<div style='background-color: none transparent;'></div>

Home » » မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း အစီအစဉ် ပြောင်းလဲခြင်း

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း အစီအစဉ် ပြောင်းလဲခြင်း


 မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၁-၄-၂၀၁၂ ရက်နေ့မှစ၍ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား ဈေးကွက်အခြေခံသော ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ် (Managed Floating Exchange R ate Regime) ကို စတင်ကျင့်သုံးမည် ဖြစ်ပါသည်။ နိုင်ငံသုံးငွေကြေး မြန်မာကျပ်၏ တန်ဖိုးအား နိုင်ငံခြားသုံးငွေဖြင့် တန်ဖိုးသတ်မှတ်ရာတွင် ယင်းနေ့မှစ၍ နိုင်ငံခြားငွေဈေးကွက်ရှိ ရောင်းလိုအားနှင့် ဝယ်လိုအား အခြေအနေများအရ သတ်မှတ်မည်ဖြစ်ပါသည်။
ပြောင်းလဲကျင့်သုံးမည့် နိုင်ငံခြားငွေလဲလှယ်နှုန်း စနစ်သစ်နှင့်အညီ ရည်ညွှန်း နိုင်ငံခြားငွေလဲလှယ်နှုန်း (Reference Foreign Exchange Rate) ကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ နေ့စဉ် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးစနစ်အား ခေတ်မီစေမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အဓိကအားဖြင့် အမျိုးမျိုးသော ငွေလဲလှယ်နှုန်းများကို ပေါင်းစည်းရန်နှင့် လက်ရှိ အပြည်ပြည်ဆိုင်ရာ ပေးချေမှုများ၊ ပြည်ပငွေလွှဲပေးပို့မှုများအပေါ် တားမြစ်ချက်များကို တဖြည်းဖြည်းချင်း ဖယ်ရှားပေးရန်ဖြစ်ပါသည်။ ၁၉၇၇ ခုနှစ်မှစ၍ အထူးထုတ်ယူခွင့် (SDR) တစ်ယူနစ်လျှင် ၈ ဒသမ ၅၀၈၄၇ ကျပ်ဖြင့် ချိတ်ဆက်သတ်မှတ်ခဲ့သည့် တရားဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းအား ယခုကဲ့သို့ ဈေးကွက်မှ သတ်မှတ်ပေးသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် အစားထိုးခြင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းများအား ပေါင်းစည်းရေးအတွက် ပထမအဆင်ဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဈေးကွက်နိုင်ငံခြားငွေ လဲလှယ်နှုန်းအပေါ် လိုအပ်သလို ထိန်းကျောင်းဆောင်ရွက်မည် ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပြည်တွင်းပြည်ပမှ တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း ရေးဆွဲရာတွင် နိုင်ငံတော် စီးပွားရေး အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ နိုင်ငံခြားငွေ အရအသုံးဆိုင်ရာ လျာထားမှုများအား ဈေးကွက်နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် လိုက်လျောညီထွေ ဖြစ်စေနိုင်သော ခန့်မှန်းနှုန်းထားတစ်ရပ်ဖြင့် တွက်ချက်လျာထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း အစီအစဉ် ပြောင်းလဲမှုများကို ပြည်သူလူထု သိရှိစေရန် ဆက်လက် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Share this article :

3 comments:

ချစ်စံအိမ် said...

သတင်းလာဖတ်သွားပါတယ်မောင်လေးရေ

စံပယ်ချို said...

မြန်မာပြည်သူတွေအတွက်ကောင်းတာလေးတွေပဲဖြစ်စေချင်တယ်
ဘာပဲလုပ်လုပ်ပေါ့နော်

Yin Sue said...

ဒီလိုလုပ်ပေးလိုက်တော့ ပိုကောင်းသွားမယ်လို့ထင်တယ် အစ်ကိုရေ ..... ၀မ်းသာစရာပါဘဲ ...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map