<div style='background-color: none transparent;'></div>

Home » » တောင်ဥက္ကလာပကရဲစခန်းရှေ့ ရွှေဆိုင်မှာ အလုခံရ

တောင်ဥက္ကလာပကရဲစခန်းရှေ့ ရွှေဆိုင်မှာ အလုခံရ



RFA News, 12May 2012  — ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၁၀) ရပ်ကွက် သုမင်္ဂလာလမ်းမှာ ရှိတဲ့ အောင်ရွှေဆိုင်မှာ ဒီကနေ့ မနက် (၁၂) နာရီဝန်းကျင်က လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဆိုင်ပိုင်ရှင် ကိုအောင်ထွန်းက အခင်းဖြစ်ပွားပုံကို အခုလို ပြောပါတယ်။
“ကားတစီးက ဆိုင်ရဲ့ ဟိုဘက်ကမ်းမှာရပ်ထားတာ၊ ပြီးတော့ အဲဒီပေါ် နှစ်ယောက် ဆင်းလာပြီးတော့ ဆွဲကြိုးကြည့်တယ်။ ဆွဲကြိုးကြည့်ရင်းနဲ့ တယောက်က ဆက်ဆိုယူပြီး ထွက်ပြေးတာ ကြိုးတကုန်းပါပဲ။ တစ်သိန်းကျော်လောက်ပဲ ရှိတာပါ။ တယောက်က ကားရပ်ထားတဲ့ ဟိုဘက်ကမ်း ကိုပြေးတယ်။ တယောက်က ဆန့်ကျင်ဘက်ပေါ့ဗျာ။ တဖက်ဆီပြေးတာပေါ့။” အခင်းဖြစ်ပွားခဲ့တဲ့အောင်ရွှေဆိုင်ဟာ တောင်ဥက္ကလာပ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ ရွှေဆိုင် ဖြစ်ပါတယ်။ အဲဒီ ရဲစခန်းကို လုယက်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ အာအက်ဖ်အေက ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ တာဝန်ကျရဲဝန်ထမ်းက – သူ မကြားသိတဲ့အကြောင်း၊ မေးကြည့်ပေးမယ့်အကြောင်းပြောပြီး အာအက်အေ အသံလွှင့်ဌာနကဆက်သွယ်ကြောင်း ပြောဆိုချိန်မှာ မဖြေဆိုဖို့ ညွှန်ကြားသံကို ကြားရပါတယ်။ အောင်ရွှေဆိုင် ပိုင်ရှင်ဖြစ်သူကတော့ လုယက်မှု ဖြစ်ပွားခဲ့ပြီး ချက်ချင်း မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်းနဲ့ အခုလို လူစည်တဲ့အချိန် အတင့်ရဲစွာ လုယက်ခံရတဲ့ အခြေအနေကို မကျေနပ်တာဖြစ်ကြောင်း အခုလို ပြောပါတယ်။ “တယောက်က ယူပြီးထွက်ပြေးတာ အဲဒီကောင်ကိုဝိုင်းဖမ်းတော့ အဲဒီကောင်က ကားပေါ်ကို တက်တယ်။ ကားသမားကို ၀ိုင်းတားတော့ ကားသမားက ဆက်မောင်းတယ်။ အဲဒီစခန်းထိပ်မှာပဲ ထွက်ပြေးသွားတဲ့ နောက်တကောင်ကိုပါ ထပ်တင်ပြီးတော့မှ အဲဒါ စံပြဈေးမှာချတယ်လို့ပြောတာပဲ။ ကားသမား လာအဖမ်းခံတော့ စခန်းကျတော့ သူ့ကိုအချွန်နဲ့ ထောက်တယ်လို့ဘာတို့ လျှောက်ပြောတာ၊ ဘာအချွန်နဲ့မှ မထောက်တာလည်း မတွေ့ပါဘူး ဒဏ်ရာလည်း မတွေ့ဘူး။ လုပ်ပုံကတော့ဗျာ၊ ပေါင်းပြီးချတာပါပဲ။ တန်ဖိုးက အဓိကမဟုတ်ဘူး။ လုပ်ပုံက လာပြီးတော့ ဗြောင်ကျကျကြီးလုပ် သွားတာ။ ဂတ်ရှေ့မှာဗျ။” အောင်ရွှေဆိုင်ထဲဝင်ပြီး ဆွဲကြိုးလုယက်သူ နှစ်ယောက် အပါအ၀င် ကားသမားနဲ့ (၃) ဦးဟာ အသက် ၃၀ အောက် အရွယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ဆိုင်ပိုင်ရှင် ကိုအောင်ထွန်း က တောင်ဥက္ကလာပ ရဲစခန်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map