<div style='background-color: none transparent;'></div>

Home » » နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သူများအား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သူများအား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

မကွေးမြို့ လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်


မြန်မာနိုင်ငံ၏ ကျွန်းသစ်အပါအ၀င် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သော အာဏာရှိသူ နေရာရှိသူများအား ၄င်းတို့မိဘများမှ မည်သို့သွန်သင် ဆုံးမခဲ့မလဲဟု စဉ်းစားမိကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် (၈) နာရီအချိန် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ပွဲတော်ကွင်းအတွင်း ပြုလုပ်ခဲ့သော ပြည်သူလူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ဆင်းရဲနေခြင်းမဟုတ်ဘဲ မြန်မာ ပြည်သူလူထုသည်သာ ဆင်းရဲနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ''နိုင်ငံက ဆင်းရဲတာမဟုတ်ပါဘူး။ ပြည်သူက ဆင်းရဲတာပါ၊ နိုင်ငံက ဒီလောက်ဆင်းရဲတာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်မအမြဲတမ်း ဒီဟာကို ခွဲခြားပြီးပြောပါတယ်။ ပြည်သူဆင်းရဲတာနဲ့၊ နိုင်ငံဆင်းရဲတာနဲ့၊ ကျွန်မတို့ နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် သဘာဝသယံဇာတပစ္စည်း အများကြီးကြွယ်ဝတဲ့ နိုင်ငံပါ။ ဒါပေမယ့် တကယ့်နိုင်ငံရဲ့ ရတနာကတော့ နိုင်ငံသူ နိုင်ငံသားတွေပဲ။ နိုင်ငံသူ နိုင်ငံသားတွေ
အရည်အချင်းမရှိရင် မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ်၊ မြေပေါ်သယံဇာတတွေပဲဖြစ်ဖြစ်၊ ဘယ်လောက်များများ အချည်းနှီးပဲ။ ဥပမာ ကျွန်မတို့ သစ်တောတွေ ပြုန်းတီးသွားပြီ။ အင်မတန်မှ ကမ္ဘာက တန်ဖိုးထားတဲ့ ကျွန်းသစ်တွေဆို ပြုန်းတီးသွားပြီ။ ပျောက်ကွယ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တကယ့်ရတနာတွေဖြစ်တဲ့ ပြည်သူပြည်သားတွေက မကာကွယ်နိုင်ခဲ့လို့ မစောင့်ရှောက်နိုင်ခဲ့လို့။ တချို့က ပြောတာပေါ့။ ကျွန်တော်တို့ ကျွန်မတို့ ဆိုင်တာမှ မဟုတ်ဘဲ။ အစိုးရက သူတို့လုပ်ချင်တိုင်း လုပ်သွားတာပဲလို့ မှန်တော့ မှန်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူပြည်သားတွေမှာလည်း တာဝန်ရှိတာပဲ။ အစိုးရဆိုတာလည်း ပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာပဲ။ ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။ ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊ နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ ကြီးပြင်းလာသလဲလို့။ သူတို့ရဲ့မိဘတွေက ဘယ်လိုများ သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ငယ်ရွယ်တဲ့သားသမီးတွေရှိတဲ့ ပြည်သူတွေကို စဉ်းစားစေချင်တယ်။ ငါတို့သားသမီးတွေသာ နိုင်ငံမှာ အင်မတန် သြဇာရှိတဲ့ ရာထူးတွေရခဲ့ရင် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်လဲဆိုတာ စဉ်းစားပါ။ စဉ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ'' ဟု ပြောကြားခဲ့သည်။
ထို့အပြင် စနစ်မကောင်း၍ နိမ့်ကျသွားခဲ့ရသော မြန်မာနိုင်ငံ၏ ပညာရေးအား လွှတ်တော်မှတစ်ဆင့် ဥပဒေများပြု၍ ပြုပြင်ရန် ကြိုးပမ်းနေကြောင်း၊ အခြေခံဥပဒေ ပြုပြင်ရေးဆိုသည်မှာလည်း နိုင်ငံအတွက် လိုအပ်သည့် အရာများကို သူမမှပြောင်းချင်တာဖြစ်ကြောင်း နိုင်ငံအတွက် လိုအပ်မှုအရ ပြောင်းသင့်သည်ကို ပြောင်းရသလို ပျော့ပျောင်းသင့်သည့်နေရာတွင်လည်း ပျော့ပျောင်းရန်လိုကြောင်း၊ အပြောင်းအလဲတွေကို ပျော့ပျော့ပျောင်းပျောင်းနဲ့ အများအတွက်ကောင်းတဲ့ နည်းတွေ အမျိုးသားရင်ကြားစေ့ရေးလို ဖြစ်စေမည့်နည်းတွေနှင့် ပြောင်းလဲမှုများကို ရှာဖွေမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါ သည်။  
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map