တပ်မတော် အစိုးရ လက်ထက် တွင် ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့်
သေဒဏ် ကျခံ ခဲ့ရသော နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်သော ဦးသိန်းထွန်းသည် အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ် အတွင်း ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် အရ လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ဝင်များ ၏ ပြောကြားချက် အရ သိရသည်။
ဦးသိန်းထွန်း သည် ABSDF အဖွဲ့ဝင် ရဲဘော် တစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ပေါက်ကွဲ စေတတ်သော ပစ္စည်းများကို လက်ဝယ် တွေ့ရှိကာ နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှု၊ ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှု၊ လူ စည်ကားရာနှင့် အာဆီယံ သံရုံးများကို ဖောက်ခွဲရန် ကြံစည်မှု တို့ဖြင့် သေဒဏ်ထိ ပြစ်ဒဏ် ကျခံ ခဲ့ရကြောင်း ၄င်းက ပြောသည်။
"ကျွန်တော် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို သယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လုပ်ကြံဖို့ မဟုတ်ပါဘူး" ဟု ၄င်းက ပြော သည်။ ပေါက်ကွဲ စေတတ်သော ပစ္စည်းများကို သယ်ဆောင် လာခြင်းမှာ ရှစ်လေးလုံး အရေးတော်ပုံ ကဲ့သို့ ကိုးလေးလုံး (၉ရက် ၉လ ၁၉၉၉ခုနှစ်) အရေးတော်ပုံ ပေါ်ပေါက် လာပါက တပ်မတော် အစိုးရ၏ ပစ်ခတ်မှုကို လက်ချည်း ဗလာ မခံရဘဲ ပြန်လည် ခုခံနိုင်ရန် ရည်ရွယ်ချက်ဖြင့် လျှို့ဝှက် သယ်ဆောင် ရခြင်း ဖြစ်ကြောင်း ဦးသိန်းထွန်း က ဆိုသည်။
ယင်းကဲ့သို့ ပစ္စည်းများ သယ်ဆောင် ရခြင်းမှာ ABSDF အဖွဲ့၏ စေခိုင်းချက် ကြောင့် မဟုတ်ဘဲ မိမိ၏ သဘော ဆန္ဒဖြင့် သာဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောပြသည်။ ၄င်းကို အမှု မစစ်မီ စစ်ကြောရေး ကာလတွင် စစ်ကြောရေး လုပ်ဆောင်သူ များက ၄င်း၏ ပြစ်ဒဏ်ကို ကြိုတင် သိနေပြီး အမှုစစ်သော နေ့တွင်လည်း တရားသူကြီးမှာ အိပ်ငိုက် နေကာ စာအိတ် လာပို့မှသာ စာအိတ်ဖွင့်ပြီး ပြစ်ဒဏ်ကို ဖတ်ကြား ခဲ့ကြောင်း ၄င်းက ပြန်ပြောပြသည်။
Source: The article first appeared on N/A -

0 comments:
Post a Comment