ဘဲချောင်းရွာသည် ဧရာဝတီမြစ်
လက်တက်တစ်ခု၏ ကမ်းနဖူးတစ်လျှောက် အရှေ့နှင့်အနောက်တန်းလျက် တည်ရှိနေသည့်
ရွာတန်းရှည်ဖြစ်ပြီး ၀ါးခယ်မမြို့နယ် အတွင်းတည်ရှိကာ အိမ်ခြေ၁၁၀ခန့်ရှိသည်။
ဝါးခယ်မမြို့နှင့် ၁၃မိုင်ဝေးသော ကျုံမငေးမြို့သို့သွားရာ
ကားလမ်းအနီး၌ရှိ၍ စည်ကားသည်။ အရှေ့နှင့်အနောက် ရွာလယ်လမ်းကို
ရွာသူရွာသားများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ငါးပေကျယ်သော ကွန်ကရစ်လမ်းဖောက်
လုပ်ထားရာ ရှစ်မျက်နှာစေတီနှင့် အ-လ-ကကျောင်းရှေ့
တစ်ဖြတ်သာခင်းရန်ကျန်တော့သည်။ ထိုလမ်းပိုင်းကို ဆက်ခင်းရန်မှာ ပင်စည်လူ
နှစ်ဖက်စာခန့်ရှိ နှစ်၁၀၀ခန့် သက်တမ်းရှိပြီဖြစ်သော ကုက္ကိုပင်ကြီးခံနေသည်။
ထိုအပင်ကြီးတွင် နှစ်စဉ်တပို့တွဲလရောက်တိုင်း မည်သည့် နေရာကလာသည် မသိသော
ငှက်ကြီးဝန်ပိုလို ငှက်ကြီးများ အကောင်လေးငါးဆယ်ခန့် လာရောက်နားခိုကာ
အသိုက်လုပ်လေ့ ရှိသည်ဟုဆိုသည်။
ယခုနှစ်တွင် မိုးဒဏ်လေဒဏ်ကြောက်ရ၍
ထိုကုက္ကိုပင်ကြီး၏ အုပ်ဆိုင်းနေသည့် အကိုင်းများကို ရွာသားများက
ချိုင်ခဲ့ကြပြီး ယခုတစ်ဖန်လမ်းနှင့် မလွတ်၍အပင်ကြီးကို ခုတ်လှဲ
သင့်မလှဲသင့် အစည်းအဝေး ပြုလုပ်သောအခါ ခုတ်လှဲရန်ဆန္ဒရှိသူက အများစုဖြစ်၍
ခုတ်လှဲရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့ဖြစ်၍ သစ်ပင်ခုတ်ယူမည့် သူများအား
ငွေကျပ်တစ်သိန်းဖြင့် ရောင်း၍ ၎င်းတို့ခုတ်ယူကြရန် ဆွေးနွေးသဘောတူလိုက်သည်။
ထိုညတွင်ပင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်ကို လည်းကောင်း၊
ရပ်ကျိုးရွာကျိုး ဆောင်ရွက်နေသူ ကိုကျော်လွင်ကို လည်းကောင်း
''ငါဒုက္ခရောက်သလို မင်းတို့လည်း ဒုက္ခရောက်စေရမယ်။ ငါငိုရသလို
မင်းတို့လည်းငိုရမယ်'' ဟုထူးဆန်းစွာ အိပ်မက်လာပေးကြောင်း၊ ကျုံမငေးမြို့
မြတ်စွယ်တော်ကျောင်း ပရိယတ္တိစာသင်တိုက် နာယကဆရာတော်ဘဒ္ဒန္တ ပညာဇောတိကလည်း
တရားဟောရင်း ''ဒီအပင်ကြီးကို မခုတ်ကြပါနဲ့၊
မလုပ်ကောင်းပါဘူး''ဟုမိန့်ကြားခဲ့ကြောင်း၊ သို့ဖြစ်၍ အဆိုပါကုက္ကိုပင်ကြီး
(ပုံ)ကိုခုတ်လှဲခြင်း မပြုတော့ဘဲ ကွန်ကရစ်လမ်းကို အပင်ကြီးအားဝိုက်၍
ခင်းသွားရန် စီစဉ်နေကြပြီဖြစ်ကြောင်း ဘဲချောင်းရွာဘုန်းတော်ကြီး
ကျောင်းဆရာတော် ဘဒ္ဒန္တ၀ရသာမိနှင့် ကျေးရွာဖွံ့ဖြိုးရေးကို ရှေ့တန်းမှ
ဆောင်ရွက်နေသူ ဦးကျော်စိုး(အလယ်တန်း ကျောင်းအုပ်-ငြိမ်း) တို့က
၅-၂-၂၀၁၃ရက်က ပြောပြလိုက်သည်။
ပြည်မြန်မာ
Updates +++
4 years ago


0 comments:
Post a Comment