<div style='background-color: none transparent;'></div>

Home » » သင့် စွမ်းအင်များကို ဖော်ထုတ်ပါ

သင့် စွမ်းအင်များကို ဖော်ထုတ်ပါ


အံ့သြစရာမကောင်းဘူးလား။
အခက်အခဲနဲ့ ကြုံတဲ့အခါ အရင်က ကိုယ်မလုပ်နိုင်တဲ့အရာတစ်ခုကို လုပ်နိုင်သွားတာမျိုး။
ကျနော် တွေ့ဖူးတယ်။
အိမ်တစ်အိမ် မီးလောင်တော့ မိန်းမတစ်ယောက်ဟာ အလွန်လေးလံတဲ့ သေတ္တာကြီးကို တစ်ယောက်တည်း မ, ရွှေ့တယ်။
ပုံမှန်ဆိုရင် သူဟာ ဒီသေတ္တာကြီးကို ဘယ်လိုမှ မ,မနိုင်တာ သေချာတယ်။
ဒါဆို အဲဒီအချိန်မှာ ဘာကြောင့် မ, နိုင်သွားတာလဲ။
ဒီသဘောတရားကို သင့်ရဲ့ အောင်မြင်ပျော်ရွှင်ရေးမှာ ဘယ်လိုအသုံးချနိုင်သလဲ။
ဒီနေရာမှာ ကျနော်တို့အများစု သတိပြုမိတဲ့အရာက ” အခက်အခဲ “  ဆိုတဲ့အရာပဲ ဖြစ်နေပါလိမ့်မယ်။

အခက်အခဲနဲ့တွေ့လို့ ကျနော်တို့ရဲ့စွမ်းအင်တွေ ထွက်လာရတာပဲလို့ တွေးမိမှာပါပဲ။
ဟုတ်ပါတယ်။
အခက်အခဲဟာ ကျနော်တို့ကို ပိုပြီး ကြံ့ခိုင်တဲ့သူတွေ ဖြစ်လာစေတာအမှန်ပါပဲ။
ဒါဆို သင့်ရဲ့ စွမ်းအင်တွေဟာ အခက်အခဲနဲ့တွေ့မှ ထွက်လာမှာလား။
အခက်အခဲဆိုတာကလည်း အမြဲတမ်း ကြုံနေရမယ့်အရာမှ မဟုတ်တာ။
အခက်အခဲနဲ့ မတွေ့ဘဲနဲ့ရော သင့်ရဲ့ စွမ်းအင်တွေ ထွက်မလာနိုင်ဘူးလား။

အရေးပေါ်အခြေအနေတွေ၊ အခက်အခဲတွေဆိုတာက အမြဲတမ်း ရှိနေမှာမဟုတ်ပါဘူး။
ဒါပေမဲ့ သင့်ရဲ့ စိတ်၊ သင့်ရဲ့ စွမ်းအင်တွေကတော့ သင့်ခန္ဓာကိုယ်ထဲမှာ အမြဲတမ်း ရှိနေပါလိမ့်မယ်။
အခက်အခဲတစ်ခုနဲ့ ကြုံတဲ့အခါ သင့်ရဲ့ စိတ်က ဘယ်လိုအလုပ်သလဲ?
သင့်ခေါင်းထဲမှာရှိနေတဲ့ တခြားကိစ္စတွေအားလုံးကို ထုတ်ပစ်လိုက်တယ်။
အခက်အခဲကို ဘယ်လိုဖြေရှင်း ကျော်လွှားရမလဲဆိုတာကိုပဲ စဉ်ဆက်မပြတ် တွေးတယ်။
စိတ်ဟာ အာရုံမများတော့တဲ့အခါ သင့်ရဲ့ စွမ်းအင်တွေဟာလည်း ပြန့်ကျဲမနေတော့ပဲ တစ်စုတစ်စည်းတည်း ဖြစ်လာတယ်။
ဒီလိုအချိန်မှာ ဘာကိုပဲဖြစ်ဖြစ် သင် လုပ်နိုင်တော့မှာပါပဲ။
အိမ်ကို မီးလောင်နေတဲ့ မိန်းမတစ်ယောက်ဟာ ပစ္စည်းတွေရွှေ့နိုင်ဖို့၊ မီးဘေးက လွတ်နိုင်ဖို့တစ်ခုတည်းကိုပဲ အာရုံစိုက်ထားတဲ့အခါ သူ အရင်က မ,မ နိုင်ခဲ့တဲ့ သေတ္တာကြီးကို မ, နိုင်သွားသလို သင့် ရည်မှန်းချက်တစ်ခုတည်းကိုပဲ အာရုံစူးစိုက်ထားမယ်ဆိုရင် သင် အလိုရှိရာ ဘာကိုမဆို စွမ်းဆောင်နိုင်မှာပါပဲ။
ထင်းစလေးတွေကို တစ်ချောင်းချင်း ပြန့်ကျဲရှို့တာထက် စုပုံပြီးရှို့တဲ့အခါ မီးတောက်ဟာ ပိုပြီး ကြီးမားလာသလိုပဲပေါ့၊ သင့်ရဲ့ စိတ်ကိုလည်း တစ်ခုတည်းမှာပဲ စူးစိုက်ထားတဲ့အခါ သင့်ရဲ့ စွမ်းအင်တွေ အများကြီးထွက်လာမှာ ဖြစ်ပါတယ်။
သင့်ရဲ့ ရည်မှန်းချက်က ဘာလဲ။
အဲဒါဟာ သင့်အတွက် အရေးအကြီးဆုံးပါပဲ။
တခြား ဘယ်အရာကမှ အဲဒါထက် အရေးမကြီးပါဘူး။
အသေးအမွှားကိစ္စတွေအတွက် သင့်ရဲ့ စိတ်ကို အလုပ်မများစေပါနဲ့တော့

သင့်ရဲ့စွမ်းအင်တွေကို အလဟဿ မကုန်စေပါနဲ့တော့။
သင်ဟာ အလွန် ထူးကဲတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။
သင့်ရဲ့ စွမ်းအင်တွေဟာ ဘယ်အရာကိုမဆို စွမ်းဆောင်နိုင်လောက်အောင် အင်အား ပြင်းထန်ပါတယ်။
သင့်ကိုယ်သင် ယုံကြည်ပါ။
အရေးအကြီးဆုံးလို့ သင်ခံယူထားတဲ့အရာကိုသာ လုပ်ပါ

သင့်ရဲ့ စွမ်းအင်တွေကို အပြည့်အ၀ ဖော်ထုတ်ပါ။
ကိုယ်အလိုရှိရာ တစ်ခုတည်းကိုသာ အာရုံစူးစိုက်ထားမယ်ဆိုရင် ဘယ်ပန်းတိုင်ကိုမဆို ကျနော်တို့ အရောက်သွားနိုင်ကြမှာ အသေအချာပါပဲ။
Share this article :

1 comments:

စံပယ်ချို said...

မှတ်သားစရာတွေကိုဖတ်ခဲ့မှတ်ခဲ့ပါတယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map