<div style='background-color: none transparent;'></div>

Home » » မြန်မာကျောင်းသား၊ ကျောင်းသူများကြား ရေပန်းစားသော ဘာသာရပ်ခုနစ်မျိုး

မြန်မာကျောင်းသား၊ ကျောင်းသူများကြား ရေပန်းစားသော ဘာသာရပ်ခုနစ်မျိုး

မြန်မာကျောင်းသားများ နိုင်ငံခြားတက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းများတွင် ဦးစားပေးရွေးချယ် သင်ယူနေသော ဘာသာရပ်များမှာ  ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းနှင့် တိုက်ရိုက် ဆက်စပ်နေပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါများသော ဘာသာရပ်များကို ကျောင်းသားအများစုက ရွေးချယ် သင်ယူလေ့ရှိကြသည်။ နိုင်ငံတကာတွင် သွားရောက် သင်ယူနေသော ဘာသာရပ်များနှင့် ပြည်တွင်းတွင် သင်ယူမှုနေသော ဘာသာရပ်များထဲမှ မြန်မာကျောင်းသား၊ ကျောင်းသူများကြား ရေပန်းစားနေသော ဘာသာရပ် ခုနစ်မျိုးကို ဖော်ပြလိုက်ပါသည်။

အင်ဂျင်နီယာ ဘာသာရပ်

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများထဲမှ အမှတ်အမြင့်ဆုံး ရရှိခဲ့သူများသည် အဆင့်မြင့် နည်းပညာ တက္ကသိုလ်များတွင် အင်ဂျင်နီယာဘွဲ့သင်တန်း တက်ရောက်ခွင့် ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များ မဖွင့်လှစ်မီက အင်ဂျင်နီယာပညာ သင်ယူလိုသော ကျောင်းသားများ အနေဖြင့် အစိုးရ နည်းပညာတက္ကသိုလ်၊ ကောလိပ်များကို အားကိုးနေခဲ့ရသည်။ အင်ဂျင်နီယာပညာ သင်ယူသူများထဲတွင် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်သည် ရေပန်းအစားဆုံး ဖြစ်နေသည်။ ပြည်တွင်းသာမက ပြည်ပ၌ သွားရောက် ပညာသင်ယူသူများတွင် အင်ဂျင်နီယာ ဘာသာရပ်သည် ကျောင်းသား၏ စိတ်ဝင်စားမှု ထိပ်တန်းနေရာ၌ ရှိနေကြောင်း နိုင်ငံတကာ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းကောင်း ရှိနေခြင်းနှင့် ဝင်ငွေကောင်း ရရှိနိုင်ခြင်းတို့ကြောင့် အင်ဂျင်နီယာ ဘာသာရပ် သင်ယူသော ကျောင်းသား မြင့်မားနေခြင်းဖြစ်သည်။

ဆေးပညာ ဘာသာရပ်

ဆရာဝန်ဘွဲ့ ရရှိထားခြင်းက ဂုဏ်ရှိသည်ဟူသော သဘောထား အမြင်များသည် ဆေးပညာ သင်ယူသော ကျောင်းသားဦးရေကို သိသိသာသာ မြင့်မားနေစေသည်။ယခုနှစ်တွင် ပြည်တွင်းရှိ ဆေးတက္ကသိုလ်များ၏ ကျောင်းသားလက်ခံမှု ထက်ဝက်တိတိ လျှော့ချလိုက်ခြင်းသည် ဆေးပညာ သင်ယူလိုသော ကျောင်းသားများနှင့် မိမိရင်သွေးကို ဂျူတီကုတ် အဖြူရောင်ဖြင့် မြင်တွေ့လိုသော မိဘများကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ အကျိုးဆက် အနေဖြင့် ငွေကြေးတတ်နိုင်သော မိဘအချို့က မိမိရင်သွေးကို ပြည်ပသို့စေလွှတ်၍ ဆေးပညာသင်ယူစေရန် စိတ်ဝင်စား စုံစမ်းမှု မြင့်တက်လာခြင်း ဖြစ်သည်။ မြန်မာကျောင်းသားများကြား ရေပန်းစားနေဆဲဖြစ်သော ဆေးပညာဘွဲ့သည် ဂုဏ်ရှိစေသော်လည်း ကျောင်းပြီးချိန်တွင် အလုပ်အကိုင် အခွင့်အလမ်းအတွက် စိန်ခေါ်မှု ပြင်းထန်သော အခြေအနေ ရှိနေသည်။ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းအတွက် အရည်အချင်း လိုအပ်ချက် မြင့်မားနေသလို ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်း ဆေးပညာဘွဲ့ရ အရေအတွက်နှင့် အလုပ်အကိုင် ရရှိနိုင်မှု ကွာဟချက် ကြီးမားနေသည်။ မည်သို့ဆိုစေ ဆေးပညာ ဘာသာရပ်သည် မြန်မာကျောင်းသားများအတွက် စိတ်ဝင်စားမှု ဦးစားပေးနေရာတွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

ကွန်ပျူတာ ဘာသာရပ်

အိုင်စီတီခေတ်ကြီးတွင် ကွန်ပျူတာဘာသာရပ်သည် မြန်မာကျောင်းသားများ၏ ဦးစားပေး လေ့လာသင်ယူစရာ ဘာသာရပ်အဖြစ် အလျင်အမြန် ရောက်ရှိလာသည်။ နိုင်ငံတကာ အိုင်စီတီ စီးပွားရေး အဆောက်အအုံ ကြီးထွားလာမှုနှင့်အတူ ပြည်တွင်း အိုင်စီတီ လုပ်ငန်းများလည်း ဖွံ့ဖြိုးလာရာ ကွန်ပျူတာ သင်တန်းကျောင်းများတွင် ပညာသင်ယူသော ကျောင်းသားဦးရေ သိသိသာသာ မြင့်တက်လာခဲ့သည်။ ပြည်တွင်းရှိ ပုဂ္ဂလိက သင်တန်းကျောင်းများတွင် ကွန်ပျူတာ သင်တန်းကျောင်းများက အင်အားအကြီးမားဆုံး ဖြစ်နေပြီး နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့များကိုပင် ရရှိနိုင်ပြီ ဖြစ်သည်။အမေရိကန်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများ၌ သွားရောက် ပညာသင်ယူသူများတွင် ကွန်ပျူတာ ဘာသာရပ်သည် ထိပ်တန်းနေရာတွင် ရှိနေကြောင်း နိုင်ငံတကာ ပညာရေး အကြံပေးများက ဆိုသည်။

စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်

ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်မည့်သူများ၊ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီကြီးများ၏ ရာထူးနေရာကြီးကြီးတွင် ဝင်ရောက် လုပ်ကိုင်လိုသူများနှင့် လုပ်ငန်းခွင် အရည်အသွေး မြှင့်တင်ရန် ရည်ရွယ်သူများအတွက် စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်က လူကြိုက်များလာသည်။ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ စီမံခန့်ခွဲမှု ပညာရပ်က ခေါင်းဆောင်မှု နေရာ ယူထားသူများအတွက် မရှိမဖြစ် လိုအပ်သော အရည်အချင်း ဖြစ်လာနေသည်။ အစိုးရ စီးပွားရေး တက္ကသိုလ်၊ ကောလိပ်များတွင် စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်သည် ဦးစားပေးနေရာ ရောက်လာသလို ပုဂ္ဂလိက စီးပွားရေး သင်တန်းကျောင်းများတွင်လည်း သင်တန်းသားဦးရေ တိုးပွားလာနေသည်။ ထို့ပြင် စင်ကာပူ၊ မလေးရှား၊ ဗြိတိန်နိုင်ငံတို့သည် မြန်မာကျောင်းသားများ စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ် သွားရောက် သင်ယူနေသော နေရာများ ဖြစ်လာသည်။ လက်ရှိနိုင်ငံ၏ စီးပွားရေး အပြောင်းအလဲ မူဝါဒနှင့်အတူ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ဝင်ရောက်လာဖွယ် ရှိနေသလို ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၏ ဖွဲ့စည်းလုပ်ကိုင်မှုပုံစံ ပြောင်းလဲလာနိုင်ခြေက စီးပွားရေးစီမံခန့်ခွဲမှု ပညာ သင်ယူထားသူတို့အတွက် အခွင့်အလမ်းများ ဖြစ်လာနိုင်သလို အဆိုပါ ဘာသာရပ် သင်ယူရန် စိတ်ဝင်စားသူဦးရေ ဆက်လက် မြင့်တက်ဖွယ် ရှိနေသည်။

စာရင်းကိုင် ဘာသာရပ်

စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတိုင်းတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းကြောင့် မြန်မာမိန်းကလေး အများစု လေ့လာသင်ယူသော ဘာသာရပ် ဖြစ်သည်။ ယူကေအသိအမှတ်ပြု စာရင်းကိုင် ဘာသာရပ်ဆိုင်ရာ LCCI စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ အရေအတွက်သည် နှစ်စဉ်မြင့်တက်နေပြီး ၂၀၁၁ ခုနှစ်အတွင်း ဝင်ရောက်ဖြေသူ တစ်သောင်းနှစ်ထောင်ကျော် ရှိခဲ့သည်။ စီးပွားရေး လုပ်ငန်းများ၏ ငွေစာရင်းဌာနတွင် ဝင်ရောက်လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် စာရင်းကိုင်ပညာ သင်ယူသော အရွယ်စုံ မိန်းကလေးများကို စာရင်းကိုင် သင်တန်းကျောင်းများတွင် ပြည့်နှက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ဟိုတယ်ဝန်ဆောင်မှု ဘာသာရပ်

ကြော်ငြာအား ကောင်းကောင်းဖြင့် သင်တန်းခြောက်လ၊အလုပ်သင် ခြောက်လဆိုကာ စင်ကာပူနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း မျှော်လင့်၍ ဟိုတယ်ဝန်ဆောင်မှု သင်တန်းများကို တစ်ချိန်က အပြိုင်အဆိုင် တက်ခဲ့ကြဖူးသည်။ ယခုလည်း ဒူဘိုင်း၊ ယူအေအီး စသည့် အရှေ့အလယ်ပိုင်း ဒေသမှ ဟိုတယ်ဝန်ထမ်း လိုအပ်ချက်ကြောင့် ဟိုတယ်ဝန်ဆောင်မှု ဘာသာရပ်ကို သင်ယူပြီး အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေကြသည်။ ပြည်တွင်း၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်မှုကြောင့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းများကို တက်ရောက်နေကြသည်။ ကိုယ်ပိုင်စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်း တည်ထောင်လိုသူများ ဟိုတယ် ဝန်ဆောင်မှု သင်တန်းများကို တက်ရောက်ကြသည်။

သူနာပြုနှင့် ဆေးဝါးကျွမ်းကျင်မှု ဘာသာရပ်

အလုပ်အကိုင် အခွင့်အလမ်း ပေါများမှုကြောင့် နယ်က တက်လာသူများ ရွေးချယ် သင်ယူကြသော ဘာသာရပ်မှာ သူနာပြုနှင့် ဆေးဝါးကျွမ်းကျင်မှု ဘာသာရပ်တို့ဖြစ်သည်။ ဆေးဆိုင်ဖွင့်လှစ်ရန် ကြံရွယ်နေသူများ၊ ဆေးကုမ္ပဏီများတွင် ဝင်ရောက် လုပ်ကိုင်လိုသူများအတွက် ဆေးဝါးကျွမ်းကျင်မှု သင်တန်းရှိနေသည်။ ပုဂ္ဂလိက ဆေးရုံများနှင့် အိမ်တိုင်ရာရောက် ပြုစုခြင်းတို့အတွက် သူနာပြုသင်တန်း ရှိနေသည်။ အလုပ်အကိုင် ရရှိမှု လွယ်ကူခြင်းနှင့် ပညာအရည်အချင်း ကန့်သတ်မှု ရှိမနေခြင်းသည် သင်တန်းသားဦးရေကို တိုးပွားစေလျက် ရှိသည်။ ကမာရွတ်၊ လှည်းတန်းနှင့် မြေနီကုန်း ဝန်းကျင်သည် သူနာပြုနှင့် ဆေးဝါးကျွမ်းကျင် သင်တန်းတက်ရောက်ရန် နယ်မှ တက်လာသူတို့အတွက် အဓိကအားထားရာ ဖြစ်လာနေသည်။ မြန်မာကျောင်းသားများကြား ပေါ်ပြူလာဖြစ်နေသော ဘာသာရပ်များသည် အလုပ်အကိုင် အခွင့်အလမ်း ဖြစ်တည်မှုကို အခြေတည်နေသည်။ ကျောင်းသားများ ဘာသာရပ် ရွေးချယ်ရာတွင်လည်း ဝါသနာ အခြေခံ ဆုံးဖြတ်ခြင်းထက် ပတ်ဝန်းကျင် စေ့ဆော်မှုကို အခြေခံနေသည်။ လက်ရှိအချိန်တွင် မြန်မာကျောင်းသားများ၏ ဘာသာရပ် ရွေးချယ်မှုသည် ပြည်ပအလုပ်အကိုင် အခွင့်အလမ်း ဖြစ်တည်မှုထက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်မှုကို ဦးတည်လာနေကြောင်း ပညာရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
news.yatanarpon.com.mm
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map