<div style='background-color: none transparent;'></div>

Home » »  ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းအတွင်း ပုပ်ပွနေသော ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

 ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းအတွင်း ပုပ်ပွနေသော ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

အခင်းဖြစ်တိုက်ခန်းအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ နေအိမ်တိုက်ခန်း တစ်ခန်းတွင် အသက် ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရမှု ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ တိုက်အမှတ် (၁၉၅) ၊ ဒုတိယထပ်(ညာ)ရှိ တိုက်ခန်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်ခန့်၌ ယင်းတိုက်ခန်းတွင် နေထိုင်သော အိမ်ရှင်အမျိုးသမီးငယ်နှင့် နောက်ထပ် အိမ်ဖော်တစ်ဦးတို့သည် ခရီးသွားနေသည်ဟု ယူဆရာမှ ပြန်လည်ရောက်ရှိလာကြောင်း၊ ထို့နောက် အိမ်ခန်းပေါ်သို့ တက်သွားရာမှ ပြန်လည်ပြေးဆင်းလာကြောင်း၊ ပတ်ဝန်းကျင်အား အကူအညီတောင်းပြီး တာဝန်ရှိ ရဲဝန်ထမ်းများနှင့်အတူ တက်ကြည့်ရာ ပုပ်ပွနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း အခင်းဖြစ် ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

"ဒီအိမ်မှာက အိမ်ရှင် အမျိုးသမီးလေးရယ်။ အိမ်ဖော်မလေး နှစ်ယောက်ရယ် နေကြတာ။ အခုသေသွားတဲ့ အိမ်ဖော်ကောင်မလေးက အိမ်ဖော်အဟောင်း။ နောက်တစ်ယောက်က ရောက်တာ တစ်လလောက်ပဲ ရှိသေးတယ်" ဟု အခင်းဖြစ် တိုက်ခန်းအနီးရှိ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါသည်။
"အပုပ်နံ့ကတော့ နံနေတာ နှစ်ရက်သုံးရက်လောက် ရှိပြီ။ ဒါပေမယ့်လူသေလို့ နံတယ်လို့ မထင်ဘူး။ ငါးကင်ဆိုင်က ငါးညှီနံလို့ပဲ ထင်နေကြတာ။ သေသွားတဲ့ အိမ်ဖော်ကောင်မလေးက ပုသိမ်ဘက်ကပဲလို့ ပြောတယ်"ဟုအခင်းဖြစ်ပွားရာ တိုက်အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါသည်။
ကမာရွတ်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း "အမှုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အခုလောလောဆယ်တော့ ဘာမှမှတ်ချက် မပေးနိုင်သေးပါဘူး" ပြောပြခဲ့ပါသည်။
အိမ်ရှင်အမျိုးသမီးငယ်မှာ MRTV-4 တွင် အလုပ်လုပ်သော ၀န်ထမ်းတစ်ဦးဖြစ်ကြောင်းနှင့် ယင်းအခန်းအား သော့ခတ်ပိတ်ထားသည်မှာ ငါးရက်ခန့်ရှိပြီ ဖြစ်ကြောင်း အခင်းဖြစ် ပတ်ဝန်းကျင် အနီးတွင် နေထိုင်သူများ၏ ပြောစကားများအရ သိရသည်။
သေဆုံးသူ၏ အလောင်းအား စစ်ဆေးမှုများ ပြုလုပ်ရန် ရန်ကုန် ဆေးရုံကြီးသို့ ညနေ ၆နာရီခွဲခန့်က ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map