Pages

မန္တလေးမြို့ကအသက် ၁၂၀ ပြည့်ရန်နီးလာသောဘွားသက်ရှည် ဒေါ်မြကြည်

မန္တလေးမြို့ အမရပူရမြို့နယ် ပေါက်ချိုင် ကုန်းကျေးရွာရှိ ရွာဦး ဘုန်းကြီးကျောင်း ပရ၀ဏ်အတွင်း အိမ်ငယ်ကလေး၌ နေထိုင်သော ဘွားသက်ရှည် ဒေါ်မြ ကြည်မှာ လာမည့်သီတင်းကျွတ်လ အတွင်း အသက် ၁၂၀ ပြည့်မြောက်တော့ မည်ဖြစ်ပြီး ယခုအချိန်အထိ ကျန်းမာရေး ကောင်းမွန်ဆဲဖြစ်ကြောင်း သိရသည်။
ဒေါ်မြကြည်၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် ဖော်ပြထားမှုအရ မြန်မာ သက္ကရာဇ် ၁၂၅၄၊ သီတင်းကျွတ်လဆန်း ၁ ရက်နေ့တွင် မွေးဖွားခဲ့ခြင်း ဖြစ်ရာ လက်ရှိ သိရှိရသောစာရင်းများအရ မြန်မာ ပြည်တွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်ဟု ဆိုနိုင်မည်ဖြစ်သည်။

"ဒေါ်မြကြည်က အခုအထိ ကျန်းကျန်း မာမာပါပဲ။ တစ်ခါတလေ အနည်းအကျဉ်း နေထိုင်မကောင်း ဖြစ်တာလေးကလွဲလို့ ကျန်းမာ ရေးပြဿနာ ကြီးကြီးမားမား မဖြစ်ပါဘူး။ "ဒီနှစ် သူ့မွေးနေ့မှာ ဒီရွာမှာပဲ တရားပွဲနှစ်ရက် ကျင်းပသွားဖို့ရှိပါတယ်"ဟု အဘွားကို စောင့်ရှောက် နေသော ရွာဦးကျောင်းဆရာတော် ဦးဩဘာသ က ဇွန် ၃၀ ရက်နေ့က မိန့်ကြားသည်။
ဒေါ်မြကြည်၏ ကျန်းမာရေးကို စက်မှု ဇုန်ဘက်မှ ဒေါက်တာဇော်ထွန်းဆိုသူက မကြာခဏ လာရောက်ကြည့်ရှုစစ်ဆေး ပေးကြောင်း သိရပြီး ဆွေမျိုးတော်စပ်သူ တချို့က လာရောက်စောင့်ရှောက်သော်လည်း အဘွားက ညအိပ် ညနေ အနေမခံ ဘဲ သူ့အနီးမှာ မခွာတမ်းကပ်နေသော တိန်ညင်ကြက်မ လေးတစ်ကောင်ကိုသာ အဖော်ပြု နေထိုင်လျက်ရှိသည်ကို တွေ့ရသည်။
"ဒီကြက်မလေးက မိကံ တဲ့၊ မပေါက်ဘဲကျန်နေတဲ့ ဥကလေးကို ဂွမ်းခံပြီးမွေး လာတာပေါ့။ အခုဆို ခုနစ်နှစ်ရှိပြီ။ ဒီနေ့ ဆရာဝန်လေး မင်္ဂလာဆောင်လေ၊ လူမှုရေးကလည်း ကိုယ်သာမလိုက်နိုင်တာ လုပ်ရသေးတယ်။ အဘွားက အဘွားကို လှူသမျှကို စုပြီးပြန်လှူတယ်။ စားပွဲ၊ ကုလားထိုင်၊ ဗီရို၊ ရေတွင်း၊ ရေကန်တွေပေါ့။ အများကုသိုလ်ပေါ့။ အဘွားလည်း ကုသိုလ်ရ၊ အများလည်း ကုသိုလ်ရပေါ့။ "ဟိုဘက်က ကျောင်းဆောင်အမိုး ကိုလည်း အလှူရှင်တစ်ဦးက လာလှူ ဦးမယ်တဲ့"ဟု ရွာမှကလေးများ လာပေးထားသော စံပယ်ပန်း ကုံးကို ဆံထုံးသေးသေးတွင် ပန်ထားသော အဘွားက ပြောသည်။
ယခုအခါ အဘွားမှာ တစ်နေ့လျှင် ထမင်းနှစ်နပ်သာ စားလေ့ရှိကာ သားကြီး ငါးကြီးမစားဘဲ ငါးနုပ်ငါးသေးမျိုးကိုသာ တစ်ခါတစ်ရံ စားလေ့ရှိကြောင်း၊ ဖြည့်စွက် စာအဖြစ် လှူဒါန်းကြသော EnsureBrand စသည်တို့ကို မှီဝဲကာ ဆေးပေါ့ လိပ်မှာမူ ဖြတ်ကြည့်သော် လည်း ဖြတ်၍ မရသဖြင့် သောက်ဖွာဆဲဖြစ်ကြောင်း၊ ဆင်မင်းဆေးပေါ့လိပ်ကို အစည်းလိုက် ၀ယ်ထားလေ့ရှိကြောင်း သိရသည်။
 အတွဲ ၂၉ ၊ အမှတ် ၅၇၆ (၆ - ၁၂ ၊ ၇ ၊ ၂၀၁၂)မြန်မာ့တိုင်းမ်

1 comment:

  1. အသက်ရှည်ရှည်နဲ့ ထိုက်တန်တဲ့.. အဖွားရဲ့ အပြုံးက ကြည်နူးစရာကောင်းတယ်.. အကိုရေ..။

    ReplyDelete