခ်အဆိုတော် ဟယ်ရီလင်းသည် ကွယ်လွန်ချိန်တွင် အသက် ၅၂ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူနှင့် သားတစ်ယောက် သမီးတစ်ယောက်တို့ ကျန်ရစ်ခဲ့သည်။ ကွယ်လွန်သူ၏ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၇ ရက် နေ့ ညနေ ၅နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပို့ဆောင်မီးသဂြိုဟ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

Eleven Media Group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map