<div style='background-color: none transparent;'></div>

Home » » ကျောင်းအပ်နှံရာတွင် အလှူငွေ ကောက်ခံမှုများ ပြင်းထန်စွာ အရေးယူမည်

ကျောင်းအပ်နှံရာတွင် အလှူငွေ ကောက်ခံမှုများ ပြင်းထန်စွာ အရေးယူမည်


The Voice Weekly, 26May 2012  —-  ရန်ကုန်၊ မေ ၂၃
ကျောင်းအပ်နှံချိန် ကာလဖြစ်သည့် မေလ ၂၅ ရက်နေ့အတွင်း ကျောင်းအပ်နှံသူ မိဘများထံမှ အလှူငွေ ကောက်ခံပါက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများကို ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောကြားသည်။
အလှူငွေ ကောက်ခံကြောင်း သိရှိရပါက အဆင့်ဆင့် စစ်ဆေးမည် ဖြစ်ပြီး မှန်ကန်ပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယခင် ပညာသင်နှစ်အတွင်း ငွေကြေးတတ်နိုင်သော မိဘအချို့ထံမှ အလှူငွေ ကောက်ခံမှုများကို တွေ့ရှိ၍ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို အပြစ်ပေးမှုများ ရှိခဲ့ပြီး
ယခုနှစ်တွင်လည်း ယင်းကဲ့သို့ မပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားကြောင်း၊ စစ်ဆေးတွေ့ရှိပါက အလုပ်ထွက်စာ ချက်ချင်း တင်ရမည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့် မြို့ နယ် ပညာရေးမှူး ဒေါ်ခိုင်ရွှေညွှန့်က မေလ ၂၂ ရက်နေ့တွင် ကျင်းပသော မြို့ နယ်အဆင့် ကလေး ဗဟိုပြု ချဉ်းကပ်သင်ယူမှု ဆိုင်ရာ သင်တန်းဆင်းပွဲတွင် ပြောကြားသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်က ဒဂုံ (၁) မှာ ကျောင်းအပ်တုန်းက တောင်ဒဂုံက ဆိုတော့ နှစ်သိန်းလောက် ပေးရတယ်။ နောက်နှစ်ကျတော့ ဖောင်ဖိုးလောက်ပဲ ပေးရတယ်” ဟု မြို့ နယ်ကျော် ကျောင်းအပ်နှံခဲ့သူ ဒဂုံမြို့ သစ် (တောင်ပိုင်း) မြို့ နယ်မှ ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။
အလှူငွေ ကောက်ခံခြင်းကို တားမြစ်ထားခြင်းကြောင့် ကျောင်းအပ်နှံချိန်တွင် အလှူငွေများ မကောက်ခံ သော်လည်း ကျောင်း၏ ပြင်ပ ပြင်ဆင်မှုများအတွက် မတည် ပြုပြင်ပေးမှုကို ကျောင်းသားမိဘများက လုပ်ဆောင်ပေးသည့် သဘောမျိုး ရှိကြောင်း အ.ထ.က (၂) ဗဟန်း အထက်တန်းပြ ဆရာမ တစ်ဦးက ပြောသည်။
“ဒီနှစ်က အရင်လို ပိုက်ဆံပေးတိုင်း မရဘူး။ ကျောင်းဝင်ခွင့် ဖောင်တွေတောင် အခု ပိတ်သွားပြီ။ အပ်ချင်တောင် လက်ခံလို့ မရဘူး” ဟု ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ကမာရွတ်) ၏ ကျောင်းဝင်ခွင့် လက်ခံပုံကို အဆိုပါ ကျောင်းမှ ဆရာမ တစ်ဦးက ရှင်းပြသည်။
ပညာရေး ဝန်ကြီးဌာနက ပေးသော ထောက်ပံ့ငွေသည် ရန်ပုံငွေ နည်းပါးသော ကျောင်းများ အတွက် လုံလောက်မှု မရှိကြောင်း၊ အလှူငွေ ကောက်ခံခွင့် မပြုပါက ထောက်ပံ့ငွေ တိုးမြှင့်ပေးပါလျှင် ပို၍ အဆင်ပြေ နိုင်ကြောင်း မင်္ဂလာတောင်ညွှန့် မြို့ နယ် အမှတ် (၁၄) မူလတန်းလွန် ကျောင်းမှ ကျောင်းအုပ် ဆရာကြီးက ပြောသည်။
ကျောင်းအုပ်ဆရာ၊ ဆရာမများ အတွက် မြို့ နယ် ပညာရေးမှူးရုံးများက တစ်နှစ်လျှင် ကျပ်သုံးသောင်း တိတိ ထောက်ပံ့ပေးသော်လည်း ကုန်ကျစရိတ် လိုအပ်ချက်များ ရှိသောကြောင့် ၂၀၁၂ – ၂၀၁၃ ပညာသင်နှစ်မှ စတင်၍ ကျောင်းသား ၂၀၀ အောက် ကျောင်းများအတွက် ငါးသောင်းကျပ်၊ ကျောင်းသား ၂၀၀ နှင့်အထက် ကျောင်းများအတွက် ကျပ်တစ်သိန်းအထိ တိုးမြှင့်ပေးမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map