<div style='background-color: none transparent;'></div>

Home » » နိုင်ငံအကြီးအကဲနှစ်ဦး၏ အမည်ကို အလွဲသုံးစားလုပ်ပြီး ကိုရီးယားတွင် အလုပ်ရမည်ဆိုကာ ငွေလိမ်လည်သူအား ဖမ်းဆီးအရေးယူ

နိုင်ငံအကြီးအကဲနှစ်ဦး၏ အမည်ကို အလွဲသုံးစားလုပ်ပြီး ကိုရီးယားတွင် အလုပ်ရမည်ဆိုကာ ငွေလိမ်လည်သူအား ဖမ်းဆီးအရေးယူ

နိုင်ငံအကြီးအကဲ နှစ်ဦး၏ အမည်အား အလွဲသုံးစားလုပ်၍ ကိုရီးယားတွင် အလုပ်အကိုင် ရရှိမည်ဟုဆိုကာ ဒေသအနှံ့ရှိ လူအမြောက်အမြားထံမှ ငွေကြေး လိမ်လည်ယူထားသူအား သြဂုတ် ၁၅ ရက်တွင် ဖမ်းဆီးစစ်ဆေး အရေးယူထားကြောင်း သိရသည်။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေးဂျင့်လိုင်စင် မရှိဘဲ နိုင်ငံတော်ဒုတိယသမ္မတ (ယခင်) သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့၏ အမည်များအား အလွဲသုံးစားလုပ်ကာ ကိုရီးယားနိုင်ငံသို့ အလုပ် ရရှိရန် ပို့ပေးမည်ဟု ပြောပြီး ပွဲစားများမွေး၍ အုပ်စုဖွဲ့ကာ စာချုပ်စာတမ်းများ၌ လက်မှတ်ရေးထိုးခြင်း၊ ငွေများရယူခြင်းများကို အတင့်ရဲစွာ ပြုလုပ်နေသည်ဟုဆိုသော မ-----နှင့် ခင်ပွန်းဖြစ်သူတို့အား အရေးယူပေးရန်အတွက် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက စုပေါင်းလက်မှတ်ရေးထိုး၍ အထက်အဆင့်ဆင့်သို့ တင်ပြတိုင်ကြားမှုကို ဇွန် ၆ ရက်က ပြုခဲ့ကြောင်း သိရသည်။
ယင်းလိမ်လည်သည်ဟု ဆိုသော လင်မယားမှာ ရန်ကုန်မြို့လယ်ခေါင်တွင် ကိုရီးယားနိုင်ငံသို့ အလုပ်အကိုင် သွားရောက်လုပ်ကိုင်လိုသောသူ အမြောက်အမြားကို ယုံကြည်အောင် အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်ဟုဆိုကာ ပွဲစားလုပ်သူများက တစ်ဆင့် ခေါ်ယူပြီး တစ်ဦးလျှင် ငွေကျပ် ၆ သိန်းမှ ၁၀ သိန်းခန့်အထိ ရယူပြီး နိုင်ငံကူးလက်မှတ်များအား သိမ်းဆည်းယူကာ လက်တွေ့တွင် မည်သို့မျှ ဆက်လက်ဆောင်ရွက်ပေးခြင်း မရှိဟု ကာယကံရှင်များ၏ ပြောကြားချက်အရ သိရသည်။ ထို့အပြင် ဝန်ဆောင်ခအဖြစ် ကျပ်သိန်း ၅၀ အား ၃ နှစ်အတွင်း အရစ်ကျစနစ်ဖြင့် အပြီးဆပ်မည်ဟု စာချုပ်အလွတ်ပေါ်တွင် လက်မှတ်ရေးထိုး ရယူထားကြောင်းနှင့် အချို့၏ နိုင်ငံကူးလက်မှတ်များကို ပြန်မပေးဘဲ အလွဲသုံးစားလုပ် ရယူထားသည်ဟု ဆိုသည်။ ၄င်းတို့ လိမ်လည်ရယူထားသူ အရေအတွက်မှာ ဦးရေ ၁၀၀ ကျော်ခန့်ရှိနိုင်ကြောင်း ကိုယ်တိုင်ခံစားခဲ့ရသူ အများစုက ဆိုသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ကိုထွန်းထွန်းအေး အပါအဝင် ကိုဘုန်းမြင့်အောင်၊ ကိုအောင်ဇော်ဦး၊ ကိုယံနိုင်စိုး၊ ကိုခင်မော်စန်း၊ ကိုလှိုင်မြင့်ဌေး၊ ဦးခင်သိန်း၊ ဦးမောင်ဝင်း၊ ကိုသန့်ဇင်ဝင်း၊ ကိုသက်ခိုင်၊ ကိုလှဌေး၊ ကိုမောင်ထွန်း၊ ကိုရဲနိုင်ပါ ၁၃ ဦးတို့၏ တိုင်ကြားချက်အပေါ် အခြေခံ၍ တောင်ဥက္ကလာ ရဲစခန်းမှ ပ-၅၂၃/၂၀၁၂ ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ အရ အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပြီး အခြားသူများကလည်း ၄င်းတို့နှင့် သက်ဆိုင်ရာ မြို့နယ်များတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
ခေတ်လူငယ်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map