<div style='background-color: none transparent;'></div>

Home » » ဘယ်သူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဖို့

ဘယ်သူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဖို့

‘ တခြားသူတွေက ငါ့ကိုဘယ်လိုများ ထင်ကြမလဲ ’ ဆိုတဲ့ အတွေးကြောင့် သင်လုပ်ချင်တာတစ်ခုခုကို မလုပ်ဘဲ နေဖူးပါသလား။
ဒါဆိုရင်တော့ ကျနော် ပြောရဲတယ်။ သင်ဟာ ကြင်နာတတ်တဲ့သူ၊ တွေးခေါ်မြော်မြင်တတ်သူ တစ်ယောက်ပဲ။ သင်ဟာ သင့်ပတ်ဝန်းကျင်ကလူတွေကို ပျော်ရွှင်စေချင်တယ်၊ ပြီးတော့ (လူ့သဘာဝအရ) သင်နဲ့ပတ်သက်လို့လည်း အကောင်းပဲ တွေးစေချင်တယ်။
ဒါနဲ့ပတ်သက်လို့ အားလုံးပုံမှန်ပါပဲ။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပါ။ ကောင်းတဲ့အရာပါ။

ဒါပေမဲ့ ဒီထက်ပိုပြီး စဉ်းစားကြည့်မယ်ဆိုရင် …
သင်ဟာ အမြဲတမ်းလိုလို သင့်သူငယ်ချင်းတွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ (လမ်းထဲက သူစိမ်းတွေတောင်) သင့်ကို ဘယ်လိုထင်မြင်ယူဆကြမလဲဆိုတာ တွေးနေမယ်ဆိုရင်တော့ သင့်ရဲ့ ခွန်အားတွေကို စိုးရိမ်ပူပန်တဲ့နေရာမှာ အများကြီး သုံးမိနေပါပြီ။ ဒါဆိုရင် သင်အမှန်တကယ်လုပ်ချင်တဲ့ အရာတွေကို လုပ်မိတော့မှာ မဟုတ်ပါဘူး။
သူများတွေ ဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်တတ်တဲ့အကျင့်ဟာ ဖျောက်ရခက်ပါတယ်။ ဒါပေမဲ့ အောက်ပါနည်းလမ်းတွေက သင့်ကို ကူညီပါ့လိမ့်မယ်။
အဆင့် # ၁။ ဘယ်ဟာက အရေးကြီးသလဲဆိုတာ သင့်ကိုယ်သင် မေးပါ။
ကျနော်ရဲ့ ဆံပင်ပုံစံ၊ အ၀တ်အစားနဲ့ ပတ်သက်လို့ တခြားလူတွေက ဘယ်လိုထင်ကြမလဲဆိုတာကို တစ်ခါတစ်လေ စိုးရိမ်မိတတ်ပါတယ်။ တကယ်တော့ ကျနော့်အတွက် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တွေက အရေးမကြီးလှပါဘူး။ ကျနော် လူတွေကြားထဲမှာ ကြည့်ပျော်ရှုပျော် ရှိချင်တာတော့ အမှန်ပဲပေါ့။ ဒါပေမဲ့ ကျနော့်ရဲ့ အ၀တ်အစားစတိုင်လ်က စိတ်ဝင်စားစရာ လုံးဝ မကောင်းပါဘူး။ ပြီးတော့ ကျနော်က ဘာတွေညာတွေလည်း မလိမ်းတတ်ဘူး။
သင်နဲ့ သင့်ပတ်ဝန်းကျင်က လူတွေနဲ့ စံသတ်မှတ်ချက်တွေ၊ တန်ဖိုးထားမှုတွေ မတူညီနိုင်ပါဘူး။ ဒါ အိုကေပါတယ်။ သင်က အားကစားရုံတွေ သွားတာကို မကြိုက်ဘူး၊ ဒါပေမဲ့ သင့်သူငယ်ချင်းက ညနေတိုင်း သွားတယ်။ သင့်သူငယ်ချင်းအတွက် စာအုပ်တွေက အရေးမပါဘူး။ ဒါပေမဲ့ သင်က စာဖတ် ၀ါသနာပါတယ် ။
သင့်အတွက် ဘာက အရေးကြီးသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိပါ။ တခြားသူတွေက သူတို့တန်ဖိုးထားမှုတွေနဲ့ မကိုက်ညီလို့ သင့်ကို ဝေဖန်မှာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ကိုယ့်တန်ဖိုးထားမှုနဲ့ကိုယ်ဆိုတော့ သူတို့ဝေဖန်တာကို ဂရုစိုက်နေစရာမလိုပါဘူး။
အဆင့် # ၂။ သူတို့အားလုံးက သင့်ကို စောင့်ကြည့်နေကြတာ မဟုတ်ဘူးဆိုတာ သတိရပါ။
ကျနော် ဆယ်ကျော်သက်အရွယ်တုန်းက ကျောင်းမှာ တခြားသူတွေက ကျနော့်ကို ကြည့်များကြည့်နေကြမလား ၊ ငါ့ကွယ်ရာမှာ ငါ့ကို ရယ်နေကြမှာလားဆိုတဲ့အတွေးနဲ့ စိုးရိမ်နေခဲ့ပါတယ်။
တကယ်တော့ ကျနော်ဟာ ကမ္ဘာကြီးရဲ့ အလယ်ဗဟို (centre) မဟုတ်ပါဘူး။ သင်လည်း မဟုတ်ပါဘူး။ သင့်ပတ်ဝန်းကျင်က လူအများစုဟာ သူတို့ကိစ္စနဲ့သူတို့ ရှုပ်နေကြ၊ သူတို့ကိစ္စတွေပဲ စဉ်းစားနေကြတာမို့ သင့်အကြောင်းကို စဉ်းစားဖို့ အချိန်မရပါဘူး။
ဧည့်ခံပွဲတစ်ခုမှာ သင်က သင့်နှာခေါင်းက ၀က်ခြံက မြင်သာလွန်းနေမလားလို့ စိုးရိမ်နေမယ်၊ ဒါမှမဟုတ် ပြီးခဲ့တဲ့အပတ်က သင်လုပ်ခဲ့တဲ့ အမှားတစ်ခုကို လူတွေက ပြောနေကြမလားဆိုပြီး စိုးရိမ်နေမယ်။ တကယ်တော့ သူတို့ဟာ သင်စိုးရိမ်နေတဲ့အရာတွေကို သတိတောင် မထားမိကြပါဘူး။
အဆင့် # ၃။ သူတို့အမြင်က သင့်ကို ဘာမှ မထိခိုက်နိုင်ဘူးဆိုတာာ သိပါ။
ဒီတော့ သင့်အတွက်ဘယ်ဟာက အရေးကြီးတယ်မကြီးဘူးဆိုတာနဲ့ သင်ဟာ ကမ္ဘာကြီးရဲ့ အလယ်ဗဟိုမှာ ရောက်နေတာမဟုတ်ဘူးဆိုတာ သင် သိလောက်ပါပြီ။ ဒါပေမဲ့ သင့်ကို ဝေဖန်မှုတွေကတော့ ဆက်ရှိနေဦးမှာပဲ ။ အိမ်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်ပေါ့၊ ဒါမှမဟုတ် သင့်ကွယ်ရာမှာတောင် ရှိချင်ရှိနေဦးမယ်။
အများအားဖြင့်တော့- လူတွေရဲ့အမြင်ဟာ သင့်ကို ထိခိုက်မှု မရှိနိုင်ပါဘူး။ အာကျယ်အာကျယ် သူငယ်ချင်းတစ်ယောက်က သင့်ရဲ့ ဆံပင်ပုံစံနဲ့ပတ်သက်လို့ သင့်ကို ဆိုးဆိုးဝါးဝါး ဝေဖန်မယ်ပေါ့။ ဒါပေမဲ့ (သင် လက်မခံဘူးဆိုရင်)သူ့ရဲ့အမြင်က သင့်ကို ထိခိုက်စရာအကြောင်း လုံးဝမရှိပါဘူး။
လူတွေရဲ့အမြင်ကို ဂရုစိုက်ရမယ့်အခြေအနေမျိးတွေလည်း ရှိပါတယ်။ ဥပမာ- သင့်အလုပ်ရှင်ရဲ့ သင့်အပေါ်အမြင်။ ဒါမျိုးဆိုရင်တော့ ဂရုစိုက်ရပါမယ်။ ဒါပေမဲ့ သင်ဟာ သင့်အတွက် အရေးကြီးတဲ့သူတွေရဲ့ အမြင်နဲ့ပတ်သက်လို့ စိုးရိမ်နေတာလား။ အရေးမကြီးတဲ့သူတွေရဲ့အမြင်တွေကို စိုးရိမ်နေတာလား။
အဆင့် # ၄။ တခြားသူတွေရဲ့အတွေးတွေကို သင်ထိန်းချုပ်လို့မရဘူးဆိုတာ လက်ခံပါ။
သင်ဟာ တခြားလူတွေရဲ့အတွေးတွေကို မထိန်းချုပ်နိုင်ပါဘူး။ သူတို့ဘာကိုတွေးမယ်ဆိုတာ မသိနိုင်ဘူး။ သိစရာအကြောင်းလည်း မရှိပါဘူး။
လူတွေဟာ အကြောင်းအရာတစ်ရပ်အပေါ်မှာ နည်းအမျိးမျိုးနဲ့ တုံ့ပြန်ကြပါတယ်။ ဥပမာ- သင့်သူငယ်ချင်းတစ်ယောက်က ပြောင်ပြောင်လက်လက်နာရီကြီးပတ်ထားတဲ့ လူတစ်ယောက်ကို တွေ့တဲ့အခါမှာ အတော် သဘောကျသွားမယ်။ ဒါပေမဲ့ သင်ကတော့ တော်တော်ကြောင်တဲ့ နာရီကြီးပဲလို့ တွေးမိမယ်။
လူတွေရဲ့ အတွေးတွေ- ကောင်းတာပဲဖြစ်ဖြစ် ၊ ဆိုးတာပဲဖြစ်ဖြစ်- အဲဒါ သူတို့ရဲ့ ကိုယ်ပိုင်အတွေးတွေပါပဲ။ သင့်ရဲ့ဘ၀ကို အပြည့်အ၀ ပျော်ရွှင်ပါ။ သင်ဟာ လူတိုင်းကို တချိန်လုံး ကျေနပ်အောင် မလုပ်နိုင်ပါဘူး။ လုပ်စရာလည်း မလိုပါဘူး။
နောက်တကြိမ် သင်ဟာ- တခြားသူတစ်ယောက်ယောက်က သင့်ကို ဘယ်လိုထင်မြင်မလဲဆိုတာနဲ့ ပတ်သက်လို့ စိုးရိမ်နေတယ်ဆိုရင် သူတို့ရဲ့အမြင်တွေက ငါ့အတွက် တကယ်ပဲ အရေးကြီးလို့လား လို့ သင့်ကိုယ်သင် မေးကြည့်ပါ။ သင်လုပ်ချင်တဲ့အရာတွေမှာ အဆင်ပြေလာပါလိမ့်မယ်။
Ref: How to Stop Worrying What Other People Think by Ali Luke
Share this article :

1 comments:

စံပယ်ချို said...

မေ့နေတာတွေကို သတိရစေတယ်
အသိပေးတဲ့စာတွေအတွက်ကျေးဇူးပါ
ခင်တဲ့ jasmine

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map