<div style='background-color: none transparent;'></div>

Home » » ဒုတိယမြောက် ဂန်းနားစတိုင် ဖြစ်လာတဲ့ Girls' Generation

ဒုတိယမြောက် ဂန်းနားစတိုင် ဖြစ်လာတဲ့ Girls' Generation




လက်တွေ့ဆန်တဲ့ မိသားစုဘဝ ဇာတ်လမ်းတွဲ ပုံစံတွေကို စိတ်ဝင်စားစရာ ကောင်းအောင် ခြယ်မှုန်းပြီး နိုင်ငံတကာမှာရှိတဲ့ ရုပ်ရှင် ပရိသတ်တွေကို အပြတ်အသတ် ဆွဲဆောင်နိုင်တဲ့ ကိုရီးယားရုပ်ရှင် အနုပညာရှင်တွေဟာ  အာရှရဲ့ အနုပညာ ပြယုဂ်တွေလိုတောင် ဖြစ်လာခဲ့ကြပါတယ်။ ဒီလိုပါပဲ ဂီတဘက်မှာလည်း နိုင်ငံတကာ အတိုင်းအတာအထိ ထိုးဖောက်ပြီး အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ကိုရီးယား ဂီတသမားတွေရဲ့ အစွမ်းအစတွေကို အားလုံးက တလေးတစား အသိအမှတ် ပြုနေကြရပါပြီ။ ၂၀၁၂ ခုနှစ် နှစ်လယ်လောက်မှာ ထွက်ရှိလာခဲ့ပေမယ့် စတင် ထွက်ရှိလာခဲ့ပြီး နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးကို ဝါးမြိုပစ်လိုက်တဲ့ ဂန်းနားစတိုင်ရဲ့ အငွေ့အသက်တွေဟာလည်း အခုအချိန်ထိ အသက်ရှိနေဆဲပါပဲ။ အခုတော့ အဲဒီ အတွေးစတွေကို ဖြတ်တောက်ပစ်ဖို့ နောက်ထပ် ဂီတလက်ရာ တစ်ခုကို မမျှော်လင့်ဘဲ တွေ့လိုက်ရပါတယ်။ ၂၀၁၃ ခုနှစ်ရဲ့ အစောဆုံးနေ့ရက် ဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှာ အခမဲ့ ဗီဒီယို မျှဝေရေးဝဘ်ဆိုက် You Tube ပေါ်ကနေ အဆန်းသစ်ဆုံး ဂီတဖန်တီးမှု ပုံစံတစ်ခုကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီအချက်က You Tube ရဲ့ သမိုင်းမှာ လူကြည့်အများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ ဂန်းနားစတိုင်ကို ကျော်ဖြတ်သွားလေမလား ဆိုတဲ့ အတွေးတွေ ဖြစ်လာခဲ့ပါတယ်။


ချောမောလှပတဲ့ ကိုရီးယား အဆိုတော်မလေးလေး ကိုးဦး ဖွဲ့ထားတဲ့ Girls' Generation ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်ဖြစ်တဲ့ I Got a Boy ထဲက အဲဒီတိုင်တဲလ် သီချင်းလေးက ဒီလို ဖြစ်လာစေခဲ့တာပါ။ You Tube ပေါ်မှာ ခဏတာ အချိန်လေးအတွင်း သိရှိတဲ့သူ များလာခဲ့တဲ့ ဒီသီချင်းလေးကို ပရိသတ်တွေက အရမ်း သဘောကျသွားခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်က စတင်လွှင့်တင်ပြီး ၅၅ နာရီ အကြာမှာပဲ You Tube ပေါ်ကနေ ကြည့်ရှုမှု အကြိမ်ရေ ၁၀ သန်းကျော်သွားခဲ့ပါတယ်။ အကအလှတွေနဲ့ ပံ့ပိုးပြီး သီချင်းရဲ့ ရုပ်လုံးကြွမှုကို ဦးစားပေးဖို့ စဉ်းစားလာကြတဲ့ ကိုရီးယား ဂီတပညာရှင်တွေရဲ့ ဒုတိယမြောက် စံချိန်သစ် တင်နိုင်မယ့် သီချင်းတစ်ပုဒ် အဖြစ်လည်း စိတ်ဝင်စားမှု လွန်ကဲလာခဲ့ကြပါပြီ။ You Tube ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က သူတို့ဝဘ်ဆိုက်ပေါ်မှာ ရှိနေတဲ့ ဗီဒီယိုဖိုင် အတုအယောင်ပေါင်း သန်းတစ်ထောင်ကျော်ကို ဖယ်ရှား ရှင်းလင်းပစ်ခဲ့ပြီး သူတို့ရဲ့ အခမဲ့ ဗီဒီယိုဖိုင် ဖြန့်ဝေရေး လုပ်ငန်းစဉ်ကို ပိုပြီး ကောင်းမွန်စေဖို့ စီစဉ်ခဲ့ပါတယ်။ လွှင့်တင်တဲ့ ဗီဒီယိုဖိုင်တွေရဲ့ လူစိတ်ဝင်စားမှုအပေါ် အသေးစိတ် စာရင်း ပြုစုနိုင်ဖို့ကိုလည်း အများကြီး အာရုံစိုက်ထားပါတယ်။

အခုအခါမှာတော့ ဒီ I Got a Boy ဗီဒီယိုဖိုင်ကို You Tube ပေါ်ကနေ ကြည့်ရှုသူ အရေအတွက် ၂၂ သန်း ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းမှာ ဒီလောက်အထိ သဘောကျသူ များသွားတဲ့ Girls' Generation ရဲ့ လက်ရာသစ်ကြောင့် ကိုရီးယားရဲ့ ဂီတဖန်တီးမှုဟာလည်း ကမ္ဘာ့ဂီတလောကမှာ ပိုမိုပြီး မျက်နှာပန်း လှလာခဲ့သလို သူတို့ရဲ့ သီချင်းတွေအပေါ်မှာ Arrange ပြုလုပ်တဲ့ အပိုင်းကိုလည်း နိုင်ငံတကာက မျက်စိဖွင့် နားစွင့်နေရပါပြီ။ KPoP ရဲ့ လူကြိုက်အများဆုံး သီချင်းတစ်ရာ စာရင်းမှာ နံပါတ်တစ်နေရာ ရရှိထားသလို အမေရိကန်က ကမ္ဘာပေါ်မှာ ထွက်ရှိသမျှ သီချင်းအယ်လ်ဘမ်ကို စစ်တမ်းကောက်ပြီး အဆင့်သတ်မှတ်ပေးတဲ့ U.S Billboard World Album Chart မှာလည်း နံပါတစ်နေရာ ရရှိထားပါတယ်။ ဒီရလာဒ်တွေကြောင့် ဂန်းနားစတိုင်ရဲ့ ခြေရာခံမယ့် ကိုရီးယားရဲ့ ဂီတဖန်တီးမှုတစ်ခု အဖြစ်လည်း အွန်လိုင်း ပရိသတ်တွေက သတ်မှတ်နေကြပါတယ်။ သူတို့အဖွဲ့ရဲ့ လူသိများတဲ့ အလှပဂေးမလေး ဂျက်ဆီကာကတော့ ဒီအယ်လ်ဘမ်ထဲမှာ သီချင်းအားလုံးကို တူညီတဲ့ အားထုတ်မှုတွေနဲ့ ဖန်တီးခဲ့တာ မှန်ပေမယ့် I Got a Boy ကိုတော့ စတိုင်သစ်တွေ သဘောတရားသစ်တွေ ပေါင်းစပ်ပြီး နံပါတ်တစ်နေရာ ရောက်ဖို့ အလေးထား လုပ်ဆောင်ခဲ့တယ် ဆိုတာကို ဖွင့်ဟထားပါတယ်။ Girls' Generation ရဲ့ Masterpiece အဖြစ် ပုံဖော်နိုင်ဖို့ အချိန် အတော်ကြာ ယူခဲ့ရတယ်လို့လည်း ဂျက်ဆီကာက ဆိုထားပါသေးတယ်။

အထူးခြားဆုံး Beat တွေနဲ့အတူ ကကွက်ပုံစံ မျိုးစုံကို ပုံဖော်ခွင့်ရမယ့် ဒီသီချင်းလေးမှာ ပေါ့ပ်ဂီတရဲ့ အငွေ့အသက်တွေကို အဆန်းသစ်ဆုံးဖြစ်အောင် ဖြည့်ဆည်းပေးထားပါတယ်။ ပထမဆုံး ပြန်လည် တင်ဆက်နိုင်ခဲ့တဲ့ သီချင်း အယ်လ်ဘမ်သစ်ဖြစ်သိလို I Got a Boy ကို ရေးသားသူ တေးရေးဆရာ လေးယောက်ရဲ့ အချိန်ပေး ညှိနိုင်းပြီး ဂီတပုံဖော်မှုတွေက အရင်သီချင်းတွေနဲ့ မတူတဲ့ ပုံစံကွဲလွဲမှုတွေ ဖြစ်လာစေခဲ့ပါတယ်။ ဒီသီချင်းလေးမှာ ဂီတပုံစံ များစွာကို ထည့်သွင်းပေးထားပြီး အသံ အနှေးအမြန် ပြောင်းလဲမှုတွေကလည်း ကကွက်ပုံဖော်တဲ့ အကပညာရှင်တွေအတွက် ပုံစံအမျိုးမျိုးကို ဖန်တီးဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် နေရာတကာမှာ တွေ့မြင်ခံစားခဲ့ရပြီး လူသားတွေရဲ့ တစ်နေ့တာ ဘဝထဲမှာ ထိထိမိမိ ခိုဝင်နိုင်ခဲ့တဲ့ ဂန်းနားစတိုင်လ်လိုပဲ You Tube ပေါ်မှာ စံချိန်သစ်တစ်ရပ် ထပ်မံ တင်နိုင်ဦးမလား ဆိုတာကို I Got a Boy ပရိသတ်တွေနဲ့အတူ စောင့်မျှော် ခံစားကြည့်ရှုရမှာပါ။ Billboard ကတော့ ပေါ့ပ်ဂီတရဲ့ အနှစ်သာရကို အထူးခြားဆုံး မြင်တွေ့ခွင့်ရတဲ့ သီချင်း ဗီဒီယိုဖိုင်လေးလို့ ချီးမွမ်းခန်း ထုတ်နေလေရဲ့။
 news.yatanarpon

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map