<div style='background-color: none transparent;'></div>

Home » » မြန်မာ့လေကြောင်းလိုင်းက တိုးချဲ့ပြေးဆွဲရန် စီစဉ်

မြန်မာ့လေကြောင်းလိုင်းက တိုးချဲ့ပြေးဆွဲရန် စီစဉ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း လေယာဉ်တစ်စီးရပ်နားထားစဉ်။ ဓာတ်ပုံ - သက်ထူး
The Myanmar Times, 7June 2012 —-  အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အမ်အေအိုင်)သည် လေယာဉ်အသစ် ထပ်မံဖြည့်စွက်ပြီး လက်ရှိပြေးဆွဲနေသော ခရီးစဉ်များကို လာမည့်ပွင့်လင်း ရာသီတွင် ခေါက်ရေ ထပ်တိုး ပြေးဆွဲမည့် အပြင် ဟောင်ကောင်၊ တောင်ကိုးရီးယားနှင့် လာအို နိုင်ငံများသို့လည်း ရန်ကုန်မှ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်နေကြောင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
“ဒီကြားထဲမှာ လေယာဉ်အသစ်တွေ ထပ်ဖြည့်ဖို့ရှိပါတယ်။ ဘယ် နှစ်စင်းဖြစ် မလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။
ဒီ လေယာဉ်အသစ်တွေထပ်ဖြည့် ပြီး ဟောင်ကောင်၊ ဆိုးလ်မြို့နဲ့ လာအို နိုင်ငံတွေကို ရန်ကုန်ကနေ တိုက်ရိုက် ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ လာအိုနိုင်ငံ ဗီယင်ကျန်းနဲ့ ရန်ကုန် တိုက်ရိုက်ပြေးဆွဲမယ့်ကိစ္စ အတွက်လည်း ဟိုဘက်က သက်ဆိုင်ရာတွေနဲ့ သွားရောက်ညှိနှိုင်း ဆွေးနွေးဖို့ စီစဉ်နေပါတယ်။ လောလောဆယ်ခေါက် အတိအကျ ဘယ်တော့ လဲဆိုတာ ပြောဖို့ အဆင်သင့်မဖြစ်သေးပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ထို့ပြင် လက်ရှိရန်ကုန်မြို့မှပြေးဆွဲနေ သော စင်ကာပူ၊ မလေးရှား၊ ဘန်ကောက်၊ ဂယာ၊ ဖနွမ်းပင်နှင့် ဆီယမ်ရိခရီးစဉ်များ ကိုလည်း လာမည့်ပွင့်လင်းရာသီ အောက်တိုဘာလမှစတင်ခါ ယခင်ထက် ကြိမ်ရေ တိုးချဲ့ပြေးဆွဲရန်ရှိကြောင်း ၎င်းကဆက်ပြောသည်။
“ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို နေ့စဉ် နှစ်ကြိမ် ပြေးဆွဲနေပါတယ်။ နောက် ရန်ကုန်-စင်ကာပူခရီးစဉ်လည်း နေ့စဉ် နှစ်ကြိမ် လက်ရှိပြေးဆွဲနေပေမယ့် လာမယ့်အောက်တိုဘာလကစပြီး ဂျက်စတားလေကြောင်းလိုင်းနဲ့ ပေါင်းပြီး တစ်ကြိမ်ထပ်တိုး ပြေးဆွဲဖို့ရှိပါတယ်” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။
လက်ရှိ ရန်ကုန်-ဂယာခရီးစဉ်အား ခရီးသွားရာသီ မဟုတ်သည့်အတွက် လက်ရှိရပ်နားထားသော်လည်း လာမည့် အောက်တိုဘာ လမှစတင်ခါ ယခင် တစ်ပတ်နှစ်ကြိမ်အဖြစ် ဗုဒ္ဓဟူးနှင့် စနေ နေ့အပြင် တစ်ရက်ထပ်တိုး ပြေးဆွဲရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကုန်-ကွမ်ကျိုးလက်ရှိ တစ်ပတ်နှစ်ကြိမ်အဖြစ် ကြာသပတေးနှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲနေသော်လည်း ပွင့်လင်း ရာသီချိန်တွင် တစ်ရက် ထပ်တိုးပြေးဆွဲမည်ဟု အဆိုပါတာဝန်ရှိ သူက ပြောကြားသည်။
လက်ရှိ တစ်ပတ်ငါးကြိမ်ပြေးဆွဲနေ သော ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်ကို မူ ယခင်အတိုင်း အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ဆက်လက်ပြေးဆွဲသွားမည်ဟု ၎င်းကပြောသည်။
အလားတူ ရန်ကုန်-ဖနွမ်းပင် ခရီးစဉ် အား ယခင်အတိုင်း တစ်ပတ်နှစ်ရက် အဖြစ် အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တို့တွင် ဆက်လက် ပြေးဆွဲနေပြီး ရန်ကုန်- ဆီယမ်ရိ ခရီးစဉ်ကိုမူ လက်ရှိခရီးသွား ရာသီချိန်မဟုတ်သဖြင့် ရပ်ဆိုင်းထားပြီး ရာသီချိန်တွင် ပြန်လည် ပြေးဆွဲမည်ဟု ပြောသည်။
အမ်အေအိုင်သည် ခရီးစဉ်များကို အဲဘတ်စ်အေ-၃၂၀ လေယာဉ် လေးစင်းဖြင့် ရန်ကုန်မြို့မှ တိုက်ရိုက် ပြေးဆွဲနေခြင်းဖြစ်သည်။
ဇော်ဝင်းသန်း
Share this article :

1 comments:

စံပယ်ချို said...

“ဒီကြားထဲမှာ လေယာဉ်အသစ်တွေ ထပ်ဖြည့်ဖို့ရှိပါတယ်။ ဘယ် နှစ်စင်းဖြစ် မလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။

ထပ်ဖြည့်သင့်တာကြာပြီရောကွယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map