<div style='background-color: none transparent;'></div>

Home » » သမ္မတနှင့်စစ်တပ်သည် သီးခြားစီသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသတင်းစာ The Hindu နှင့် တွေ့ဆုံခန်း၌ ပြောကြား

သမ္မတနှင့်စစ်တပ်သည် သီးခြားစီသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသတင်းစာ The Hindu နှင့် တွေ့ဆုံခန်း၌ ပြောကြား

မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယတင်းစာ The Hindu နှင့် အောက်တိုဘာလ ၃၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် စစ်တပ်သည် သီးခြားစီသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
''အမှန်ကတော့ သမ္မတက စစ်တပ်နဲ့ အတော့်ကို သီးခြားပါ။ စစ်တပ်က စစ်တပ်ပါ။ အုပ်ချုပ်ရေးက အုပ်ချုပ်ရေးပါ။ ကျွန်မ ဆိုချင်တာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရက်တစ်ကျဖို့ အနိုင်နိုင် ဆိုတာပါပဲ။ ဒါကြောင့်လည်း စစ်တပ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နောက်မှာ အပြည့်အ၀ ရှိနေတယ်ဆိုတာကို ကျွန်မတို့ မသိမချင်း ဘာလို့လဲဆိုတော့ သမ္မတက စစ်တပ်ကို လုံးဝကိုယ်စားမပြုတဲ့ အ တွက်ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ပြန်မသွားဘူးလို့ ကျွန်မတို့ မပြောနိုင်ပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် နောက်ကြောင်းမပြန်နိုင်ဘူးဆိုသည်ကို ယုံကြည်လက်ခံရန် မည်သည့်အရာသည် စမ်းသပ်မှုဖြစ်မလဲဆိုသည့် မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရက်တစ်မကျသည့် ပုဒ်မများကို ပြင်ဆင်ရန်အတွက် စဉ်းစားရန် ၎င်းတို့၏အသင့်ရှိမှုသည် စမ်းသပ်မှုဖြစ်လိမ့်မည်ဟု မိမိထင်ကြောင်း ဖြေကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သမ္မတဦးသိန်းစိန်၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ မည်မျှအမှတ်ပေးလိုသလဲဆိုသည့် မေးခွန်းအပေါ်
ဒေါ်အောင်ဆန်းစုကြည်က ''သူ့ကိုတော့ အမှတ်ပေးရမယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမယ်လို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဖြစ်ပေါ်လာတာကတော့ သူတစ်ဦးတည်းကြောင့်လို့တော့ ကျွန်မ မထင်ပါဘူး''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်ကို အာဏာအလွန်အကျွံ ပေးထားကြောင်း၊ စစ်တပ်က လိုအပ်သည်ဟု ၎င်းတို့ ထင်ပါက အစိုးရထံမှ အာဏာများကို သိမ်းယူနိုင်ကြောင်း၊ အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့်ရှိ လွှတ်တော်များ၏ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သည့် စစ်တပ်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသည် အမှန်တကယ် အာဏာ မရှိကြောင်း၊ ဗဟိုချုပ်ကိုင်သည့်စနစ်ပဲ ရှိသေးကြောင်း၊ ယင်းကဲ့သို့ ဗဟိုချုပ်ကိုင်သည့်စနစ်သည် ဒီမိုကရက်တစ်တန်ဖိုးများကို အထောက်အကူပြုမည် မဟုတ်ကြောင်း၊ ယင်းထက် ပိုအရေးကြီးသည်မှာ လူမျိုးစုသဟဇာတ ဖြစ်မှုကို အားပေးမည်မဟုတ်ကြောင်း အိန္ဒိယတင်းစာ The Hindu  နှင့်  တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ တောင့်တင်းခိုင်မာစေရေးကိုလည်း အိန္ဒိယအစိုးရအနေဖြင့် အာရုံစိုက်စေလိုကြောင်း၊ မြန်မာနိုင်ငံသည် များပြားလှသည့်လူမျိုးစုများနှင့် ပါဝင်သည့် ပြည်ထောင်စုတစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ပြည်ထောင်စုတစ်ခုအနေဖြင့် အားလုံး ပိုမိုနီးကပ်လာစေရေးကို အာရုံစိုက်စေလိုကြောင်း၊ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးတိုးတက်မှုသည် ဒီမိုကရေစီအတွက် အစားထိုးရန် မဟုတ်ဆိုသည်ကို လုံးဝသတိမူရန် လိုကြောင်း၊ ကျွန်မတို့ လူမျိုးစုများ၏ ရည်မှန်းချက်သည် ဖွံ့ဖြိုးတိုးတက်မှုမျှသာ မဟုတ်ဘဲ    ယင်းထက် ကျော်လွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံခရီးစဉ်မှ နိုင်ငံရေး အရ မျှော်မှန်းထားမှုမှာ နှစ်နိုင်ငံ ပြည်သူများကြား ပိုမိုရင်းနှီးသည့် ဆက်ဆံရေးကို ထူထောင်လိုခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက် ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
တစ်ပတ်ခန့်ကြာမြင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နေရူးအထိမ်းအမှတ်ဟောပြောပွဲသို့ တက်ရောက်ဟောပြောမည်ဖြစ်သည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map